ကချင်ပြည်နယ်က စစ်ကောင်စီ ဗျူဟာကုန်းကို KIA၊ ပူးပေါင်းတပ် သိမ်းပိုက်
************************
ထွယ်
မတ် ၄၊ ၂၀၂၄။
ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မဂျီဂုံကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ဗျုဟာကုန်းရှိ တပ်စခန်း ၃ ခုကို ကချင်လွတ်မြောက်ရေးတပ် – KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့ ၃ ရက်တာ တိုက်ပွဲဖြစ်ပွားပြီးနောက် ယမန်နေ့ ညနေ ၃ နာရီခွဲခန့်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု KIA ရှေ့တန်းသတင်းရင်းမြစ် ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “၃ နေရာလုံးသိမ်းနိုင်တာ ဟုတ်တယ်။ အမြောက်အကြီးလည်း သိမ်းနိုင်တယ်။ ကျည်နဲ့ သိမ်းရတဲ့ သေနတ်တွေက စီစစ်နေတုန်းပဲ” ဟု ပြောသည်။
စစ်ကောင်စီ၏ အဆိုပါ တပ်စခန်းကို မတ်လ ၁ ရက် နံနက် ၆ နာရီခွဲခန့်တွင် ကချင်လွတ်မြောက်ရေးတပ် – KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း KIA ဗိုလ်တစ်ဦး ကျဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည်ဟု ၎င်းက ဆက်ပြောသည်။
တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီတပ်က လေကြောင်းဖြင့် အကြိမ်ကြိမ် ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များထံကသိရသည်။
မံစီမြို့နယ်၊ မဂျီဂုံကျေးရွာသည် ကချင်လွတ်မြောက်ရေးတပ် KIA ၏ တပ်မဟာ ၃၊ တပ်ရင်း ၂၇ တည်ရှိရာ ဒေသဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် KIA တို့ တစ်ကြော့ပြန်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ၂၀၁၂၊ ၂၀၁၃ ခုနှစ်တွင် ဝင်ရောက်တပ်စွဲခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဗျူဟာကုန်းတွင် တပ်စခန်း ၃ ခုရှိသည်ဟုလည်း KIA သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီ၏ မဂျီဂုံတပ်စခန်း ၃ ခုတွင် စစ်ကောင်စီအင်အား ၂၀၀ ကျော်ရှိပြီး ၎င်းတို့စခန်းကို ယမန်နေ့ညနေက စွန့်ခွာသွားကာ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယနေ့နံနက်ထိ ရှင်းလင်းရေးများပြုလုပ်နေဆဲဖြစ်သည်ဟု ရှေ့တန်းကာကွယ်ရေးတပ်ဖွဲ့ဝင်ထံက သိရသည်။
မဂျီဂုံကျေးရွာသည် မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာနှင့် မိုင် ၃၀ ခန့်ဝေးပြီး ယခုချိန် မဂျီဂုံကျေးရွာနှင့် အနီးနားက ကျေးရွာဒေသခံများ မိုင်းခေါင်ကျေးရွာသို့ သွားရောက်ခွင့်ကို KIA တပ်ဖွဲ့ဝင်များက မံစီမြို့နယ်၊ ဂျေဆွမ်းကျေးရွာတွင် ပိတ်ထားလျက်ရှိသည်ဟု ဒေသခံအမျိုးသမီး ၁ ဦးက ပြောသည်။
၎င်းက “မဂျီဂုံက သူ (စစ်ကောင်စီတပ်ဖွဲ့ဝင်) တွေ အကုန်လုံးပြန့်ပြီး ဘယ်ရောက် ဘယ်ပေါက်မှန်းမသိသေးတော့ မိုင်းခေါင်ဘက်ကို ဆင်းလာမယ့်သူတွေကို လမ်းပိတ်ထားတယ်။ လမ်းမှာတွေ့ကြရင် ဒုက္ခရောက်မှာ စိုးလို့ဖြစ်မယ်။ ဖြစ်လာရင် ခက်တယ်လေနော်” ဟု ပြောသည်။
မဂျီဂုံကျေးရွာအနီးရှိ ဂရှက်ကျေးရွာ (လီဆူကျေးရွာ)၊ ဝလူပါကျေးရွာ အပါအဝင် ခူးဘွမ်ကျေးရွာနှင့် အနီးအနားက ကျေးရွာဒေသခံများသည် မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာနှင့် မံစီမြို့ အပါအဝင် ဗန်းမော်မြို့သို့ ၂၀၁၄ ခုနှစ်ကတည်းကပင် တိုက်ပွဲတိမ်းရှောင်နေကြပြီး ဖြစ်သည်။
အချို့ဒေသခံများသည် နေရပ်ပြန်ကာ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နေကြသော်လည်း အများစုက ယနေ့ချိန်ထိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြဆဲဖြစ်သည်။
ကချင်ပြည်နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ကချင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ် နှစ်စကတည်းစ၍ တိုက်ပွဲများ အပြင်းအထန်ဖော်ဆောင်နေကာ မံစီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ ဗျူဟာတပ်စခန်းကို ၃ ရက်တာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့ကလည်း မံစီမြို့နဲ့ မန်ဝိန်းကြားရှိ (ဒေသအခေါ်) ဘလောင်ဒိန်ဆာ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ခဲ့သည်။
ထို့ပြင် ဇန်နဝါရီ ၂၉ ရက်၌လည်း မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ကိုက်ထိပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဇန်နဝါရီ ၁၉ ရက်နေ့တွင် မံဝိန်းကြီးကျေးရွာအနီးရှိ ဂေါင်ငူယာန်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3618
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=8095