![]()
စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၁ တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် အောက်တိုဘာ ၂၈ မှ ဒီဇင်ဘာ ၂၆ ရက်အထိ မဲဆွယ်စည်းရုံးခွင့် တရားဝင် စတင်ပြီဖြစ်သည်။
လာမည့် ၂၀၂၅ ဒီဇင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၁ အား ခရိုင်အဆင့် မြို့နယ် ၁၀၂ မြို့နယ်တွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေဖြင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များ ယနေ့ စတင်နိုင်ပြီဟု ကြေညာထားသည်။
သို့သော် လက်ရှိအချိန်အထိ ရန်ကုန်တိုင်းအတွင်း မြို့နယ်အချို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးမှုများ မမြင်တွေ့ရသေးဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သည့် အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“မဲစာရင်းကပ်ထားလို့ လာကြည့်ဖို့ အော်နေတာတော့ကြားတယ်။ မကြည့်ဖြစ်ဘူး။ စိတ်လည်း မဝင်စားတော့။ အနီးအနားက လူတွေလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာအသံမှ မထွက်လာကြဘူး။ စားဝတ်နေရေးအတွက် ရုန်းကန်နေကြရတော့လေ” ဟု ၎င်းက ပြောသည်။
အာဏာသိမ်းစစ်တပ် ဦးစီးကျင်းပသည့် ရွေးကောက်ပွဲတွင် ပါတီစုစုပေါင်း ၅၇ ပါတီနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ အပါအဝင် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၄၉၃၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။
သို့သော် ပြည်သူများ၏ ဆန္ဒနှင့် ထပ်တူကျခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အား ပယ်ဖျက်ပြီး စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲအား ပြည်သူများ၏ စိတ်ဝင်စားမှုမှာ လျော့နည်းနေသည်ဟု ရန်ကုန်မြို့တွင် နေထိုင်သူများက ဆိုသည်။
၂၀၂၀ ရွေးကောက်ပွဲ ကျင်းပသည့် အချိန်က ကိုဗစ်ကာလနှင့် တိုက်ဆိုင်နေခြင်းကြောင့် ကိုဗစ်ကူးစက်မည်ကို စိုးရိမ်မှုသာရှိခဲ့ပြီး အဆိုပါ ရောဂါကပ်ဆိုးကြားမှပင် ပြည်သူများက ဆန္ဒမဲပေးခဲ့ကြသည်။
“အဲဒီတုန်းက ကိုဗစ်တစ်ခုပဲ စိုးရိမ်စရာရှိတယ်။ အဲကြားထဲကတောင် လူတွေ မကြောက်မရွံသွားပြီး မဲပေးခဲ့ကြတာ သက်သေပါပဲ။ အဲဒီတုန်းက မဲပေးဖို့ကို အရမ်းစိတ်လှုပ်ရှားခဲ့ကြတာ အမှတ်တရပဲ” ဟု အဆိုပါ အမျိုးသားက ပြောသည်။
စစ်တပ်ဦးစီးမည့် ရွေးကောက်ပွဲအတွက် ပြည်ပရောက်နေသူများအား ကြိုတင်မဲလာရောက်ပေးနိုင်သည်ဟု သက်ဆိုင်ရာ သံရုံးများမှ အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့သော်လည်း စိတ်ဝင်စားသူ မရှိခဲ့ပေ။
ဒီဇင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲအား အာဆီယံမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့် ကိုယ်စားလှယ်အဖွဲ့အား စေလွှတ်ရန် စစ်တပ်မှ တောင်းဆိုထားသော်လည်း စေလွှတ်မည် မဟုတ်ဟု အာဆီယံ အဖွဲ့ဝင် ၁၁ နိုင်ငံမှ သံတမန်အရင်းအမြစ်များက AFP သတင်းဌာနကို ပြောထားသည်။
#ရွေးကောက်ပွဲ #မဲဆွယ်စည်းရုံးရေးကာလ #ပြည်သူစိတ်ဝင်မစား #ThanLwinKhetNews
