![]()
ခင်သရဖီဦး/ဧပြီ ၁၀
အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်နေ့သို့ ညီနောင်မဟာမိတ်များဖြစ်ကြသော MNDAA နှင့် TNLA တို့က ပူးတွဲသဝဏ်လွှာပေးပို့ခဲ့ကြပြီး၊ အနာဂတ်တွင်လည်း ချစ်ကြည်ရင်းနှီးမှုမပျက်ဘဲ တော်လှန်ရေးပန်းတိုင်သို့ ရောက်ရှိသည်အထိ အတူတကွ လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားလိုက်သည်။
MNDAA နှင့် TNLA တို့၏ ပူးတွဲသဝဏ်လွှာတွင် အာရက္ခတပ်တော်သည် အာရက္ခပြည်သူလူထုတစ်ရပ်လုံးအတွက် ပိုမိုကောင်းမွန်သည့် စီမံအုပ်ချုပ်မှုနှင့် လုံခြုံစိတ်ချရသည့် လူမှုဘဝကို ဖော်ဆောင်ပေးနိုင်နေပြီဖြစ်ကြောင်း ချီးကျူးဂုဏ်ပြုထားသည်။
“စည်းလုံးခြင်းသည် အင်အား” ဟူသည့်အတိုင်း AA နှင့် ပြည်သူတို့၏ ခိုင်မာသော ယုံကြည်ချက်ကြောင့် မြို့နယ်အများအပြားကို သိမ်းပိုက်အုပ်ချုပ်ထားနိုင်ခြင်းမှာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားအားလုံးအတွက် အတုယူဖွယ်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ထို့အပြင် စစ်ကော်မရှင်၏ အတားအဆီးများအကြားမှ ရက္ခိုင်ပြည်သူများသာမက မြန်မာပြည်သူလူထုတစ်ရပ်လုံး လွတ်မြောက်ရေးအတွက် အကူအညီများ ပေးအပ်နိုင်ခဲ့ခြင်းမှာ AA ၏ မဟာမိတ်စိတ်ဓာတ်ကို ပေါ်လွင်စေကြောင်း ညီနောင်မဟာမိတ်များက ဆိုသည်။
ယခုကဲ့သို့ ချစ်ကြည်ရင်းနှီးမှုမပျက် လက်တွဲသွားမည်ဟု သဝဏ်လွှာပေးပို့ခြင်းသည် လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ကွတ်ခိုင်မြို့နယ်တဝိုက် MNDAA နှင့် TNLA အကြား တိုက်ပွဲဖြစ်စဉ်အပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
အထူးသဖြင့် မကြာသေးမီက ကွတ်ခိုင်မြို့နယ်တဝိုက် နှစ်ဖက်တိုက်ပွဲဖြစ်စဉ်ကြောင့် TNLA နှင့် MNDAA တို့၏ မဟာမိတ်ဆက်ဆံရေးအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေချိန်တွင်၊ ယခုကဲ့သို့ ‘ရည်မှန်းချက်တူလျှင် မဟာမိတ်တပ်’ ဟူသည့် ကတိကဝတ်ဖြင့် သဝဏ်လွှာပေးပို့လိုက်ခြင်းမှာ နှစ်ဖက်အဖွဲ့အစည်းများအကြား မဟာမိတ်အခြေခံအုတ်မြစ် ခိုင်မာနေဆဲဖြစ်သည်ကို ပြသခြင်းဟု သုံးသပ်နေကြသည်။
အလားတူပင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကလည်း အာရက္ခတပ်တော်ထံ သီးခြားဂုဏ်ပြုသဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ပြီး AA အနေဖြင့် မိမိတို့၏ နယ်မြေဒေသများကို စစ်ကော်မရှင်စနစ် လက်အောက်မှ လွတ်မြောက်အောင် ပြတ်ပြတ်သားသား စွမ်းဆောင်နိုင်ခဲ့မှုအပေါ် အလေးအနက် အသိအမှတ်ပြုကြောင်း ဖော်ပြထားသည်။
ထို့ပြင် ဘုံရန်သူဖြစ်သော စစ်ကော်မရှင်ကို အမြစ်ပြတ်ချေမှုန်းနိုင်ရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရာတွင် အာရက္ခတပ်တော် (ULA/AA) နှင့်အတူ မဟာမိတ်ကောင်းများအဖြစ် အတူတကွ လက်တွဲသွားမည်ဖြစ်ကြောင်းလည်း PLA က ကတိပြုထားသည်။
အာရက္ခတပ်တော် (AA) သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ရခိုင်ပြည်နယ်အတွင်း စစ်ရေးအရှိန်အဟုန်ကို မြှင့်တင်ခဲ့ပြီး လက်ရှိအချိန်တွင် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ် နှင့် ဂွ စသည့် မြို့နယ်အများစုကို တိုက်ခိုက်သိမ်းပိုက် စိုးမိုးထားနိုင်ခဲ့ပြီဖြစ်သည်။
၂၀၂၅ ခုနှစ် ဇွန်လအထိ စာရင်းဇယားများအရ ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ် ၃ ခုသာ သိမ်းပိုက်ရန် ကျန်ရှိတော့သည့်အထိ နယ်မြေစိုးမိုးမှု အားကောင်းလာခြင်းမှာ အာရက္ခတပ်တော်၏ စစ်ရေးစွမ်းရည်နှင့် ပြည်သူ့ထောက်ခံမှု အထောက်အထားပင် ဖြစ်သည်။
ဓာတ်ပုံ – AA Info Desk
