![]()
ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်အတွင်း ယနေ့တစ်ရက်တည်းတွင် နိုင်ငံခြားသား ရုပ်အလောင်း လေးလောင်း မျောပါလာသည်ဟု ဒေသခံများထံမှ သိရသည်။“မြဝတီမြို့ဘေး သောင်ရင်းမြစ်ထဲမှာ မျောလာတာ တွေ့ရတာ။ မနက်က တစ်လောင်း၊ နေ့လယ်က နှစ်လောင်း ညနေက တစ်လောင်းမျောလာတာ” ဟု မြဝတီဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။
ထိုရုပ်အလောင်းများမှာ မည်သည့် နိုင်ငံသားများ ဖြစ်သည်ကို မသိရသေးသည့်အပြင် မည်သည့်အကြောင်းရင်းကြောင့် သေဆုံးသည်ကိုလည်း အတည်မပြုနိုင်သေးပေ။
ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်ကလည်း KK Park မှ ထွက်ပြေးပြီး ထိုင်းနိုင်ငံဘက်ခြမ်းသို့ သောင်ရင်းမြစ်ကူးကာ ထွက်ပြေးလာသည့် နိုင်ငံခြားသား နှစ်ဦး ရေနစ်သေဆုံးခဲ့သည်။
အာဏာသိမ်း စစ်တပ်က ကျားဖြန့်ငွေလိမ်ဂိုဏ်းများ ရှိရာ ကရင်ပြည်နယ် မြဝတီမြို့အနီး KK Park အား ဝင်ရောက်စီးနင်းခဲ့သည့် သတင်းများကို ၎င်းတို့ပိုင် မီဒီယာများမှတဆင့် အောက်တိုဘာ ၁၉ ရက်က ဖြန့်ဝေပြီးနောက် KK Park ဝင်ထွက်ဂိတ်များအား အောက်တိုဘာ ၂၂ ရက် မနက်အစောပိုင်းတွင် ဖွင့်ပေးလိုက်သည်။
ထို့နောက် ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်သူများသည် မြဝတီမြို့ အမှတ် ၁ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားမှတဆင့် တရားဝင်လမ်းကြောင်းဖြင့် ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်လာကြသည်။ အချို့မှာ တရားမဝင် မှောင်ခိုလမ်းကြောင်းများမှလည်း ထိုင်းနိုင်ငံသို့ ဝင်ရောက်လျက်ရှိသည်။
လက်ရှိတွင် KK Park မှ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြသူများ နေထိုင်နိုင်ရန် နေရာထိုင်ခင်းအပြည့်အစုံဖြင့် ယာယီစခန်း ၄ ခုအား ဖွင့်လှစ်ပေးထားပြီး ကျားဖြန့်လုပ်ငန်းများမှ ထွက်ပြေးလာသည့် နိုင်ငံခြားသား ၁၀၀၀ ကျော်ခန့်အား ယာယီနေထိုင်ခွင့်ပြုထားသည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
#သောင်ရင်းမြစ် #နိုင်ငံခြားသားရုပ်အလောင်းများမျောလာ #ThanLwinKhetNews

