![]()
မူယန်း/ဧပြီ ၁၀။
ဝါရင့်သတင်းစာဆရာနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်း “အင်္ကျီပြာလှုပ်ရှားမှု” (Blue Shirt Campaign) ကို ယနေ့ ဧပြီလ (၁၀) ရက်နေ့တွင် စတင်လိုက်ပြီဖြစ်သည်။
အဆိုပါ လှုပ်ရှားမှုကို (၁၂) ရက်တိုင်တိုင် ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွတ်မြောက်ရေးအတွက် ရည်ရွယ်တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။
လှုပ်ရှားမှု၏ ရည်ရွယ်ချက်နှင့် အင်အားစုများ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အကျဉ်းထောင်အတွင်း၌ပင် အပြာရောင်အင်္ကျီဝတ်ဆင်ကာ အလျှော့မပေးဘဲ တိုက်ပွဲဝင်ခဲ့သည့် ဦးဝင်းတင်၏ စိတ်ဓာတ်ကို အလေးအမြတ်ပြုသောအားဖြင့် ယခုလှုပ်ရှားမှုကို ဆောင်ရွက်ခြင်းဖြစ်သည်။
အဆိုပါလှုပ်ရှားမှုကို ၇၄/၇၅/၇၆ နိုင်ငံရေးအင်အားစု၊ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)၊ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အပါအဝင် မဟာမိတ်အဖွဲ့အစည်းပေါင်း (၃၀) ကျော်က စုပေါင်းတိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက “လက်ရှိမှာ အဖွဲ့အစည်း ၃၀ ကျော် ပါဝင်ထားပြီး နောက်ထပ် အင်အားစုတွေ ပါဝင်လာဖို့လည်း ချိတ်ဆက်နေပါတယ်။ ဒီကမ်ပိန်းကို နှစ်စဉ်ပြုလုပ်သွားမှာဖြစ်သလို၊ တော်လှန်ရေးကာလအပြီးအထိ နိုင်ငံရေးအကျဉ်းသားတွေအတွက် ရေရှည်စီမံကိန်းတွေလည်း ချမှတ်ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု သံလွင်ခက်ကို ပြောကြားသည်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် နိုင်ငံသားအားလုံး လွတ်မြောက်ရေးတွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် အဓိကကျသော အစိတ်အပိုင်းဖြစ်သောကြောင့် ပြည်သူလူထုအနေဖြင့် အပြာရောင်အဝတ်အစားများ ဝတ်ဆင်ကာ ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုများကို “Blue Shirt Campaign” ဟက်ရှ်တဂ် (#) များဖြင့် လူမှုကွန်ရက်တွင် မျှဝေကြရန် တိုက်တွန်းထားသည်။
“ပြည်သူတွေရဲ့ ပါဝင်မှုက ထောင်ထဲကသူတွေအတွက် စာအုပ်ဖတ်တာ ဒါမှမဟုတ် စကားဝိုင်းတွေလုပ်တာထက် ပိုပြီး ခွန်အားဖြစ်စေပါတယ်။ အပြင်မှာ ငါတို့အတွက် လှုပ်ရှားနေသူတွေ ရှိပါလားဆိုတဲ့ အသိက အမှောင်ဆုံးအချိန်မှာ အလင်းရောင်တွေ့ရသလိုပါပဲ” ဟု မရောင်နီလင်းက ဆိုသည်။
လုံခြုံရေးဆိုင်ရာ သတိပေးချက် စစ်ကော်မရှင်၏ ဖိနှိပ်မှုများရှိနေသည့် မြေပြင်တွင် လှုပ်ရှားသူများအနေဖြင့် လုံခြုံရေးကို အထူးဂရုပြုရန် လိုအပ်ကြောင်း၊ ဘေးကင်းလုံခြုံမှုအတွက် မျက်နှာကို Mask (နှာခေါင်းစည်း) တပ်ခြင်း၊ A4 စာရွက်ဖြင့် ကာကွယ်ခြင်း သို့မဟုတ် ဗီဒီယို/ဓာတ်ပုံများတွင် မျက်နှာကို ဝါး (Blur) ထားခြင်းဖြင့် ပါဝင်နိုင်ကြောင်း စီစဉ်သူများက အကြံပြုထားသည်။
ဟံသာဝတီ ဦးဝင်းတင်သည် ၂၀၁၄ ခုနှစ်၊ ဧပြီလ (၂၁) ရက်နေ့တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်သည် (၁၂) နှစ်ပြည့်မြောက်သည့် နှစ်ဖြစ်သည်။
၎င်းသည် အကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက်တွင်လည်း “နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး” ဟူသော ရပ်တည်ချက်ဖြင့် ကွယ်လွန်ချိန်အထိ အပြာရောင်အင်္ကျီကိုသာ ဝတ်ဆင်သွားခဲ့သူဖြစ်သည်။
#BlueShirtCampaign #ThanLwinKhet
