![]()
သံလွင်ခက် | သရော်စာ
လက်ရှိ ခေတ်ပျက်ကြီးထဲမှာ အသက်လည်းလုံခြုံ၊ ဝင်ငွေလည်းဖြောင့်ပြီး “လွတ်လပ်တဲ့ သတင်းစာဆရာကြီး” ဂုဏ်ပုဒ်ကိုပါ ဆက်လက်ထိန်းသိမ်းချင်ပါသလား။ လွယ်ပါတယ်။ ပြည်တွင်းအခြေစိုက် နိုင်ငံတကာ သတင်းဌာနကြီးတချို့နဲ့ နေပြည်တော်က သတင်းသမားဟောင်းကြီးအချို့ လက်တွေ့ကျင့်သုံးနေတဲ့ အောက်ပါ “ဘက်မျှလွန်းသော သတင်းကျင့်ဝတ် ၅ ချက်” ကိုသာ လိုက်နာကျင့်သုံးလိုက်ပါ။
ဒီအချက်တွေကို မင်းသားမလုပ်ရရင် ထိုးဖောက်တတ်တဲ့စစ်ခေါင်းဆောင်ရဲ့အလိုကျ အသံထွက်ပေးနေရတဲ့ ပတ်မကြီးတွေလည်း လက်တွေ့ကျင့်သုံးနေကြတာပါ။
အရင် NLD အစိုးရခေတ်တုန်းက ကင်မရာလွယ်ပြီး “အမေ” “အမေ” နဲ့ ထမင်းရည်ပူလောင်မတတ် ခေါ်ခဲ့တဲ့ လျှာတွေကို အခုအချိန်မှာ “အဘ” “အဘ” လို့ ပြောင်းလဲခေါ်ဝေါ်နိုင်စွမ်း ရှိရပါမယ်။ လူမှုကွန်ရက်ပေါ်မှာ စာတင်ရင်တော့ နောက်သလို ပြောင်သလိုနဲ့ “အဘကလည်းဗျာ” လို့ ရေးပါ။ ဒါမှ ပရိသတ်ကလည်း ရယ်စရာမှတ်ပြီး ဟိုဘက်ကလည်း ကိုယ့်လူဆိုပြီး သဘောကျမှာပါ။ သတင်းရေးတဲ့အခါမှာလည်း “စစ်ခေါင်းဆောင်” လို့ မသုံးဘဲ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်” ဆိုပြီး ဂုဏ်ပုဒ်တွေ အပြည့်အစုံတပ်ရေး၊ တပ်ပြောမှသာ အဆင့်မြင့် နိုင်ငံတကာ သတင်းသမား ပီသပါလိမ့်မယ်။
သတင်းသမားဆိုတာ ဘက်မလိုက်ရဘူးလေ။ ဒါကြောင့် အညာဒေသက မီးလောင်ပြင်တွေ၊ တိုင်းရင်းသားဒေသက လေကြောင်းဗုံးကြဲခံရမှုတွေနဲ့ တော်လှန်ရေးထဲက လူငယ်တွေရဲ့ အသံတွေကို သတင်းထဲ လုံးဝ(လုံးဝ)မထည့်ပါနဲ့။ သူတို့အသံတွေထည့်ရင် “သူပုန်ဘက် လိုက်ရာကျ” သွားပါလိမ့်မယ်။ ဘက်မျှသွားအောင်လို့ အဲဒီသတင်းတွေကို လုံးဝ ပါးစပ်ပိတ်ထားလိုက်တာက အလုံခြုံဆုံး ဘက်မျှခြင်းပဲ ဖြစ်ပါတယ်။
ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေ အကြောင်းကို မေ့ထားလိုက်ပါ။ ဒါတွေက အလုပ်ရှုပ်ပါတယ်။ အဲဒီအစား စစ်တပ်က ကျင်းပတဲ့ “လက်နက်စွန့် အလင်းဝင်ပွဲ” တွေကိုသာ ရှေ့ဆုံးတန်းကနေ ပြေးယူပါ။ အဲဒီပွဲက ဘားတန်းခိုပြ၊ ရေသန့်ဗူးလေးဆော့ပြပြီး အလင်းဝင်လာသူတွေကို ဇာတ်လမ်းဆင် အင်တာဗျူးလုပ်ပါ။ ဒါမှသာ စစ်တပ်ကချထားပေးတဲ့ သတင်းစာရှင်းလင်းပွဲမှာ ခုံအကောင်းစားနဲ့ ကော်ဖီသောက်ခွင့် ရမှာဖြစ်ပါတယ်။
ပြည်တွင်းမှာ နေရတာ သိပ်လွတ်လပ်ပါတယ်။ နေပြည်တော်က လမ်းမကျယ်ကြီးတွေပေါ်မှာ သတင်းထောက်ကတ် (Press ID)လေး လည်ပင်းဆွဲပြီး လမ်းလျှောက်ရတဲ့ အရသာကို ဘာနဲ့မှ မလဲနိုင်ပါဘူး။ သတင်းသွားယူစရာ နေရာမရှိရင်တောင် အဲဒီကတ်လေးဆွဲပြီး လုံခြုံရေးဂိတ်တွေကို ဖြတ်သွားရတာက သတင်းစာဆရာတစ်ယောက်ရဲ့ အမြင့်ဆုံး ဂုဏ်သိက္ခာပါပဲ။
နယ်စပ်နဲ့ ပြည်ပကနေ ဖော်ထုတ်ရေးသားနေတဲ့ မီဒီယာတွေက ကိုယ့်ရဲ့ လုပ်ရပ်တွေကို ထောက်ပြဝေဖန်လာပြီဆိုရင် ခပ်တည်တည်ပဲ တုံ့ပြန်ပါ။ “သူတို့က ပြည်တွင်းမှာ ငါတို့လို လွတ်လွတ်လပ်လပ် သတင်းမယူနိုင်တော့ မနာလိုဖြစ်ပြီး ပြောနေတာပါကွာ” လို့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်ပါ။ သွေးစွန်းနေတဲ့ အာဏာရှင်ဆီကနေ သတင်းအချက်အလက် ရယူနိုင်စွမ်းနဲ့ အာဏာရှင်အကြောင်းသိကောင်းစရာအဖြာဖြာရှင်းလင်းတင်ဆက်နေရတာ၊ အာဏာရှင်ထိုင်ခုံရောက်ပုံအဆင့်ဆင့်ပြောပြနေရတာကို “သတင်းထောက်ရဲ့ အရည်အချင်း” လို့ ဂုဏ်ယူလိုက်ပါ။
ကဲ . . . ဒီ ၅ ချက်ကိုသာ တိတိကျကျ လိုက်နာနိုင်မယ်ဆိုရင်တော့ သင်ဟာ အသက်အန္တရာယ်ကင်းကင်းနဲ့ စစ်အုပ်စုရဲ့ အချစ်တော်၊ ဘက်မျှလွန်းလှတဲ့ နေပြည်တော် သတင်းစာဆရာကြီးအဖြစ် အောင်မြင်စွာ ရပ်တည်နိုင်ပြီပဲ ဖြစ်ပါတော့တယ်။
