![]()
ခင်သရဖီဦး/ဧပြီ ၉
ရခိုင်ပြည်နယ်အတွင်း သင်္ကြန်ရုံးပိတ်ရက်ကာလ နီးကပ်လာသည်နှင့်အမျှ ငွေသားရှားပါးမှုပြဿနာ ပိုမိုဆိုးရွားလာပြီး ပြင်ပငွေလွှဲ/ငွေထုတ်လုပ်ငန်းများတွင် ဝန်ဆောင်ခနှုန်းထားများ ၅ ဆခန့်အထိ ခုန်တက်သွားကြောင်း ဒေသခံများထံမှ သိရသည်။
Kpay နှင့် Wave Money အစရှိသည့် မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုများမှတစ်ဆင့် ငွေသားထုတ်ယူရာတွင် ယခင်က ငွေကျပ်တစ်သိန်းလျှင် ဝန်ဆောင်ခ ၁,၀၀၀ ကျပ် (၁ ရာခိုင်နှုန်း) ခန့်သာ ရှိခဲ့သော်လည်း ယခုအခါ ၅,၀၀၀ ကျပ် (၅ ရာခိုင်နှုန်း) အထိ ပေးဆောင်နေရခြင်းဖြစ်သည်။
ယခုကဲ့သို့ ငွေသားလည်ပတ်မှု ပြတ်လတ်သွားရခြင်းမှာ သင်္ကြန်ကာလအတွင်း ကုန်သည်အများစု အရောင်းအဝယ်ရပ်နားလိုက်ခြင်းကြောင့် ဖြစ်သည်ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ ငွေလွှဲငွေထုတ်လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
“အရင်က ငွေတစ်သိန်းကို တစ်ထောင်ပဲရှိတာ။ အခုက ငါးထောင်ဖြစ်သွားပြီ။ ကျွန်တော်တို့ကိုယ်တိုင်လည်း တခြားလူတွေဆီကနေ ရာခိုင်နှုန်းပေးပြီး ငွေသားကို ပြန်ဝယ်နေရတာရှိတယ်” ဟု ၎င်းက ဆိုသည်။
ငွေထုတ်ခနှုန်းထားများ အဆမတန် မြင့်တက်လာခြင်းကြောင့် ကုန်သည်များနှင့် ဈေးသည်များသာမက နေ့စဉ်ဝင်ငွေအပေါ် မှီခိုနေရသည့် လက်လုပ်လက်စားများနှင့် လစာကို မိုဘိုင်းလ်ငွေကြေးစနစ်ဖြင့် ရယူနေရသည့် ဝန်ထမ်းများပါ အခက်အခဲနှင့် ရင်ဆိုင်နေရသည်။
NGO ဝန်ထမ်း အမျိုးသမီးတစ်ဦးက “ကျွန်မတို့က လစာကို Kpay ကတစ်ဆင့်ပဲ ရတာ။ အခုလို ထုတ်ခတွေ အဆမတန်တက်တော့ မထုတ်ချင်တော့ဘူး။ ဒါပေမဲ့ ငွေသားကလည်း လိုနေတော့ မတတ်နိုင်ဘဲ ပေးထုတ်နေရတာပဲ” ဟု ပြောသည်။
ထို့အပြင် စစ်ကော်မရှင် ထိန်းချုပ်ထားသော ဘဏ်လုပ်ငန်းယန္တရားများ ပုံမှန်လည်ပတ်နိုင်ခြင်း မရှိမှုနှင့်အတူ ဈေးဆိုင်အချို့က ဟောင်းနွမ်းနေသည့် ငွေစက္ကူများကို လက်မခံသည့် ပြဿနာများကလည်း ဒေသခံများအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်စေလျက်ရှိသည်။
အာရက္ခပြည်သူ့ တော်လှန်ရေး အစိုးရ အနေဖြင့် ယင်းငွေကြေးဈေးကွက် မတည်မငြိမ်မှုကို ကြပ်မတ်ဆောင်ရွက်မှုအချို့ ရှိနေသော်လည်း လက်တွေ့တွင် ထိရောက်သည့် ကိုင်တွယ်ဖြေရှင်းမှုမျိုး မတွေ့ရသေးသည့်အတွက် ပြည်သူလူထုကြား ဝေဖန်မှုများလည်း ရှိနေကြောင်း သိရသည်။
ဓါတ်ပုံ – သံလွင်ခက် ( ပုံဟောင်း )
