နှင်းမှုန်မှုန်ကြား ကွယ်ပျောက်သွားသော အတိတ်များ – ၂ (သို့မဟုတ်)
မအောင်မြင်ခဲ့တဲ့ နမ့်စန်ပရောဂျက်
*********
မောရစ်ကောလစ်တစ်ယောက် လွိုင်လင်မှ မိုးနဲသို့ သွားခဲ့ပါသည်။ သို့သော် လမ်းခုလတ်တွင် ရှိသော နမ့်စန်မြို့အကြောင်း ရေးသားထားသည်မျိုး မရှိသောကြောင့် သူသွားခဲ့သော ၁၉၃၆ ခုနှစ် ဆောင်းရာသီကာလများတွင်ကျွန်တော် ကြီးပြင်းခဲ့ရာ မြို့ကလေးသည် မြို့ကလေးအဖြစ် မရောက်ရှိသေးဘဲ သန္ဓေတည်ကာစပင် ဖြစ်ပေလိမ့်မည်ဟု ယူဆရင်း မောရစ်ကောလစ်စာအုပ်အကြောင်း တစ်ခန်းရပ်ထားခဲ့ချင်ပါသည်။
မြို့ကလေးအပေါ် ကျွန်တော့် စိတ်ဝင်စားမှုက ပိုပြီး ကြီးမားလာခဲ့ပါသည်။ အရာရာကို Google Search လိုက်ရုံဖြင့်စက္ကန့်ပိုင်းအတွင်း သိနိုင် မြင်နိုင်သော ဤဘဒ္ဒကမ္ဘာကြီးတွင် နမ့်စန်မြို့အကြောင်းကိုတော့ ခဲရာခဲဆစ် ရှာဖွေခဲ့ရပါသည်။ အသစ်တွေ့ရှိချက်များဖြစ်သည်ဟု ကျွန်တော် ယူဆခဲ့သော အကြောင်းအရာများကို လေးငါးရက်ထက်မနည်း ရှာဖွေခဲ့ရပါသည်။ ထိုအခါ တစ်စုံတစ်ယောက်ကို ပြောပြချင်စိတ် ပေါ်လာသောကြောင့် ယခုအရေးအသားများကို ရေးသားနေမိပါတော့သည်။
ကျွန်တော်သည် နမ့်စန်မြို့ စတင်ရာနှင့် အနာဂတ်လားရာများအကြောင်း စိတ်ဝင်စားမိသော်လည်း ဤမြို့မှ လူ့ဘော်ကျော့များ ၊ မနာလိုဝန်တိုစိတ်များ ပြည့်နှက်နေသော လူကြီး လူငယ်များ အားလုံး၏ အကြောင်းကိုတော့စိတ်မဝင်စားပါ။
ဤမြို့၌ ကျွန်တော် နေထိုင်သော်လည်း စကားပြောဖော် မရှိ ဖြစ်ခဲ့သည်မှာ ၂၀၀၀ ပြည့်နှစ် ဒီဘက်ပိုင်းကာလများတစ်လျှောက်လုံး ဖြစ်ခဲ့ပါသည်။ ထို့ကြောင့်လည်း စာရေးခြင်းဖြင့် ကျွန်တော် ပြောလိုသည်များ ပြောနေခဲ့တာ၂၀၀၄ ကတည်းကပင်။ ထို့ကြောင့် ကျွန်တော် ဖတ်ခဲ့မိသမျှထဲကမှ နမ့်စန်မြို့နှင့်ပတ်သက်သော ကောင်းနိုးရာရာများအပြင် တချို့သော ပညာရပ်ဆိုင်ရာ စာတမ်းများကိုတော့ ပညာရပ်ဆိုင်ရာ စာတမ်းများအတိုင်း ဘာသာပြန်ဆိုဖော်ပြသွားပါမည်။ ထိုသို့ဖော်ပြရာ၌လည်း ကျွန်တော့်အာဘော်များ မပါဝင်စေရန် အထူး ဂရုစိုက်သွားပါမည်ဟုဆန္ဒပြုပါသည်။
ပထမဆုံး ပြောချင်သည်က မိုင်းနောင်သူ စာရေးဆရာမ ကမ္ဘောဇ နုခင် ရေးသားသည့် “ဂုံတို့ ဌာနေ ကျိုင်းတုံမြေ” မှ အချက်အလက်များ ဖြစ်ပါသည်။ ဆရာမကြီး၏ ၎င်းစာအုပ်သည် ၁၉၉၃ ခုနှစ်အတွက် “စာပေဗိမာန်ဆု” ရခဲ့ပါသည်။ ၁၉၉၇ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ထုတ်ဝေခဲ့သည့် ၎င်းစာအုပ်၌ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့အချို့ အကြောင်း ဖော်ပြထားပြီး နမ့်စန်မြို့အကြောင်းလည်း ပါဝင်ပါသည်။ ထိုစာအုပ်ထဲမှ ဖော်ပြချက်များအတိုင်းဆိုသော် ၁၉၆၀ ခုနှစ်ကစပြီး အငြိမ်းစားစစ်သည်များ နေထိုင်ရန် အစိုးရက နမ့်စန် ပြန်လည်နေရာချထားရေးစီမံကိန်း စတင်ခဲ့ရာမှ ရွာငယ်ဇနပုဒ်အဖြစ်မှ မြို့အဖြစ်သို့ ပြောင်းလဲခဲ့ပါသည်။
ပ.လ.န စီမံကိန်းကြောင့် ဆေးရုံ၊ အထက်တန်းကျောင်း၊ ပညာအုပ်ရုံး စသည်တို့ဖြင့် စည်ကားနေပြီဖြစ်သော နမ့်စန်မြို့သည် ယခင်ကတော့ ဂေါ်ရခါးများ နေပြီး နွားမွေးမြူရေးလုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ခဲ့ပါသည်။ပြန်လည် နေရာချထားရေးစီမံကိန်းအတွက် သတ်မှတ်ထားသော မြေဧက ၃၀၀၀၀ တွင်မှ ပ.လ.နစီမံကိန်းအတွက်တိုင်းတာသတ်မှတ်ပြီးသော မြေဧကမှာ ၁၀၀၀၀ ဖြစ်သည်။ ဤနမ့်စန်မြေသည် ရေအောက် ရေစီးချောင်းများကြောင့် လွင်တီးခေါင် (ဖုန်းဆိုးမြေ) လွင်ပြင်များ ဖြစ်ခြင်းကြောင့် ဖွံ့ဖြိုးမှု မရှိခဲ့ပါ။ (ထိုသို့ ဖွံ့ဖြိုးမှု မရှိနိုင်သည့်မြေများ ရှိရာ နေရာကိုမှ ရွေးပြီး အဘယ်ကြောင့် စီမံကိန်းတစ်ခုအဖြစ် မြန်မာအစိုးရက ဆောင်ရွက်ခဲ့ကြောင်းအနောက်နိုင်ငံများမှ ပါမောက္ခများက စာတမ်း တစ်စောင် ရေးသားခဲ့ပါသည်။ နောက်လာမည့် အပိုင်းများတွင် ၎င်းစာတမ်းကို ဆက်လက် ဖော်ပြသွားပါမည်။ ဆူဏီးလ်)
၁၉၅၇ ခုနှစ်ဆုံးပိုင်းလောက်တွင်မူ နမ့်စန်နယ်မြေ၏ ထုတ်ကုန်စွမ်းအား ကောင်းမွန်တိုးတက်လာရေးအတွက်စတင် အကောင်အထည်ဖော်ခဲ့သည်။ ပြန်လည်နေရာချထားရေး စီမံကိန်း၏ အဓိက ရည်မှန်းချက်မှာစစ်မှုထမ်းဟောင်းကြီးများအတွက် ဤနယ်မြေအတွင်းတွင် ကိုယ်ပိုင်အိမ်ရာ၊ တည်မြဲသော ဝင်ငွေနှင့် လူမှုဖူလှုံရေးများ ရှိစေရန်အတွက် စီစဥ် နေရာချထားပေးရေး ဖြစ်လေသည်။ စီးပွားတိုးတက်ဖွံ့ဖြိုးရေးကို အဓိကအဖြစ် ထားရှိပြီး နမ့်စန် ပ.လ.နအတွက် စုပေါင်းရွာငယ်လေးများ တည်ဆောက်ပေးခဲ့ပါသည်။
အခြေချနေထိုင်သူတို့အတွက် နေအိမ်၊ လှည်း၊ နွား၊ ကျီနှင့် လယ်ယာကိရိယာများအတွက် ကုန်ကျစရိတ်ကို အစိုးရက နှစ်ရှည်ချေးငွေစနစ်ဖြင့် ချေးငှားပေးပါမည်။ လယ်ယာတစ်ခုအတွက် အစိုးရမှ ပျမ်းမျှ တိုက်ရိုက် ထုတ်ချေးမည့် ငွေပမာဏမှာ ၅၅၀၀ ကျပ် ဖြစ်သည်ဟု ဆိုသည်။ ၎င်းချေးငွေကို ၂၅ နှစ်အတွင်း ပေးဆပ်ရပေမည်။
၁၉၅၇ ခုနှစ်တွင် စတင်ခဲ့သော အဆိုပါစီမံကိန်းများ မအောင်မြင်ခဲ့ပါ။ စိုက်ပျိုး၍ မရသော ဖုန်းဆိုးမြေနေရာကိုမှမြန်မာအစိုးရ ရွေးချယ်ခဲ့ခြင်းအတွက် မြန်မာအစိုးရတွင် သီးခြားရည်မှန်းချက်များ ရှိခဲ့ပါသည်။ အစ္စရေးနိုင်ငံ၏ကျေးလက်အခြေပြုမြို့ပြများဖြစ်သည့် Kibbutz နဲ့Moshav တို့ကို နမူနာအဖြစ် ကူးယူခဲ့သည့် နမ့်စန်ပရောဂျက်နှင့် ပတ်သက်ပြီး နမ့်စန်တွင် တစ်နှစ်မျှ တာဝန်ထမ်းဆောင်ခဲ့သော အစ္စရေးစက်မှုကျွမ်းကျင်အဖွဲ့ခေါင်းဆောင်ကယခုကဲ့သို့ မှတ်ချက်ပြုခဲ့ပါသည်။
“နယ်မြေသစ် တစ်ခုမှာ အခြေချ နေထိုင်တယ်ဆိုတာက သိပ်ကို ကြီးမားတဲ့ စိန်ခေါ်မှု တစ်ရပ်ပဲ။ မရောရာမှုတွေကလည်း အပြည့်ပေါ့။ ဒါကြောင့်လည်း မဖြစ်မနေ လုပ်ရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးထားပြီး လုပ်ကိုင်ဖို့တော့ လိုတယ်“
ယခုမျက်မှောက်ခေတ်တွင်တော့ စစ်မှုထမ်းဟောင်းများအတွက် ရည်ရွယ်ခဲ့သည့် ကျေးရွာများတွင် လူများဆက်လက် နေထိုင်နေကြသော်လည်း နဂို မူလရည်ရွယ်ရင်းဖြစ်သည့် စိုက်ပျိုးရေးကိုတော့ အများစုက လုပ်ကိုင်ခြင်း မရှိတော့ပါ။ လူမနေတော့သော အိမ်အများစုက ပျက်စီးနေပြီဖြစ်သော်လည်း ကျယ်ဝန်းသည့် မြေနေရာများတွင် အခြား မလိုလားအပ်သော တရားမဝင် နေထိုင်မှုများ ပေါ်ပေါက်လာနေပေတော့သည်။
သို့ဆိုပါက ဖုန်းဆိုးမြေအဖြစ် ရှိနေခဲ့သော မြေနေရာကိုမှ ရွေးပြီး မြန်မာအစိုးရက မြန်မာ့ ပထမဆုံး စီမံကိန်းကို အဘယ့်ကြောင့် အကောင်အထည်ဖော်ခဲ့ပါသနည်း. . . .?
ထိုအကြောင်းအရာများ နားလည်နိုင်ဖို့ဆိုလျှင် နိုင်ငံတကာနှင့် မြန်မာဆက်ဆံရေး (အထူးသဖြင့် အစ္စရေး–မြန်မာဆက်ဆံရေး) ကို နားလည်ရန် လိုအပ်မည်ဖြစ်သလို သက်ဆိုင်ရာ သမိုင်းကြောင်းများကိုလည်း သဘောပေါက်ထားရန် လိုအပ်ပေလိမ့်မည်။
မြို့ကလေးအပေါ်၌ ထားသော ကျွန်တော့် စိတ်ဝင်စားမှုများကို ရပ်ထားရန် မဖြစ်နိုင်တော့သောအခါ အင်တာနက်အားကိုးပြီး အချက်အလက်များ ရှာဖွေခဲ့ရာတွင် လုံးဝ မမျှော်လင့်ထားခဲ့ပါသော စာတမ်း တစ်စောင် တွေ့ခဲ့ရပါသည်။ ထိုစာတမ်းကို Cambridge University Press Website ၏ အရှေ့တောင်အာရှဆိုင်ရာ လေ့လာရေးဂျာနယ်တွင် ပညာရှင်ပါမောက္ခများ ပူးတွဲရေးသားထားသည်ကို မြင်လိုက်ရတော့ ကျွန်တော့်အနေဖြင့် အံ့ဩမိသလို ရှက်စိတ်များလည်း ဝင်ရောက်လာပါတော့သည်။
ကျွန်တော်တို့က ကျွန်တော်တို့ နေထိုင်ရာ နိုင်ငံနှင့် မြို့ပြကျေးလက်၊ အရပ်ဒေသများအကြောင်း စိတ်ဝင်စားရကောင်းမှန်း မသိဘဲ ပေါ့ပေါ့တန်တန် နေထိုင်နေချိန်မှာပဲ ပညာရှင်များကတော့ လေ့လာစရာ ကိစ္စ တစ်ရပ်အဖြစ်သဘောထားကာ လေ့လာနေကြပြီး စာတမ်းအနေဖြင့်ပင် ရေးသားနေကြပါပေါ့လား. . .? ရှက်တတ်မည်ဆိုပါကထိုရှက်စိတ် တစ်ခုတည်းဖြင့်ပင် သေလို့ ရနေပါပြီ မြို့သူ မြို့သားများခင်ဗျာ. . . . . . . . .
(က) နမ့်စန်ပရောဂျက် ပေါ်ပေါက်လာစေသော သမိုင်းကြောင်း
ဒုတိယကမ္ဘာစစ်ကြီးအပြီး မြန်မာနိုင်ငံ၏ ပထမဆုံး စီးမံကိန်းအဖြစ် ရှမ်းပြည်နယ် တောင်ပိုင်းရှိ နမ့်စန်မြို့ ပရောဂျက်ကို စတင် အကောင်အထည်ဖော်ခဲ့လေသည်။ ၁၉၅၄ ခုနှစ်တွင် မြန်မာအစိုးရအဖွဲ့ အစ္စရေးနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် အလည်သွားခဲ့ရာမှ နမ့်စန်ပရောဂျက် အကောင်အထည်ဖော်ရန် ဖြစ်လာခဲ့သည်။ ၁၉၅၅ ခုနှစ် မေလနှင့် ဇွန်လတို့တွင်လည်း မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဦးနု အစ္စရေးနိုင်ငံသို့ သွားရောက်ခဲ့သေးသည်။ ထိုလည်ပတ်မှုက ဦးနု၏ စိတ်ကူးများအတွင်း အကောင်အထည်ဖော်ရန် ရှိနေသော နိုင်ငံငယ်လေး၏ အပြောင်းအလဲအမှတ်အသားများ ဖြစ်ခဲ့ပုံပေါ်လေသည်။ လေဆိပ်တွင် နှုတ်ဆက်စကားပြောကြတော့ ဝန်ကြီးချုပ်ဦးနုက
“ဒီခရီးစဥ်အတွင်း ကျွန်တော့်စိတ်ကို အကျေနပ်ဆုံး ဖြစ်စေတာကတော့ ကျေးလက်လူနေမှုဘဝပုံစံသစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ထားတဲ့ အစ္စရေးနိုင်ငံရဲ့ Kibbutz နဲ့ Moshav မြို့ပြစီမံကိန်းတွေပါပဲ။ ဒီမြို့တွေက အခုဆိုအောင်မြင်မှု ရလဒ်ကို ခံစားနေကြရပြီ။ ကျွန်တော် သွားခဲ့လေရာ နေရာတွေမှာ တွေ့ခဲ့ရတဲ့ လူငယ်တွေရဲ့ မျက်နှာတွေမှာလည်း ပျော်ရွှင်မှုတွေကိုသာ မြင်ခဲ့ရတယ်။ ဒါကြောင့်လည်း အစ္စရေးနိုင်ငံနယ်နိမိတ်ကို ကျော်လွန်ပြီးကျွန်တော်တို့ နိုင်ငံမှာလည်း အစ္စရေးနိုင်ငံလို ကျေးလက်အခြေပြုမြို့ပြတွေ ပေါ်ပေါက်လာဖို့ အစ္စရေးက ကူညီပေးပါ“
ထို့အပြင် ဦးနုက အစ္စရေးနိုင်ငံတွင် အောင်မြင်ခဲ့သော ကျေးလက်အခြေပြုမြို့ပြစီမံကိန်းများသည် ဗုဒ္ဓ သင်ကြားချက်များနှင့်လည်း ကိုက်ညီမှု ရှိကြောင်းနှင့် အစ္စရေး ကျေးလက်ဒေသများတွင် တွေ့ခဲ့ရသော လူနေမှုဘဝပုံစံအစိတ်အပိုင်းကို မြန်မာနိုင်ငံတွင်လည်း မြင်တွေ့လိုကြောင်းဖြင့် ပြောကြားခဲ့လေသည်။ ဦးနု ရည်ညွှန်းခဲ့သောအစ္စရေးနိုင်ငံ၏ ကျေးလက်အခြေပြုမြို့များသည် ယခင်က လူနေထိုင်မှုများ မရှိခဲ့ပေ။Moshav မြို့ကို ၁၉၀၄ နှင့်၁၉၁၄ ခုနှစ်များအတွင်း ဇီယွန်ဝါဒီတို့က ဦးဆောင် တည်ဆောက်ခဲ့ကြပြီး စိုက်ပျိုးရေး အခြေပြု သမဝါယမကျေးလက်များ ဖြစ်ကြပါသည်။ ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်သော ပြန်လည်နေရာချထားရေးကျေးလက်နှင့် မြို့ပြများကို မြင်လိုက်ရချိန်မှာတော့ ဝန်ကြီးချုပ် ဦးနု မည်ကဲ့သို့ ခံစားရမည်နည်းဆိုသည်ကိုလည်း မှန်းဆကြည့်နိုင်ပါသည်။ ၁၉၅၅ ခုနှစ် စက်တင်ဘာလမှာတော့Ze’ev Weil ထံ စာရေးပြီး ထပ်မံ အကူအညီ တောင်းခဲ့ပြန်လေသည်။ ထိုစာထဲတွင်တော့ –
မြန်မာ့တပ်မတော်၌ စစ်မှုထမ်းနေကြသူများတွင် လူနေမှုအဆင့်အတန်း နိမ့်ကျသော ကျေးလက်တောရွာများမှရွာသားများက အများစု ဖြစ်ကြောင်း၊ စစ်မှုထမ်းနေချိန်ကာလအတွင်းမှာတော့ ၎င်းတို့၏ ပညာရေးရေချိန် သိသိသာသာ မြင့်မားလာခဲ့ကြောင်း၊ ထိုသို့သော ကျေးလက်တောရွာများမှ ပညာရေးအဆင့်နှင့် လူနေမှု အဆင့်အတန်းနိမ့်ကျသော စစ်သားများ လက်တွင်းသို့ လက်နက်များ ပေးအပ်ခဲ့ရပြီး အသုံးပြုပုံများ သင်ကြားပေးခဲ့ရကြောင်း၊ယခုဆိုလျှင် အသက် ၃၀ နှင့် ၄၀ အကြား ရှိနေပြီဖြစ်သော ၎င်းတို့ ဘဝ အနာဂတ်ကို တွေးတောဖို့ လိုအပ်ကြောင်း၊ယခင် နေထိုင်ရာ ဒေသများသို့ စစ်မှုထမ်းဟောင်းဘဝနှင့် ပြန်ပို့လိုက်ပါက ယခင်ကလိုပဲ အဆင့်အတန်း နိမ့်ကျသူများအဖြစ်သို့ ပြန်လည် ရောက်ရှိသွားမည်ဖြစ်ကြောင်း၊ လက်နက်များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ကြသောကြောင့် ၎င်းစစ်မှုထမ်းဟောင်းများသည် အဝေးပြေးလမ်းမများပေါ်က ဓားပြများ ဖြစ်လာနိုင်မည့် အန္တရာယ်များ ရှိနိုင်ကြောင်း စသည်ဖြင့် ရေးသားထားပါသည်။
သိပ်မကြာခင်မှာတော့ ဝန်ကြီးချုပ် ဦးနု၏ အိပ်မက်များ တကယ် ဖြစ်လာခဲ့လေတော့သည်။ ဤသည်ပင်လျှင် နမ့်စန်ပရောဂျက် စတင်ဖို့ရာ အကြောင်းရင်းများ ဖြစ်ခဲ့လေတော့သတည်း။
ဆက်လက်ဖော်ပြပါမည်။
ဆူဏီးလ်
ဓာတ်ပုံ– အင်တာနက်
ပုံစာ– အစ္စရေးနိုင်ငံ၏ သမဝါယမစိုက်ပျိုးရေးအခြေပြု“Moshav” မြို့။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram-> https://t.me/newstlk/947
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=4100
Website ->https://eng.thanlwinkhet.net