![]()
သံလွင်ခက်/ဧပြီ ၆။
ထိုင်း-မြန်မာနယ်စပ်ဖြစ်သော ကရင်ပြည်နယ် မြဝတီ-ဝေါလေလမ်းပိုင်းတွင် တိုက်ပွဲများပြင်းထန်နေသဖြင့် ထိုင်းနိုင်ငံ၏ လုံခြုံရေးဆောင်ရွက်နေသော နရဲစွမ် (Naresuan) တပ်ဖွဲ့မှူး ဗိုလ်ချုပ် ပရာဆန် ဟင်ပရာဆတ်(Maj. Gen. Prasan Henprasert) နှင့်အဖွဲ့သည် တာ့ခ်ခရိုင်၊ မဲဆောက်နှင့် ဖုတ်ဖရ မြို့နယ်တို့ရှိ နယ်စပ်တစ်လျှောက် လုံခြုံရေးလုပ်ငန်းစဉ်များကို သွားရောက်စစ်ဆေးခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ဆေးမှုကို ဧပြီလ ၅ ရက်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်ကို ရာ့ချ်မနူ(Ratchamanu)အထူးတပ်ဖွဲ့မှူး ဗိုလ်မှူးကြီး ချနာကန် ဆန်ဆွန်း၊ အမှတ် (၃၅) နယ်ခြားစောင့်တပ်ရင်းမှူး ဗိုလ်မှူးကြီး ဆူဖာကွန်း ဖူကျန် နှင့်တကွ တိုက်ရိုက်ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့မှူးများနှင့် စစ်ဆင်ရေးကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့များက ကြိုဆိုခဲ့ကြသည်ဟု ထည့်သွင်းဖော်ပြထားသည်။
ယင်းဆောင်ရွက်မှုမှာ တာ့ခ်ခရိုင် နယ်စပ်တစ်ဖက်ခြမ်းရှိ မြန်မာစစ်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများပြင်းထန်လာမှုနောက်ပိုင်းတွင် စတင်လာခဲ့ခြင်းဖြစ်သည်။

“နယ်စပ်ကိုက ထိုင်းစစ်တပ်တွေပိတ်ထားတယ်။ ဟိုဘက်ဒီဘက်သွားလို့မရဘူး။ လေယာဉ်ရန်ရှိတော့ ကျွန်မတို့ကတော့ ချောင်းစပ်မှာပဲ စစ်ဘေးရှောင်နေရတယ်”ဟု မြန်မာဘက်ခြမ်း၊ ဝေါလေဒေသအတွင်းရှိ စစ်ဘေးရှောင်စာသင်ကျောင်းဦးဆောင်နေသူတစ်ဦးကပြောသည်။
ထိုင်းတပ်ဖွဲ့မှူးနှင့်အဖွဲ့သည် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ ရာ့ချ်မနူ အထူးတပ်ဖွဲ့ ဌာနချုပ်၊ အမှတ် (၃၅) နယ်ခြားစောင့်တပ်ရင်း ဌာနချုပ်၊ မဲ့ကိုကင်း(ဆစ်ဆန်)စစ်ဆင်ရေးစခန်းနှင့် ဟွေ့ဟင်ဖွန် (Huai Hin Fon) ပူးပေါင်းစစ်ဆေးရေးဂိတ်များသို့ သွားရောက်စစ်ဆေးခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာဘက်ခြမ်းတိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်းရှိ မဲ့ကိုကင်းဒေသအတွင်းသို့ အသေခံဒရုန်းကျရောက်ခြင်းရှိခဲ့သည်ဟု ထိုင်းအာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။ ယင်းသို့ကျရောက်မှုကြောင့် သတိပေးသည့်အနေဖြင့် ထိုင်းစစ်တပ်က မြန်မာဘက်ခြမ်းသို့ မီးခိုးဗုံးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သည်။
“မနေ့ကတော့ ဗုံးကြဲတာက DKBA နယ်မြေထဲက ကျောက်ခက်က ဆေးရုံဟောင်းကို ထိတယ်။ ပြောင်းဂိုဒေါင် တစ်လုံးကို ထိပြီး ဒေသခံ ၃ ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာနည်းနည်းပြင်းတယ်”ဟု ဒေသတွင်းကျန်းမာရေးလုပ်ဆောင်နေသူတစ်ဦးကပြောသည်။

လက်ရှိအချိန်တွင် ဒေသတွင်းတိုက်ပွဲများကြောင်း မင်းလက်ပံ၊ ဖလူးကြီး၊ ဝေါလေဒေသများမှ ပြည်သူ တစ်ထောင်ခန့်မှာ ထိုင်းဘက်ခြမ်းရှိ နေအိမ်များတွင် စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်။
#ကရင်ပြည်နယ် #တပ်မဟာ၆နယ်မြေတိုက်ပွဲ #ထိုင်းစစ်တပ်အကြီးအကဲ #နယ်စပ်လုံခြုံရေးစစ်ဆေး #ThanLwinKhetNews
