လေကြောင်းရန် ကာကွယ်နိုင်ရေး AA လုပ်ဆောင်မည်
***********************
သံလွင်ခက်။
မတ် ၄ ၊ ၂၀၂၄။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူများအပေါ် လေကြောင်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်နေမှုများကို ကာကွယ်နိုင်ရေး လုပ်ဆောင်သွားမည်ဟု ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက သံလွင်ခက်သတင်းဌာနကို ပြောကြားသည်။
ယနေ့ မတ်လ ၄ ရက်တွင် ရက္ခိုင့်တပ်တော် AA က ပြုလုပ်သည့် ၈ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ၌ AA သိမ်းပိုက်ထားနိုင်သည့် ပလက်ဝ၊ ရခိုင်ဒေသအတွင်းရှိ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သံလွင်ခက်သတင်းဌာန၏ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။
၎င်းက ” ကျွန်တော်တို့ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ကျွန်တော်တို့ အလုံးစုံ သိမ်းပိုက်ထားတယ်ဆိုပေမယ့်လည်း စစ်ကောင်စီကနေပြီးတော့ ကုန်းကလည်း လာလို့မရ၊ ရေကြောင်းကလည်းလာလို့မရပေမယ့်လည်း လေကြောင်းကနေ လာလို့ရနေပါတယ်။ လေကြောင်းကနေ လာပြီးတော့မှ ဘယ်အချိန်မဆို လာတိုက်နိုင်တဲ့အခြေအနေပါ။ လေကြောင်းကနေပြီးတော့မှ အရပ်ဘက်ပစ်မှတ်တွေကို လာရောက်ပစ်ခတ်နေတာဖြစ်ပါတယ်။ အဲ့တာတွေကို ကာကွယ်နိုင်ဖို့အတွက် လေကြောင်းအချက်ပေးစနစ်ကို ဘယ်လိုတပ်ဆင်နိုင်မလဲဆိုတာ ကျွန်တော်တို့ဘက်က စီစဉ်ဆောင်ရွက်နေတာရှိပါတယ် ” ဟုဆိုသည်။
ရခိုင်ပြည်နယ်တွင် ၂၀၂ ၃ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ကစတင်ပြီး ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်းထန်ခဲ့ကာ လက်ရှိအချိန်ထိ AA က ပလက်ဝနှင့် ရခိုင်ဒေသရှိ မြို့နယ်ပေါင်း ၆ မြို့နယ်၊ စစ်ကောင်စီတပ်စခန်းပေါင်း ၂၁၅ ခုကို အလုံးစုံတိုက်ခိုက်သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့် မြို့နယ် အများစု၌လည်း တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားလျက်ရှိသည်။
ရက္ခိုင့်တပ်တော်သိမ်းပိုက်ရရှိထားသည့် ပေါက်တောမြို့ကို စစ်ကောင်စီက လုံးဝနီးပါး ဖျက်ဆီးခဲ့ပြီး လက်ရှိ ရမ်းဗြဲမြို့ကိုလည်း အလားတူ ပျက်စီးအောင် နေ့စဉ် ရက်ဆက် ကြည်း၊ရေ၊လေ သုံးခုပေါင်းကာ ဗုံးကြဲတိုက်ခိုက်မှုများ ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောက်လျက်ရှိသည်။
အထူးသဖြင့် စစ်ကောင်စီတပ်သည် စစ်ပွဲနှင့် မသက်ဆိုင်သော အရပ်ဘက် ပစ်မှတ်များကို အဓိကထား တိုက်ခိုက်နေပြီး စစ်ရာဇဝတ်ကျူးလွန်မှုများကို ပိုမို ကျူးလွန်လျက်ရှိသည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သူက ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၉ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကိုရီးယားဆိပ်ကမ်း ဈေးအတွင်းသို စစ်ကောင်စီ ရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အရပ်သားပြည်သူ ၁၃ ဦးသေဆုံးခဲ့ပြီး ၈၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။
ထို့ပြင် ဖေဖော်ဝါရီ ၂၇ ရက်တွင်လည်း စစ်ကောင်စီတပ်က မင်းပြားမြို့နယ်၊ သေကံရွာရှိ မူလွန် စာသင်ကျောင်းအပါအဝင် လူနေအိမ်များကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်အတွက် စာသင်ကျောင်းအပါအဝင် လူနေအိမ်များ ပျက်စီးခဲ့သည့်အပြင် ပြည်သူ ၁၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိုနေ့ တစ်ရက်တည်းမှာပင် မင်းပြားမြိုနယ်ရှိ မင်းဖူးဆေးရုံအား စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ဆေးရုံအဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ရပြီး ဆေးဝါးကုသမှုခံယူနေကြသည့် အရပ်သားပြည်သူများ၊ ဆေးရုံဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိုကဲ့သို့ စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ် ကျူးလွန်မှုများနှင့် ပါတ်သက်ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ယခုထက် ပိုမို ထိရောက်သော အရေးယူမှုများ ဆောင်ရွက်ပေးရန် ရက္ခိုင့်တပ်တော် AA က တောင်းဆိုထားသည်။
ပုံစာ – ဖေဖော်ဝါရီ ၂၇ ရက်တွင် မင်းပြားမြို၊ မင်းဖူးဆေးရုံအား စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် မြင်ကွင်း။
ဓာတ်ပုံ – AA Info Desk