သံလွင်ခက်
မေ ၈ ၊ ၂၀၂၃ ။
ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး(ပအဖ) ရုံး လေကြောင်းတိုက်ခိုက်ခံရမှုတွင် နယ်မြေခံတပ်ရင်းများထံခွဲဝေပေးရန် ယာယီထိန်းသိမ်းထားသည့် ကာကွယ်ရေးပစ္စည်းများအပါအဝင် ကျပ်သိန်း ၁၅၀၀ ခန့်ဆုံးရှုံးခဲ့သည်ဟုတာဝန်ရှိသူများထံမှသိရသည်။
မကွေးတိုင်း၊ဂန့်ဂေါခရိုင်၊ထီးလင်းမြို့နယ်အနောက်ဖက်ခြမ်းရှိ မြို့နယ်ပအဖ ရုံးကို စစ်ကောင်စီတပ်က ပြီးခဲ့သောဧပြီလ ၂၀ရက်တွင် တိုက်လေယာဥ်ဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးမှုများအပြင် ပစ္စည်းများပါမီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။
အဆိုပါတိုက်ခိုက်ခံရမှုမှ ပျက်စီးဆုံးရှုံးမှုများအား တာဝန်ရှိသူများက ယနေ့တွင်ဖော်ပြထားရာ ရုံးသုံးကွန်ပြူတာ၉ လုံး၊ ပရင်တာ ၂ လုံး ၊
မိတ္တူကူးစက် ၁ လုံး ၊ ရုံးသုံး SURF ကားတစီး၊
ရုံးသုံးဆိုင်ကယ် ၃ စီး ၊ ရုံးသုံးလက်ကိုင်ဖုန်း ၈ လုံး ၊ ပအဖများထံအပ်နှံထားသော အခွန်ငွေ ၁၃၅ သိန်း ၊ ကျေးရွာပကဖများအား လက်နက်တပ်ဆင်ပေးရန်အပ်နှံထားသောငွေ ၂၄၅ သိန်း ၊ ပအဖရုံးအဖွဲ့မှ ရန်ပုံငွေရရှိထားသော ငွေ၇၈ သိန်း နှင့် ရန်ပုံငွေအတွက်ရောင်းချရန်ကျန်ရှိပစ္စည်းများ၏တန်ဖိုး ၄၆ သိန်း တို့ဆုံးရှုံးခဲ့သည်ဟု ပါရှိသည်။
ထို့ပြင် လေကြောင်းတိုက်ခိုက်ခံရမှု့မဖြစ်မီရက်ပိုင်းအတွင်းမှရောက်ရှိလာသည့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များအားခွဲဝေးပေးရန်အလို့ငှာ ယာယီထိန်းသိမ်းထားသည့်ကာကွယ်ရေးပစ္စည်းများလည်း ခွဲဝေခြင်းမပြုမီ မီးလောင်ပျက်စီးခဲ့သည်။
အဆိုပါကာကွယ်ရေးပစ္စည်းများတွင် ပစ္စတို ၃ လက်၊ပစ္စတိုကျည် ၁၅၀ တောင့်၊ Ak ကျည် ၁၁၀ တောင့် ၊ယမ်းပျော့ဖာ ၅ ဖာ ၊ ကစ်သီးအလုံး ၅၀၀ ၊ RPG ထိပ်ဖူး(ကျည်) ၄ လုံး နှင့် အမြန်ကြိုးခွေ တစ်ခွေ ပါဝင်သည်။
“ကာကွယ်ရေးပစ္စည်းတွေ နဲ့အခြားပစ္စည်းမြောက်မြားစွာ ဆုံးရှုံးခဲ့ပြီး သိန်းပေါင်း ၁၅၀၀ (တစ်ထောင့်ငါးရာ)ခန့်ဆုံးရှုံးသွားခဲ့ရတယ်လို့ ထီးလင်းမြို့နယ်အနောက်ဖက်ခြမ်းပအဖ ဥက္ကဋ္ဌ ဥဦးကိုလေးမှတစ်ဆင့်သိရပါတယ် “ဟုထီးလင်းကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
ထိုသို့ပစ္စည်းများနှင့်ငွေကြေးငွေများ ဆုံးရှုံးရခြင်းသည် ပေါ့ဆမှုကြောင့်မဟုတ်ဘဲ ကြိုတင်သတိထားပြင်နေသည့်ကြားမှာပင် အမှတ်မထင်ဖြစ်သွားရခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
“အဲ့ရက်ပိုင်း ဧပြီလ ၁၇ ရက်နေ့ကစလို့ ဆက်သွယ်ရေးဖုန်းလိုင်းတွေကိုတမင်ရည်ရွယ်ချက်ရှိရှိနဲ့ဖြတ်တောက်ထားတယ်။ တစ်ခုခုဖြစ်လာရင် ကျနော်တို့ရုံးအဖွဲ့သားတွေအနေနဲ့ကြိုတင်ရှောင်တိမ်းနိုင်ရန် အရေးကြီးစာရွက်စာတမ်း၊ပိုက်ဆံတွေနဲ့ အခြားပစ္စည်းတွေအားလုံးကိုစုစည်းထုပ်ပိုးပြီးအသင့်ပြင်ထားတာပါ။ စစ်ရေးသတင်းကိုမေးနေဆဲမှာ ရုတ်တရက် လေကြောင်းတိုက်ခိုက်မှုကိုခံလိုက်ရတာပါ” ဟု ပအဖရုံး ဥက္ကဋ္ဌဦးကိုလေးက ပြောသည်။
ထိုတိုက်ခိုက်ခံရမှုတွင် ပအဖရုံးအဖွဲ့ဝင်နှင့်ကာကွယ်ရေးရဲဘော် ၃ဦးကျဆုံး၍ ၈ဦးဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင်ဒဏ်ရာရရှိသူများအား လုံခြုံဘေးကင်းသည့်နေရာ၌ ဆေးဝါးကုသမှုပေးနေသည်ဟု သိရသည်။
” ဒဏ်ရာရသူ ၈ ဦးပါ။ အဲ့ထဲမှာ ပအဖတာဝန်ခံကိုလေးရယ်စစ်ရှောင်စခန်းတာဝန်ခံ မနန်းအိဖြိုးလဲပါပါတယ်။ပအဖ တာဝန်ခံက မျက်စိ၂ လုံး လုံးထိတာပါ။ စစ်ရှောင်တာဝန်ခံမနန်းအိဖြိုးကလည်း မျက်စိတစ်လုံးထိထားပါတယ် ” ဟု ထီးလင်းကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကို ပြောသည်။
ထိုလေကြောင်းတိုက်ခိုက်ခံရမှုသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဓားစာခံအဖြစ်ဖမ်းဆီးခံရသူများကို မရမကစစ်ဆေးမေးမြန်းမှုမှ သတင်းပေါက်ကြားသွားပြီး လေကြောင်းမှ လာရောက်တိုက်ခိုက်ခံလိုက်ရခြင်းဖြစ်သည်ဟုသိရသည်။
ပုံစာ– လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထီးလင်းမြို့နယ် ပအဖရုံး မီးလောင်ပျက်စီးမှု။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram-> https://t.me/newstlk/947
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=4100
Website ->https://eng.thanlwinkhet.net