![]()
သံလွင်ခက်/ဧပြီ ၁၀
ယူဂန်ဒါနိုင်ငံရှိ ကီဘာလီ (Kibale) အမျိုးသားဥယျာဉ်အတွင်း နေထိုင်သော ကမ္ဘာ့အကြီးဆုံး တောရိုင်းချင်ပန်ဇီအုပ်စုကြီးသည် တစ်အုပ်စုတည်းအဖြစ် ဆယ်စုနှစ်များစွာ အတူယှဉ်တွဲနေထိုင်ရာမှ နှစ်ဖွဲ့ကွဲကာ အချင်းချင်း ပြန်လည်တိုက်ခိုက်ကြသည့် “ပြည်တွင်းစစ်” တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။
ဤဖြစ်စဉ်သည် တိရစ္ဆာန်လောကတွင် တွေ့ရခဲပြီး လူသားတို့၏ ပဋိပက္ခသဘောသဘာဝနှင့် ဆင်တူနေသဖြင့် ပညာရှင်များအကြား စိတ်ဝင်စားမှု မြင့်တက်လျက်ရှိသည်။
၂၀၁၅ ခုနှစ် ဇွန်လ၏ နေ့တစ်နေ့တွင် လူဝါနို့မျိုးနွယ်စုဆိုင်ရာ ပညာရှင် (Primatologist) အာရွန် ဆန်းဒဲလ် (Aaron Sandel) သည် ယူဂန်ဒါနိုင်ငံ၊ ကီဘာလီအမျိုးသားဥယျာဉ်ရှိ ‘ငိုဂို’ (Ngogo) ချင်ပန်ဇီအုပ်စုကို လေ့လာနေစဉ် ထူးဆန်းသော အပြုအမူတစ်ခုကို သတိပြုမိခဲ့သည်။

အုပ်စုဝင်အချင်းချင်း တောအုပ်အတွင်း နီးကပ်လာချိန်တွင် ရှေ့ဆုံးမှ ချင်ပန်ဇီများသည် စိုးရိမ်ထိတ်လန့်သည့် လက္ခဏာများ ပြသလာကြသည်။
၎င်းတို့သည် ရင်းနှီးပြီးသား အဖော်များထက် သူစိမ်းများနှင့် တွေ့ဆုံရတော့မည့်အလား တစ်ကောင်နှင့်တစ်ကောင် ဖက်တွယ်အားပေးခြင်း၊ မျက်နှာပျက်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
ယင်းဖြစ်ရပ်သည် တစ်ချိန်က အလွန်စည်းလုံးခဲ့သော ချင်ပန်ဇီအုပ်စုကြီးအတွင်း နှစ်ရှည်လများ ကြာမြင့်မည့် သွေးထွက်သံယို ပဋိပက္ခ၏ အစပျိုးမှုဖြစ်ကြောင်းကို ဆန်းဒဲလ်က နောက်ပိုင်းတွင်မှ သဘောပေါက်ခဲ့သည်။
ယခုအပတ်တွင် ထွက်ပေါ်လာသည့် Science သိပ္ပံဂျာနယ်ပါ အစီရင်ခံစာတွင် ဆန်းဒဲလ်နှင့် လုပ်ဖော်ကိုင်ဖက်များက တောရိုင်းချင်ပန်ဇီများအကြား ပထမဆုံးအကြိမ် မျက်မြင်တွေ့ရှိခဲ့ရသည့် “ပြည်တွင်းစစ်” ကို မှတ်တမ်းတင်ဖော်ပြခဲ့သည်။
ချင်ပန်ဇီများသည် အပြင်လူ သို့မဟုတ် အခြားအုပ်စုဝင်များကို တိုက်ခိုက်သတ်ဖြတ်လေ့ရှိသော်လည်း၊ ယခုကဲ့သို့ တစ်အုပ်စုတည်းသားအချင်းချင်း ပြန်လည်တိုက်ခိုက်သည့်ဖြစ်စဉ်မှာ အသစ်အဆန်းဖြစ်ပြီး လူသားတို့၏ အပြုအမူနှင့် များစွာတူညီနေသည်။

“အိမ်နီးချင်းအချင်းချင်း ပြန်သတ်ကြတဲ့ဖြစ်ရပ်က ပိုပြီးစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသလို၊ တစ်ဖက်မှာလည်း လူသားတွေရဲ့ သဘာဝနဲ့ ပိုနီးစပ်သွားပါတယ်။ တစ်ဖက်မှာ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်သလို၊ နောက်တစ်ဖက်မှာလည်း ဘယ်လိုကြောင့် ရုတ်တရက် ရန်သူတွေဖြစ်သွားရသလဲဆိုတဲ့ မေးခွန်းက စိတ်ဝင်စားစရာပဲ” ဟု ဆန်းဒဲလ်က ဆိုသည်။
၎င်းက လူသားတို့၏ ပြည်တွင်းစစ်များတွင် တွေ့ရလေ့ရှိသော အုပ်စုကွဲထွက်မှုနှင့် ပြောင်းလဲလာသော အခြေအနေများသည် အခြားတိရစ္ဆာန်လောကတွင် တွေ့ရခဲသော်လည်း ချင်ပန်ဇီများတွင်မူ ထပ်တူကျနေကြောင်း ဖြည့်စွက်ပြောကြားသည်။
သုတေသနပညာရှင်များသည် ဤချင်ပန်ဇီအုပ်စုကြီး၏ အပြုအမူကို ဆယ်စုနှစ်သုံးခုကျော်ကြာ စောင့်ကြည့်ခဲ့ကြခြင်းဖြစ်သည်။
၁၉၉၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ စည်းလုံးညီညွတ်ခဲ့သော အဆိုပါအုပ်စုသည် ၂၀၁၈ ခုနှစ်အရောက်တွင် ‘အနောက်အုပ်စု’ နှင့် ‘အလယ်ပိုင်းအုပ်စု’ ဟူ၍ နှစ်ဖွဲ့ လုံးဝကွဲထွက်သွားခဲ့သည်။
၎င်းနောက် ၇ နှစ်တာကာလအတွင်း အနောက်အုပ်စုက အလယ်ပိုင်းအုပ်စုအပေါ် စနစ်တကျစီစဉ်ထားသည့် တိုက်ခိုက်မှုပေါင်း ၂၄ ကြိမ် ပြုလုပ်ခဲ့ပြီး အနည်းဆုံး အထီးကြီး ၇ ကောင်နှင့် အကောင်ပေါက် ၁၇ ကောင်ကို သတ်ဖြတ်ခဲ့သည်။
ဤကဲ့သို့သော ပြည်တွင်းစစ်မျိုး ၁၉၇၀ ပြည့်လွန်နှစ်များက တန်ဇန်းနီးယားနိုင်ငံ၊ ဂွန်ဘီ (Gombe) ဒေသရှိ ချင်ပန်ဇီအုပ်စုတွင်လည်း ဖြစ်ပွားခဲ့ဖူးသည်ဟု ပညာရှင် ဂျိန်းဂူးဒေါလ် (Jane Goodall) က ယူဆခဲ့ဖူးသည်။
သို့သော် ထိုစဉ်က ချင်ပန်ဇီတို့၏ အပြုအမူဆိုင်ရာ အသိပညာမှာ ယခုလောက် မကျယ်ပြန့်သေးသဖြင့် ယင်းဖြစ်စဉ်၏ ထူးခြားမှုကို အပြည့်အဝ နားမလည်ခဲ့ကြပေ။
‘ငိုဂို’ ချင်ပန်ဇီများ အုပ်စုကွဲရခြင်းမှာ ချင်ပန်ဇီတို့၏ အုပ်စုတွင်း သြဇာအာဏာ အဆင့်အတန်း(Social Hierarchies) ကြောင့်ဖြစ်နိုင်ကြောင်း ပညာရှင်များက သုံးသပ်သည်။
၂၀၁၅ ခုနှစ်အတွင်းက အုပ်စု၏ ထိပ်သီးခေါင်းဆောင် (Alpha male) သည် အခြားချင်ပန်ဇီတစ်ကောင်ထံ အရှုံးပေးသည့် အပြုအမူမျိုး ပြသခဲ့သလို၊ အုပ်စုအတွင်းရှိ သြဇာရှိသော အသက်ကြီးချင်ပန်ဇီအချို့ သေဆုံးသွားခြင်းကလည်း အုပ်စုဝင်များအကြား ဆက်ဆံရေးကို အားနည်းစေခဲ့သည်။
ထို့အပြင် ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရောဂါဘယ ကျရောက်မှုကလည်း အုပ်စုကွဲခြင်းကို ပိုမိုမြန်ဆန်စေခဲ့သည်။
ယခုဖြစ်ရပ်သည် မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိနေသည့် ချင်ပန်ဇီများအတွက် စိုးရိမ်စရာဖြစ်လာသည်။
မျိုးရိုးဗီဇဆိုင်ရာ အထောက်အထားများအရ ဤ “ပြည်တွင်းစစ်” မျိုးသည် နှစ်ပေါင်း ၅၀၀ လျှင် တစ်ကြိမ်သာ ဖြစ်ပွားလေ့ရှိသော်လည်း သစ်တောပြုန်းတီးခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ရောဂါဘယများကဲ့သို့သော လူသားတို့ကြောင့်ဖြစ်သည့် အကြောင်းရင်းများက ယခုကဲ့သို့ အုပ်စုတွင်း ပဋိပက္ခများကို ပိုမိုအဖြစ်များလာစေနိုင်ကြောင်း ဆန်းဒဲလ်က သတိပေးထားသည်။
ယူစီအယ်လ်အေ (UCLA) တက္ကသိုလ်မှ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ မနုဿဗေဒပညာရှင် ဘရိုင်ယန် ဝုဒ် (Brian Wood) ကလည်း “အနောက်အုပ်စုက ချင်ပန်ဇီတွေဟာ သူတို့ရဲ့ပြိုင်ဘက်တွေကို သုတ်သင်ခြင်းအားဖြင့် သူတို့မျိုးနွယ်ရှင်သန်နိုင်ခြေကို မြှင့်တင်ခဲ့ကြတာပါ။ အနောက်အုပ်စုရဲ့ အဆက်မပြတ် တိုက်ခိုက်မှုကို ခံရတဲ့ အလယ်ပိုင်းအုပ်စုဟာ အခုဆိုရင် တောရိုင်းချင်ပန်ဇီအုပ်စုတွေထဲမှာ ရှင်သန်နိုင်စွမ်း အနိမ့်ဆုံးအဆင့်ကို ရောက်သွားခဲ့ပြီ” ဟု မှတ်ချက်ပြုခဲ့သည်။
ကိန်းဘရစ်ချ်တက္ကသိုလ်မှ ပါမောက္ခ ဆယ်လ်ဗိန်း လီမွိုင်း (Sylvain Lemoine) ကလည်း ဤဖြစ်ရပ်သည် ချင်ပန်ဇီများအကြား ပြည်တွင်းစစ်ပွဲဟု သတ်မှတ်နိုင်သည့် ပထမဆုံးသော ပြည့်စုံသည့် မှတ်တမ်းဖြစ်ကြောင်းနှင့် အုပ်စုတစ်ခု၏ စည်းလုံးမှုမှာ မည်မျှလွယ်ကူစွာ ပြိုကွဲသွားနိုင်သည်ကို ပြသနေကြောင်း ပြောကြားခဲ့သည်။
Ref : Wild chimpanzees recorded waging ‘civil war’ with coordinated attacks between two groups (The Guardian)
