သန္တာဖြူ
စစ်ကော်မရှင်လက်အောက်ခံ အကျဉ်းထောင်များသည် နှိပ်စက်ရေးစခန်းများနှင့် ပိုမိုတူလာနေပြီး နိုင်ငံရေးအကျဉ်းသားများ၏ လူ့အခွင့်အရေးများသည် အဆိုးရွားဆုံး ချိုးဖောက်ခံနေရသည်။
စက်တင်ဘာလအစောပိုင်းတွင် နှလုံးရောဂါရှိသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဆေးကုသခွင့် တောင်းဆိုမှုကို စစ်တပ်အာဏာပိုင်များက ပယ်ချခဲ့မှုသည် အကျဉ်းထောင်များအတွင်း အသက်ရှင်သန်ခွင့် မသေချာသော အခြေအနေကို ပိုမိုပေါ်လွင်စေသည်။
ဥပက္ခာပြုခံရဆဲ တောင်းဆိုမှုများ
စစ်တပ်အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ သားငယ်ဖြစ်သူ ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းက စက်တင်ဘာ ၅ ရက်တွင် ဖွင့်ဟတောင်းဆိုခဲ့သည်။
“ကျွန်တော်ရဲ့ ဖိုးဖိုးက လွတ်လပ်ရေးရဖို့အတွက် သူရဲ့ အသက်ကို စွန့်ခဲ့တယ်။ တိုင်းပြည်အတွက် ငြိမ်းချမ်းမှု၊ တိုးတက်မှု၊ တရားမျှတမှုနဲ့ ဒီမိုကရေစီ ရဖို့ ကြိုးစားနေတဲ့ မေမေ့ကို မတရားဖမ်းဆီး ချုပ်နှောင်ထားတဲ့ ထောင်ထဲမှာ သေဆုံးသွားမှာ မဖြစ်စေချင်ဘူး” ဟု ကင်မ်အဲရစ်က ပြောသည်။
၎င်းက ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံရှိ အကျဉ်းသားအားလုံးကိုပါ ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။
ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဝီလျံဟိတ်ဂ် အပါအဝင် နိုင်ငံတကာမှလည်း ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် စစ်တပ်ကို ဖိအားပေးလျက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်၏ လုပ်ကြံစွပ်စွဲမှုများဖြင့် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရသော်လည်း လက်ရှိအချိန်အထိ မည်သည့်နေရာတွင် ထောင်ချထားသည်ကိုမူ အတိအကျမသိရသေးပေ။
စစ်ကြောရေးမှ ငရဲခန်းများ
စစ်တပ်အာဏာသိမ်းပြီးနောက် လူထုခေါင်းဆောင်အပါအဝင် ဒီမိုကရေစီလိုလားသူ ပြည်သူ ၂၉,၇၃၈ ကျော် ဖမ်းဆီးခံခဲ့ရသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ လက်ရှိအချိန်အထိ အကျဉ်းကျခံနေရသူ ၁၁,၀၀၀ ကျော် ရှိနေသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသည့် နိုင်ငံရေးအကျဉ်းသားများသည် အကျဉ်းသား ရပိုင်ခွင့်များကို ပေါ်ပေါ်တင်တင် ချိုးဖောက်ခံနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။
“ဒိုက်ဦးအကျဉ်းထောင်မှာလည်း ၆ လပိုင်း၊ ၇ လပိုင်းမှာ နိုင်ငံရေးအကျဉ်းသူတွေကို ဖိနှိပ်ပြီး တိုက်ပိတ်ပြစ်ဒဏ်ပေးတဲ့ ဖြစ်စဉ်တွေကို တွေ့လာရပါတယ်။ အကျဉ်းထောင်ထဲမှာ နည်းလမ်းအမျိုးမျိုးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးနေရပါတယ်” ဟု ကိုသိုက်ထွန်းဦးက ဆိုသည်။
ဒီမိုကရေစီအရေးလှုပ်ရှားမှုများကြောင့် အကျဉ်းကျခံနေရသူများသည် ထောင်ထဲက အာဏာပိုင်များထံတွင် လက်ခုပ်ထဲက ရေလို နေ့စဉ်ရက်ဆက်၊ ထောင်က မလွတ်မြောက်သေးသရွေ့ ငရဲခန်းများကို ဖြတ်သန်းနေကြရသည်။
“နှစ်ပွင့်ဗိုလ်က မင်းက ငါတို့ကို ဘာဖြစ်လို့ စစ်ခွေးလို့ ခေါ်ရတာလဲဆိုပြီး ဒူးထောက်နေရနဲ့ ကိုယ့်ရဲ့ရင်ဘတ်ကို စစ်ဖိနပ်နဲ့ ကန်လိုက်တယ်” ဟု စစ်တပ် အာဏာသိမ်းပြီးနောက် နှစ်ကြိမ်တိတိ ဖမ်းဆီးထောင်ချခံခဲ့ရသည့် သတင်းထောက် ကိုစိုးရာဇာထွန်းက ပြောသည်။
၂၀၂၂ ခုနှစ် မတ်လတွင် ဒုတိယအကြိမ် ဖမ်းဆီးခံရချိန် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် **“စစ်ခွေး”**ဟု ရေးသားထားသည်ကို စစ်ဆေးတွေ့ရှိချိန် ဘုရားလေးစစ်ကြောရေးတွင် စစ်ဖိနပ်ဖြင့် အကန်ခံခဲ့ရခြင်း ဖြစ်သည်။ အလွတ်တန်းသတင်းထောက်ဖြစ်သည့် ကိုစိုးရာဇာထွန်းသည် ၂၀၂၁ ဖေဖော်ဝါရီ ၂၈ ရက်တွင် ပထမဆုံးအကြိမ် ဖမ်းဆီးခံခဲ့ရသည်။
ပထမတစ်ကြိမ်တွင်မူ စစ်ကြောရေး၌ ဆိုးဆိုးရွားရွား မကြုံခဲ့ရသော်လည်း ၂၀၂၂ မတ်လတွင် ဒုတိယအကြိမ် ဖမ်းဆီးခံရချိန်၌ ကြမ်းတမ်းသည့် စစ်ကြောရေး ငရဲခန်းကို ဖြတ်သန်းခဲ့ရသည်ဟု ဆိုသည်။
“တာဆုံစစ်ကြောရေးမှာ ဝင်ဝင်ချင်း ဓားနဲ့ သုံးချက်ထိုးတယ်။ တော်သေးလို့ပေါ့။ ဗိုက်ဘာမှ မဖြစ်သွားတာ။ အဝင် ၃၀၊ အထွက် ၃၀ ကြိမ် တုတ်နဲ့ ရိုက်တာ။ ခေါင်းမှာ သွေးက ဖြိုက်ဖြိုက်ထွက်တယ်” ဟု ကိုစိုးရာဇာထွန်းက ထောင်ထဲတွင် ကြုံတွေ့ခဲ့ရသည်များကို ပြန်ပြောသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လကလည်း ဖားအံအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၂ ဦးကို ထောင်အာဏာပိုင်များက ရုတ်တရက် ခေါ်ယူကာ အုပ်စုဖွဲ့ ရိုက်နှက်ပြီး ခြေကျင်းခတ်ကာ ၃ လကြာ တိုက်ပိတ်ထားခဲ့ကြောင်း PPNM က ဖော်ပြထားသည်။
တိုက်ပိတ်ထားစဉ်တွင်လည်း ထောင်အာဏာပိုင်များ ဝင်ရောက်ရိုက်နှက်ခဲ့သောကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးခဲ့ပြီး ကျန်သည့် နိုင်ငံရေးအကျဉ်းသားများမှာလည်း စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ရသောကြောင့် သေကြောင်းကြံရန် ကြိုးစားသူ အချို့လည်း ရှိခဲ့သည်ဟု PPNM က ဖော်ပြထားသည်။
ဆေးကုသခွင့် ကန့်သတ်ခံရ
ထို့အပြင် အကျဉ်းထောင်ထဲတွင် နာမကျန်းဖြစ်ချိန် လုံလောက်စွာ ဆေးကုသခွင့် မရသောကြောင့် သေဆုံးသူ အရေအတွက် မြင့်တက်လာသည်။ စစ်တပ် အာဏာသိမ်းထားသည့် ငါးနှစ်နီးပါးအတွင်း ထောင်ထဲတွင် ဆေးကုသမှု လုံလောက်စွာ မရရှိသောကြောင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၁၉၀ ကျော်အထိ ရှိသည်ဟု PPNM က ထုတ်ပြန်ထားသည်။
“ကိုယ့်မှာ ရောဂါရှိလို့ အိမ်က ဆေးတတ်နိုင်လို့ ယူထားတာတောင် သူတို့ကို ပေးထားရတယ်။ လိုရင် တောင်းရတယ်။ စစ်ဆေးရေးတွေ ဝင်ရင် သိမ်းသွားတယ်။ လူကြီးလမ်းကြောင်းတွေ လာရင် သိမ်းသွားတယ်။ အဲဒါတွေကို ဝန်ထမ်းတွေပဲ လုပ်ချင်သလို လုပ်နေတာလေ” ဟု ကိုစိုးရာဇာထွန်းက ထောင်တွင်း ဆေးဝါးသုံးစွဲရပုံအကြောင်းကို ရှင်းပြသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှ ၂၀၂၄ ဩဂုတ်အထိ စစ်ကောင်စီ၏ ဖမ်းဆီးခံရမှုကြောင့် အကျဉ်းထောင်ထဲတွင် သေဆုံးသူ ၁၈၀၀ ကျော်ရှိသည်ဟု ၂၀၂၄ ခုနှစ် စက်တင်ဘာတွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UNOHCHR) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ၂၀၂၅ ခုနှစ်အစမှ ဇူလိုင်လအထိ ၇ လအတွင်း ဆေးကုသခွင့် လုံလုံလောက်လောက် မရသောကြောင့် သေဆုံးသူ ၇၀ ကျော်အထိ ရှိသည်ဟု PPNM က ထုတ်ပြန်ထားသည်။
ကိုသိုက်ထွန်းဦးက “စစ်ကောင်စီကို အရေးယူဖို့ ကိစ္စတွေက အကျဉ်းထောင်ထဲ ဖြစ်ပေါ်တဲ့ ကိစ္စတွေ သာမက အကျဉ်းထောင်ပြင်ပ ပြည်သူလူထုကို ချိုးဖောက်နေတဲ့ ကိစ္စတွေ အပေါ်မှာ နိုင်ငံတကာ အနေနဲ့ လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေ လက်တွေ့ကျတဲ့ ဖိအားတွေ လုပ်ဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် သေဒဏ်ချမှတ်ပြီး ကွပ်မျက်ခြင်းကို ၁၉၈၀ ခုနှစ်က စပြီး ရပ်ဆိုင်းခဲ့သော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် ပထမဆုံးအကြိမ် သေဒဏ်ချမှတ်ခံထားရသူများဖြစ်သည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော် တို့ကို အင်းစိန်ထောင်တွင် ကွပ်မျက်ခဲ့သည်။
လက်ရှိအချိန်အထိ သေဒဏ်ချမှတ်ခံထားရသူ ၁၇၃ ဦးအထိရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ အချက်အလက်များအရသိရသည်။
ကြုံတွေ့နေရသော အခြေအနေဆိုးများ
စစ်ကောင်စီ အာဏာသိမ်းချိန်က ထောင်တွင်းအခြေအနေနှင့် ၂၀၂၂ နောက်ပိုင်း ထောင်တွင်းအခြေအနေသည် အလွန်ကွာခြားသွားပြီး အဆိုးရွားဆုံးအခြေအနေမျိုးကို အကျဉ်းကျသူများ ကြုံတွေ့နေရကြောင်း လွတ်မြောက်လာသူများက ပြောသည်။
“ပဲဟင်းက အရင် ၂၀၂၁ က ပဲတွေနဲ့ ပြည့်ပြည့်နှစ်နှစ်ပဲ အခုတော့ အရောင်ပဲ ရှိတော့တယ်။ လက်ဆေးရည် ဖြစ်သွားပြီ။ ပဲဖတ် မပါတော့ဘူး” ဟု စစ်ကောင်စီ အာဏာသိမ်းကာလအတွင်း နှစ်ကြိမ်တိတိ အကျဉ်းကျခံခဲ့ရသူ ကိုစိုးရာဇာထွန်းက ပြောသည်။
အကျဉ်းကျနေသူတစ်ဦး ရပိုင်ခွင့်များ ချိုးဖောက်ခံနေရသော်လည်း အလုပ်ကြမ်းလည်း လုပ်ရဦးမည်ဖြစ်သောကြောင့် ကျိတ်မှိတ်ပြီး စားသောက်ခဲ့ရကြောင်း ဆိုသည်။
“အရင်က ငါးက လေးလက်မလောက် ရှိတယ်။ အခုက တစ်လက်မ မပြည့်ချင်ဘူး။ ကြက်သား တစ်ရက်က ကျွေးတယ်။ ညနေပိုင်းပဲ။ အရင် ခုနစ်ကျပ်ခွဲသား ရှိတယ်။ အခု နှစ်ကျပ်သားတောင် မပြည့်တော့ဘူး” ဟု ကိုစိုးရာဇာထွန်းက ပြောသည်။
ယခုနောက်ပိုင်းတွင် ထောင်တွင်း၌ အစားအသောက်ကျွေးသည့်အခါ မသန့်ရှင်းသည့်အပြင် ဆန်ပြုတ်ချက်လျှင်တောင် ဆား မခတ်ထားသလို ဆီမပါဘဲ ကြော်ထားသည့် မာတောင့်နေသည့် ထမင်းကြော်များကို ကျွေးသည်ဟု ၎င်းထောင်တွင်း ကြုံခဲ့ရသည်များကို ရှင်းပြသည်။
ထို့အပြင် အခန်းတစ်ခုတည်းတွင် လူများ စုပြုံထည့်ထားသောကြောင့် ညအိပ်သည့်အချိန်တွင် ဟိုဒီ လှည်အိပ်ဖို့တောင် ခက်ခဲသည့် အခြေအနေမျိုးဖြင့် နေထိုင်ခဲ့ရသည်ဟု ဆိုကြသည်။ ရေကိုလည်း ပုံစံခွက်ဖြင့် တစ်ယောက်ကို ၁၀ ခွက်စီ ရသော်လည်း ပုံမှန် မရသည့် အခြေအနေမျိုးများ ရှိသောကြောင့် အရေပြားရောဂါများ အဖြစ်များကြသည်ဟု ဆိုသည်။
ယင်းသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းကျခံနေရသူများကို ပြောင်ပြောင်တင်းတင်း လူ့အခွင့်အရေးချိုးဖောက်နေခြင်းများ ဖြစ်သည်။
“အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်တွေက ဖိနှိပ်ရေးစခန်းတွေ စစ်ကြောရေး စခန်းတွေ ဖြစ်လာတယ်။ နိုင်ကျဉ်းတွေအတွက် အသက်ရှင်သန်ခွင့်ကတော့ အာမခံနိုင်တဲ့ အခြေအနေမှာ မရှိဘဲနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတဲ့ အခြေအနေမှာ ရှိနေပါတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီ၏ ညှင်းပန်းနှိပ်စက်မှုများအပေါ် အကျဉ်းကျခံနေရသူများ၏ မိသားစုဝင်များကလည်း စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။
“အမေက အသက် ၅၀ ကျော်၊ ၆၀ နားဆိုတော့ စိုးရိမ်မှုရှိတာပေါ့နော်။ ထောင်ဝင်စာ ပို့လို့ရပေမဲ့ လူချင်းတွေ့လို့ မရတော့ဘူး။ ရဲမေက တစ်ဆင့်ပဲ ပြောရတာမျိုး ဖြစ်နေတယ်” ဟု ဒီမိုကရေစီအရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးထောင်ချခံထားရသူ အမျိုးသမီးတစ်ဦး၏ အသက် ၂၀ ကျော်အရွယ် သမီးငယ်က ဆိုသည်။
သူက ဆက်လက်ပြီး “ကျန်းမာရေးမကောင်းတဲ့ အချိန်မှာ အမေ အဖမ်းခံရတယ်။ လွှတ်တဲ့အချိန်မှာ ကျွန်တော်တို့ဆီ ပြန်မရောက်လာမှာကို စိုးရိမ်တယ်” ဟု ဆိုသည်။
စစ်တပ်အာဏာသိမ်းထားသည့် ငါးနှစ်ပြည့်ခါနီးကာလအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများသည် ပိုမိုခက်ခဲသည့် အခြေအနေများကို နေ့စဉ်ရက်ဆက် ကြုံတွေ့နေရခြင်း ဖြစ်သည်။
ထိုသို့သော ဖြစ်စဉ်များကြောင့် မိသားစုဝင်များသည်လည်း အကျဉ်းချခံရသူများ အကောင်းပကတိပြန်လာနိုင်မည့် အချိန်ကို မျှော်လင့်ရုံသာ တတ်နိုင်ကြသည့် အခြေအနေဖြစ်နေသည်။