![]()
ခင်သရဖီဦး
ရခိုင်ပြည်၊ တောင်ကုတ်မြို့ရှိ မဟော်သဓာအခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲသွားသည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၂၇ ရက် ည ၇ နာရီခွဲကျော်ခန့်တွင် ပေါင် ၅၀၀ ဗုံးတစ်လုံး လာရောက် ကြဲချခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
တောင်ကုတ်မြို့မှ အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦးက ”မနေ့က ၇ နာရီကျော်လောက်မှာ ဗုံးတစ်လုံး လာချသွားပါတယ်။ ကျောင်းဆောင်ကတော့ ပျက်သွားတယ်။ ကျောင်းက ပိတ်ထားတော့ လူအထိအခိုက်တော့ မရှိပါဘူး” ဟု ဆိုသည်။
အဆိုပါကျောင်းကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှစပြီး တိုက်ပွဲ အခြေအနေများကြောင့် ပိတ်ထားခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် တောင်ကုတ်ဒေသခံများအနေဖြင့် စိုးရိမ်မှုများ ရှိနေကြောင်းလည်း အသက် ၂၀ အရွယ် တောင်ကုတ် ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“လူတွေကတော့ သတိနဲ့ နေနေကြရတာပါ။ ကိုယ့်အိမ်မှာ ကိုယ်နေပြီး ကြောက်နေကြရတာပေါ့။ စိုးရိမ်မူက ရှိတယ်။ လေယာဥ် သံကိုလေ နားစိုက်ပြီး နေနေရပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်တပ်အနေဖြင့် ရခိုင်တွင် အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် မြို့နယ်များရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များကို မကြာခဏ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မူများ ဆက်တိုက် လုက်ဆောင်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်တွင်လည်း ကျောက်တော် မြို့နယ်၊ သရက်တပင် ကျေးရွာရှိ ကိုယ်ပိုင် အထက်တန်းကျောင်း နှစ်ဆောင်ကို ဗုံးကြဲခဲ့သည့်အတွက် ကျောင်းသားကျောင်းသူ ၂၃ ဦး သေဆုံးပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပုံစာ – ဗုံးကြဲခံရသည့် မဟော်သဓာအခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်း (Photo ONN)
#တောင်ကုတ် #မဟော်သဓာအထက်တန်းကျောင်း #စစ်တပ်ဗုံးကြဲ #ThanLwinKhetNews
