![]()
သံလွင်ခက်/ဧပြီ ၁၁။ ပုံ – No.1 Battalion, People’s Defence Force, Magway District
မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကုန်းကြီးပျူစောထီးရွာရှိ စစ်ကော်မရှင်၏ ရှေ့ကာကင်းပွိုင့်တစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကော်မရှင်ဘက်မှ သုံးဦး သေဆုံးခဲ့ကြောင်း မကွေးခရိုင် အမှတ် ၁ တပ်ရင်းထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီ ၉ ရက် နံနက် ၅ နာရီအချိန်တွင် မကွေးခရိုင် အမှတ် ၁ တပ်ရင်းနှင့် အမှတ် ၃ တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ကုန်းကြီးရွာရှိ စစ်ကော်မရှင်အခြေစိုက်စခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များအပြင် ဒရုန်းဗုံးသီးများဖြင့်ပါ စတင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း တော်လှန်ရေးရှေ့ပြေးတပ်ဖွဲ့များသည် ကုန်းကြီးပျူရွာအတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။ ထို့နောက် ကင်းလှည့်နေသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦးကို အနီးကပ်တိုက်ခိုက်နိုင်ခဲ့သည်။
ထို့ပြင် ကျေးရွာတောင်ဘက်ရှိ စစ်ကော်မရှင်၏ အရေးပါသော ရှေ့ကာကင်းပွိုင့်တစ်ခုကိုလည်း စီးနင်းသိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ ယင်းစီးနင်းမှုအတွင်း သေနတ် နှစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။
ထိုတိုက်ပွဲသည် ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များက စစ်ရေးအရ အသာစီးရရှိခဲ့သော်လည်း ကျေးရွာအတွင်း ကျန်ရှိနေသော စစ်သားများက အရပ်သားပြည်သူများနှင့် ရောထွေးနေခဲ့သည်ဟု သိရသည်။

ထို့ကြောင့် စစ်ရေးပစ်မှတ်နှင့်မသက်ဆိုင်သော ပြည်သူများ ထိခိုက်မှုမရှိစေရန် တော်လှန်ရေးတပ်ဖွဲ့များက စစ်သည်တော်ကျင့်ဝတ်နှင့်အညီ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကော်မရှင်ဘက်မှ သုံးဦး သေဆုံးခဲ့သည်ကို တွေ့မြင်ခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုထားသည်။ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်တစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရဟု သိရသည်။
#ချောက် #စစ်တပ် #ကာကင်းပွိုင့် #ThanLwinKhetNews
