![]()
ပဲခူးတိုင်း ဒိုက်ဦး အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများထဲမှ အကျဉ်းထောင်အလုပ် မလုပ်သူများအား ပါဆယ်ပို့ခွင့် ပိတ်ခြင်းများ လုပ်ဆောင်နေသည်ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP မှ အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်သည်။
“ဒီလို ၂ ပတ်တစ်ခါ ပို့ခွင့်ရတဲ့ ပါဆယ်တွေကို အခုလို ကန့်သတ်မှုတွေ ရှိနေတာကြောင့် နိုင်ငံရေးအကျဉ်းသူတွေအနေနဲ့ စားရေးသောက်ရေးအခက်အခဲရှိပါတယ်။ အကျဉ်းထောင်က ကျွေးတဲ့ အစားအစာတွေက အာဟာရပြည့်ဝမှု မရှိတဲ့အခြေအနေမှာ မိသားစုတွေဆီက ပို့ပေးတဲ့ ထောင်ဝင်စာပါဆယ်နဲ့ နိုင်ငံရေးအကျဉ်းသူတွေက တောင့်ခံထားကြရတာပါ။ ကျန်းမာရေးစောင့်ရှောက်မှုလည်း လုံလုံလောက်လောက် မပေးနိုင်တဲ့အခြေအနေမှာ ကျန်းမာရေး ထိခိုက်နိုင်မှုတွေလည်း ရှိလာနိုင်ပါတယ်။” ဟု WOPP ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ မဆုမြတ်မှ ပြောသည်။
ဒိုက်ဦး အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများအား အကျဉ်းထောင်အလုပ်များ ဖြစ်သည့် စိုက်ပျိုးရေး လုပ်ငန်း၊ ချိုးရေအသုံးပြုသော ရေကန်များအား သန့်ရှင်းရေးလုပ်ခြင်း၊ ရေကန့်အစောင့် ပြုလုပ်ရခြင်း၊ အကျဉ်းထောင်ဝန်ထမ်းများ၏ စာရင်းဇယားများ ပြုလုပ်ရခြင်း၊ ဈေးဘားဝယ်ယူသည့် စာရင်းများကောက်ယူ ခြင်းနှင့် စာရင်းလုပ်ခြင်းများအား အဓမ္မခိုင်းစေခြင်းများ ရှိနေသည်ဟု သိရသည်။
ထိုသို့သော အကျဉ်းထောင် အလုပ်များ အဓမ္မ စေခိုင်းခြင်းအား စက်တင်ဘာလမှ စတင်ခြင်း ဖြစ်ပြီး အဆိုပါ အလုပ်များ မလုပ်သည့် အကျဉ်းသူများအား ပါဆယ်ပို့ခွင့်အား အောက်တိုဘာ ၂၇ အထိ ကန့်သတ်ထားသည်ဟု ၎င်းက ဆက်ပြောသည်။
ယခင်က နိုင်ငံရေးအကျဉ်းသူများအတွက် နှစ်ပတ်တစ်ကြိမ် ဟင်း နှစ်မျိုး၊ ကော်ဖီ ခုနှစ် ထုပ်၊ ခေါက်ဆွဲ ငါး ထုပ် ပို့ခွင့်ရခဲ့သည်ဟု ဆိုသည်။
ထို့အပြင် မိသားစုဝင်များနှင့် ထောင်ဝင်စာ တွေ့ဆုံသည့်အခါတွင်လည်း တင်းကြပ်မှုများ ရှိနေပြီး အကျဉ်း ထောင်အတွင်း နေထိုင်ရသည့် အခြေအနေများ ပြောပြသည့် နိုင်ငံရေးအကျဉ်းသူများကို တိုက်ပိတ်ခြင်းများလည်း ဒိုက်ဦးအကျဉ်းထောင် အာဏာပိုင်များမှ လုပ်ဆောင်နေသည်ဟု သိရသည်။
အကျဉ်းသူများ၏ အခက်အခဲများအား “အကျဉ်းထောင်တွေရဲ့ ပါဆယ်ပို့ခွင့် ကန့်သတ်ပိတ်ပင်မှုတွေ ၊အကျဉ်းထောင်အာဏာပိုင်တွေရဲ့ သတင်းစီးဆင်းမှု တားဆီးထားတာတွေကြောင့် အချိန်နဲ့တပြေးညီ သတင်းမရရှိတာတွေ၊ ကျန်းမာရေးအခက်အခဲဖြစ်နေရင်တောင် ချက်ချင်းဆက်သွယ်မှု မလုပ်နိုင်တာတွေ၊ ထောင်ပြောင်းရွှေ့တွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သူတွေကို ဆက်သွယ်ရခက်ခဲတာတွေ အခြားတာဝန်ခံတွေရဲ့လုံခြုံရေးစိတ်မချရတာတွေပါ အမျိုးမျိုးရှိပါတယ်။”ဟု မဆုမြတ်က ရှင်းပြသည်။
လက်ရှိ နိုင်ငံရေးလှုပ်ရှားသည်ဟု အကြောင်းပြကာ ဖမ်းဆီးထောင်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသူ ၅၀၀၀ ကျော်ရှိသည်ဟု WOPP အဖွဲ့ထံမှ သိရသည်။
#ဒိုက်ဦးအကျဉ်းထောင် #နိုင်ငံရေးအကျဉ်းသူများ #အဓမ္မအလုပ်စေခိုင်း #ThanLwinKhetNews
