ဆီဆိုင်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးဖြင့် အကြိမ် ၄၀ ကျော်ပစ်ခတ်
*******************************************
ယမင်းဖူးပွင့်အောင်
မတ် ၅၊ ၂၀၂၄။
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသ ဆီဆိုင်မြို့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA နှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးဖြင့် အကြိမ် ၄၀ ကျော်ပစ်ခတ်တိုက် ခိုက်ခဲ့သည်ဟု PNLA ကထုတ်ပြန်သည်။
ဆီဆိုင်မြို့အတွင်းသို့ စစ်ကောင်စီက စစ်ကြောင်းထိုးတိုက်ခိုက်လာသဖြင့် ယမန်နေ့နံနက် ၆ နာရီမှ ညနေ ၅ နာရီထိ ဆီဆိုင်မြို့မြောက်ဘက်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။
တိုက်ပွဲအတွင်း အထိနာနေသည့်စစ်ကောင်စီတပ်သည် တိုက်ပွဲနှင့်မသက်ဆိုင်သည့် ဆီဆိုင်မြို့ကို လက်နက်ကြီးဖြင့် အကြိမ် ၄၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု PNLA က ယနေ့နေ့လယ်ပိုင်းတွင် ထုတ်ပြန်သည်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို PNLA က ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့မြောက်ဘက်သို့ အထိအခိုက်များစွာဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ယမန်နေ့ ၁ ရက်တည်း၌ပင် မဲနယ်တောင်ဒေသကိုလည်း ဟိုပုံးမြို့မှ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြိမ် ၂၀ ကျော် ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။
စစ်ကောင်စီသည် လေယာဉ်များ၊ လက်နက်ကြီးများကို အလွန်အကျွံအသုံးပြုကာ ပအိုဝ်းဒေသကို ပစ်ခတ်ဖျက်ဆီးနေလျက်ရှိပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေလျက်ရှိသည်ဟုလည်း PNLA ကထုတ်ပြန်ထားသည်။
ဓာတ်ပုံ – PNLA
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3626
YouTube – > https://youtu.be/M_6Wem4Ju9k?si=hD_KqRB2lEvj95D8
Website – > https://thanlwinkhet.net/?p=8110