![]()
သံလွင်ခက်/ဧပြီ ၉။ ဓါတ်ပုံ –
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၇ နယ်မြေ ဖားအံခရိုင်အတွင်းရှိ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားနှင့် အကျဉ်းသူ စုစုပေါင်း ၃၈ ဦးကို ပြီးခဲ့သည့် ဧပြီ ၆ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့သည်ဟု ကေအဲန်ယူ-ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။
ယခုကဲ့သို့ လွှတ်ပေးခြင်းမှာ မိသားစုများ ပြန်လည်ပေါင်းစည်းနိုင်ရေးကို ရှေးရှုခြင်းဖြစ်ပြီး လွတ်မြောက်လာသူများထဲတွင် အကျဉ်းသား ၃၅ ဦးနှင့် အကျဉ်းသူ သုံးဦး ပါဝင်ကြောင်း သိရသည်။


အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်အတွက် စိစစ်ရွေးချယ်ရာတွင် အကျဉ်းထောင်အတွင်း နေထိုင်စဉ် အကျင့်စာရိတ္တကောင်းမွန်သူများ၊ အသက်အရွယ်ကြီးရင့်သူများနှင့် ကျန်းမာရေးချို့တဲ့နေသည့် အကျဉ်းသားများကိုလည်း ဦးစားပေး ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လွတ်မြောက်လာသူများအနေဖြင့် နောက်နောင်တွင် ပြစ်မှုများ ထပ်မံမကျူးလွန်ရန် ဖားအံခရိုင် တာဝန်ရှိသူများက ဆုံးမဩဝါဒ ပေးခဲ့ကြသည်ဟု ဆိုသည်။ ထို့အပြင် သက်ဆိုင်ရာနေရပ်သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိရေးအတွက် လိုအပ်သော ခရီးစရိတ်နှင့် စားစရိတ်များကိုလည်း ထောက်ပံ့ပေးအပ်ခဲ့သည်ဟု သိရသည်။

ယခု လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အခမ်းအနားသို့ ဖားအံခရိုင်အတွင်းရေးမှူး ပဒိုစောဘာဒီဖိုး၊ ခရိုင်ရဲမင်းကြီး စောမောင်ကြည်နှင့် အခြားတာဝန်ရှိ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
#ဖားအံထောင် #KNU #အကျဉ်းသား #လွတ်ငြိမ်းခွင့် #ThanLwinKhetNews
