မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံမှာ အိမ်ခြံမြေဝယ်ယူမှုပိုများလာ
************************
သံလွင်ခက်
မတ် ၅၊ ၂၀၂၄။
ပြည်တွင်းမငြိမ်သက်မှုအခြေအနေများကြောင့် ထိုင်းနိုင်ငံကိုရွှေ့ပြောင်းလာနေကြသည့် မြန်မာရွှေ့ပြောင်းများစွာ တွင် ချမ်းသာသူများလည်းပါဝင်နေကြပြီး ၎င်းတို့သည် ထိုင်းနိုင်ငံတွင် အိမ်ခြံမြေဝယ်ယူမှု ပိုမိုများပြားလာနေသည် ဟု The Nation ၏ဖော်ပြချက်အရသိရသည်။
ထိုင်းအစိုးရအိမ်ရာဘဏ်နှင့် အိမ်ခြံမြေရောင်းဝယ်ရေး သတင်းအချက်အလက်စင်တာ (REIC) ၏အရာရှိဖြစ်သူ ဝီချိုင်း ဝီရတ်ကာပန် က မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံတွင် အိမ်ခြံမြေဝယ်ယူမှု သိသိသာသာမြင့်တက်လာနေ သည် ဟုပြောသည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသားများ တတိယနိုင်ငံသို့သွားရောက်နေထိုင်ခြင်းမပြုမီ ခေတ္တခိုလှုံရာ ဗဟိုချက်လည်း ဖြစ်သဖြင့် ထိုင်းနိုင်ငံ၏အိမ်ခြံမြေဈေးကွက်သည်လည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အရေးများ ပေးလေ့ရှိသည်။
မြန်မာနိုင်ငံသားအများစုသည် ထိုင်းနိုင်ငံရှိ ကြီးမားသောအဆင့်မြင့်အိမ်ရာများကို ဝယ်ယူနေထိုင်လေ့ရှိသည်ဟု ဝီချိုင်း ကပြောသည်။
“ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံကချမ်းသာသူတွေဟာ ထိုင်းနိုင်ငံရဲ့အိမ်ခြံမြေတွေကို ဝယ်ယူမှုပိုများလာတယ်။ အထူးသဖြင့် အဆင့်မြင့်ကွန်ဒိုတိုက်ခန်းတွေဝယ်ယူမှု ပိုပြီးများလာတယ်”ဟု ပြောသည်။
“၂၀၂၁ ခုနှစ်တုန်းကတော့ ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေဝယ်ယူမှု ထိပ်တန်း ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံမပါသေး ဘူး။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာတော့ အိမ်ခြံမြေဝယ်ယူမှုတွေသိသိသာသာမြင့်တက်လာတဲ့အတွက် ပြောင်းလဲလာ တဲ့အခြေအနေတွေက မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှုကိုထင်ဟပ်စေပါတယ်” ဟု ၎င်းကဆိုသည်။
ကိန်းဂဏန်းအချက်အလက်များအရ မြန်မာနိုင်ငံသားများ၏ဝယ်ယူမှုများ သိသိသာသာမြင့်တက်လာခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း ဘတ် ၃ ဒဿမ ၃၇ ဘီလီယံတန်ဖိုးရှိ အိမ်အလုံးရေ ၅၆၄ လုံးဝယ်ယူခဲ့သည်ဟု The Nation ကဖော်ပြသည်။
၂၀၂၁ ခုနှစ်အတွင်းဝယ်ယူမှုက ၃၀ သာရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၃၄၉ ရှိခဲ့ရာက ၂၀၂၃ ခုနှစ်မှာတော့ ဝယ်ယူမှုအရေ အတွက်က သိသိသာသာမြင့်တက်လာခဲ့သည်။
ထိုသို့မြင့်တက်လာရခြင်းမှာလည်း မြန်မာနိုင်ငံရှိ ငွေကြေးတတ်နိုင်သူမိဘများက ၎င်းတို့၏ကလေးများအား ထိုင်းနိုင်ငံတွင်ပညာသင်ကြားရန် စေလွှတ်ခြင်းများကြောင့်လည်းဖြစ်နိုင်သည်ဟု The Nation ကဆိုသည်။
ကိန်းဂဏန်းများအရဆိုလျှင်မူ ၂၀၂၂ ခုနှစ်ကစ၍ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံတွင် တတိယအကြီးမားဆုံး အိမ်ခြံမြေဝယ်ယူသူများဖြစ်လာပြီး တရုတ်နှင့် ရုရှားတို့ထက်ပင် သာလွန်နေပါသည်။
ပို၍သတိပြုစရာမှာ မြန်မာနိုင်ငံသားများ၏ အိမ်ဝယ်ယူမှုများအတွက်အသုံးပြုငွေက တစ်နှစ်ပျမ်းမျှ ထိုင်းဘတ်ငွေ ၆ ဒဿမ ၅ သန်းရှိနေပြီး တရုတ်နှင့် ရုရှားဝယ်လက်များထက်ပင် သာလွန်နေခြင်းပင်။
ထိုင်းနိုင်ငံတွင် ဝယ်လိုအားမြင့်တက်နေသောနေရာများက ဘန်ကောက်၊ ဖူးခက်နှင့် ချင်းမိုင် တို့ဖြစ်သည်ဟု Colliers Thailand ၏ လက်ထောက်မန်နေဂျာနှင့် ပရောဂျက်ဖွံ့ဖြိုးတိုးတက်ရေးအတိုင်ပင်ခံ ကာလ်လို ပေါ့ဘ်ရီ က ပြောသည်။
Ref: The Nation
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3625
YouTube – > https://youtu.be/M_6Wem4Ju9k?si=hD_KqRB2lEvj95D8
Website – > https://thanlwinkhet.net/?p=8101