![]()
သံလွင်ခက်/ဧပြီ ၆။ ပုံ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်၊အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို တွေ့ရစဉ်။ [ဓာတ်ပုံ – အဲလက်စ် ဘရန်ဒန် / ပူးလ် (ရိုက်တာမှတစ်ဆင့်)]
ကမ္ဘာ့ရေနံစိမ်းတင်ပို့မှု၏ အဓိကသွေးကြောဖြစ်သော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို သတ်မှတ်ရက်အတွင်း ပြန်လည်ဖွင့်လှစ်ခြင်း မရှိပါက ငရဲရောက်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို ခြိမ်းခြောက်လိုက်သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သော Truth Social တွင် ရေးသားရာ၌ သမ္မတထရမ့်က အီရန်၏ အရေးပါသော အခြေခံအဆောက်အအုံများကို ပစ်မှတ်ထား ချေမှုန်းမည်ဟု ဆိုသည်။
“အင်္ဂါနေ့ဟာ အီရန်အတွက် လျှပ်စစ်ဓာတ်အားပေးစက်ရုံနေ့နဲ့ တံတားနေ့တွေ ဖြစ်လာတော့မယ်။ အဲဒီလိုမျိုး တစ်ခါမှ ကြုံဖူးမှာမဟုတ်ဘူး။ အဲဒီရေလက်ကြားကို အခုချက်ချင်းဖွင့်လိုက်ကြ၊ မဟုတ်ရင် မင်းတို့ ငရဲရောက်သွားမယ်။ စောင့်ကြည့်နေလိုက်” ဟု ၎င်းက ရေးသားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်အချို့ကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ဘက်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။
သမ္မတထရမ့်သည် အဆိုပါရေလက်ကြားကို ပြန်ဖွင့်ရန် မတ်လ ၂၆ ရက်နေ့က ၁၀ ရက်တာ နောက်ဆုံးအချိန် (Deadline) သတ်မှတ်ပေးခဲ့သည်။
အီရန်အရာရှိများကမူ ထရမ့်၏ ခြိမ်းခြောက်မှုများကို ပြင်းထန်စွာ ရှုတ်ချလိုက်သည်။ ကုလသမဂ္ဂဆိုင်ရာ အီရန်သံရုံးက “အမေရိကန်သမ္မတဟာ အရပ်သားတွေ ရှင်သန်ရပ်တည်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးမယ်လို့ လူသိရှင်ကြား ထပ်မံခြိမ်းခြောက်နေပါတယ်။ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဒီလိုစစ်ရာဇဝတ်မှုတွေကို တားဆီးဖို့ တာဝန်ရှိပါတယ်” ဟု ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် အီရန်ရှိ တံတားများ၊ စာသင်ကျောင်းများနှင့် ဆေးရုံများ ထိခိုက်ပျက်စီးနေပြီဖြစ်သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် ကလည်း အီရန်ကို “ကျောက်ခေတ်သို့ ပြန်ရောက်သွားအောင် လုပ်ပစ်မည်” ဟု ပြီးခဲ့သည့်အပတ်က ပြောကြားခဲ့ဖူးသည်။
အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်မည့်အရေးကို စိုးရိမ်ခြင်းရှိမရှိ Wall Street Journal က မေးမြန်းရာတွင် သမ္မတထရမ့်က “မစိုးရိမ်ပါဘူး၊ သူတို့ကိုယ်တိုင်က ကျွန်တော်တို့ကို ဒါမျိုးလုပ်စေချင်နေတာ” ဟု တုံ့ပြန်ခဲ့သည်။
အခြားတစ်ဖက်တွင်လည်း အီရန်တောင်တန်းများအတွင်း ပစ်ချခံခဲ့ရသည့် F-15E တိုက်လေယာဉ်မှ ဒဏ်ရာရရှိထားသော အမေရိကန်လေယာဉ်မှူးကို ပြန်လည်ကယ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း သမ္မတက အတည်ပြုခဲ့ပြီး၊ လာမည့်တနင်္လာနေ့တွင် အိမ်ဖြူတော်၌ အထူးသတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားရန် စီစဉ်ထားသည်။
ရည်ညွှန်းကိုးကား – အယ်ဂျားဇီးယား
#ရေလက်ကြား #ငရဲရောက် #ထရမ့်ခြိမ်းခြောက် #ThanLwinKhetNews
