![]()
KK Park ကျားဖြန့်ဝင်းထဲမှ ထွက်ပြေးလာကြသည့် နိုင်ငံခြားသားများသည် ၎င်းတို့ ယူဆောင်လာသည့် အိုင်ဖုန်းများအား ရောင်းချနေခြင်းကြောင့် ဖုန်းဈေးကွက် ပျက်လုနီးဖြစ်နေသည်ဟု မြဝတီမြို့ နေထိုင်သူများထံမှ သိရသည်။
“အိုင်ဖုန်းတွေက ပေါသောပြီးတော့ အဲဒါတွေ ပြန်ရောင်းကြတယ်။ နိုင်ငံခြားသားတွေလည်း များတယ်။ ကျားဖြန့်မှာ သုံးတဲ့ အိုင်ဖုန်းတွေကို ထွက်ပြေးတိမ်းရှောင်လာသူတွေက ယူခဲ့တယ်။ပြီးတော့ အပြင်မှာ ရောင်းချနေကြတော့ ဖုန်းဈေးကွက် ပျက်တဲ့ အခြေအနေ ဖြစ်နေပါတယ်။ မနေ့ကဆို အိုင်ဖုန်း အလုံးပေါင်း သောင်းနဲ့ချီ ထွက်လာတယ်” ဟု မြဝတီမြို့တွင် နေထိုင်သည့် အသက် ၃၀ ကျော် အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် အသုံးပြုသည့် ဖုန်းများအား ထွက်ပြေးလာချိန်တွင် ယူဆောင်လာကြခြင်းဖြစ်ပြီး အိုင်ဖုန်းများအား အနိမ့်ဆုံး ဘတ် ၅၀၀ မှ ဘတ် ၃၀၀၀ အထိ မော်ဒယ်လ် အနိမ့်အမြင့်ပေါ် မူတည်၍ ရောင်းချနေကြသည်ဟု အဆိုပါ အမျိုးသားက ပြောသည်။
လက်ရှိ မြဝတီမြို့တွင် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းမှ ထွက်လာသူများကြောင့် လူရှုပ်နေသည်ဟုလည်း ဒေသခံများက ဆိုသည်။
KK Park အား စစ်တပ်မှ ဝင်ထွက်ခွင့် ပိတ်ထားသော်လည်း အခြားကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်သည့် ရွှေကုက္ကိုနှင့် မြဝတီမြို့များပေါ်တွင်လည်း အိမ်များဌားရမ်းကာ အွန်လိုင်းငွေလိမ်ဂိုဏ်းများ ဆက်လက်လည်ပတ်နေဆဲ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
“ကျားဖြန့်ရုံတွေက အများကြီးရှိတယ်။ အဲဒါတွေက လည်ပတ်နေတုန်းပဲ။ တခြားနေရာကို ထွက်ပြေးတိမ်းရှောင်ပြီးတော့ အလုပ်လုပ်လို့ရနေတုန်းပဲ။ ဒီလောက်ထိ တင်းကြပ်တာတော့ မရှိဘူး။ ရွှေကုက္ကိုက လည်ပတ်နေတုန်းပဲ အကုန်လုံးကို တင်းတင်းကျပ်ကျပ် လုပ်နိုင်တာမျိုး မရှိသေးဘူး။ အရောင်ပြ လုပ်ပြတဲ့ ပုံစံမျိုးပဲ ရှိပါသေးတယ်” ဟု မြဝတီမြို့မှ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
KK Park မှ ထွက်လာသူများသည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ အမှတ် ၁ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားမှ တရားဝင် ဝင်ရောက်ခြင်းများရှိသကဲ့သို့ မှောင်ခိုလမ်းကြောင်းများမှလည်း ဝင်ရောက်လျက်ရှိသည်။
ထိုသို့ ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများအား ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်၊ မဲကူဒေသခွဲ၊ အမှတ် ၉ ရွာဖြစ်သည့် ဘန်မဲကူထာဆွန် (Ban Mae Ku Tha Sung) ရှိ ယာယီစခန်းတွင် အောက်တိုဘာ ၂၃ ရက်မှ စတင်၍ ခိုလှုံခွင့်ပြုထားသည်။
လက်ရှိတွင် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများမှ ထွက်ပြေး၍ ခိုလှုံနေသူ ၁၀၀၀ ကျော်အထိ ရှိနေပြီး နာရီနှင့် အမျှ ခိုလှုံသူများ တိုးလာနေသည်ဟု ထိုင်းသတင်း ဖော်ပြချက်များအရ သိရသည်။
လက်ရှိ ခိုလှုံနေသူများထဲတွင် အိန္ဒိယနိုင်ငံသား ၃၉၉ ဦး ပါရှိပြီး အများဆုံးဖြစသည်။ ဒုတိယ အများဆုံးမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး အရေအတွက်အားဖြင့် ၁၄၇ ဦးအထိ ခိုလှုံနေသည်ဟု သိရသည်။
ထို့အပြင် ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများထဲတွင် ထိုင်းနိုင်ငံသား ၃၁ ဦးပါဝင်ပြီး ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ အင်ဒိုနီးရှားနှင့် နီပေါနိုင်ငံသားများလည်း ပါဝင်သည်ဟု သတင်းများတွင် ဖော်ပြထားသည်။
