![]()
သံလွင်ခက်/ဧပြီ ၉။ ပုံ – နတ်မောက်ပြည်သူ့ကာကွယ်ရေးတပ် နတ်မောက်ပကဖ
မကွေးတိုင်း နတ်မောက်မြို့အရှေ့ခြမ်းတွင် စစ်ကော်မရှင်စစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား မိနစ် ၃၀ ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ရှစ်ဦး သေဆုံးခဲ့သည်ဟု နတ်မောက် ပြည်သူ့ကာကွယ်ရေးတပ် (ပကဖ) က ယမန်နေ့က ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဧပြီ ၈ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် လဲဘူးကျေးရွာနှင့် ကပေါင်းကုန်းကျေးရွာတို့မှ ပူးပေါင်းထွက်ခွာလာသည့် စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကုလားရှင်ကျေးရွာနှင့် ပုလင်းကျေးရွာအကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါထိတွေ့တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ ရှစ်ဦး မျက်မြင်သေဆုံးခဲ့သည်။ နတ်မောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ ဘက်မှလည်း ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်ဟု သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို နတ်မောက် ပကဖ နှင့် သရက်ခရိုင်တပ်ရင်း ၃ ငါးပြေမပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
စစ်ကြောင်းသည် အမှတ် ၁၇ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၁၇ မှ စစ်ကြောင်းဖြစ်သည်။ ၎င်းတို့သည် ပြီးခဲ့သည့် ဧပြီ ၁ ရက်ကလည်း တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
ယင်းဧပြီ ၁ ရက် တိုက်ပွဲတွင်လည်း စစ်ကော်မရှင်ဘက်မှ ၁၅ ဦးခန့် မျက်မြင် ထိခိုက်ကျဆုံးခဲ့သည်ဟု သိရသည်။
ပြည်သူများအနေဖြင့် စစ်ဆင်ရေးကာလအတွင်း စစ်ရေးသတိ၊ စစ်ရေးအသိဖြင့် နေထိုင်ကြရန် တိုက်တွန်းထားသည် ပြီးခဲ့သည့် ဧပြီ ၅ ရက်တွင် နတ်မောက် ပကဖ က သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် တိုက်ပွဲဖြစ်ပွားရာ ဧရိယာတစ်ဝိုက်တွင် မိုင်း၊ လက်နက်ကြီးနှင့် လေကြောင်းအန္တရာယ်တို့ကို အထူးဂရုပြု သွားလာကြရန် အသိပေးထားသည်။
#နတ်မောက်အရှေ့ခြမ်း #တိုက်ပွဲ #စစ်တပ်တပ်ဖွဲ့ဝင် #ThanLwinKhetNews
