သံလွင်ခက်
မေ ၈ ၊ ၂၀၂၃ ။
ကရင်ပြည်နယ် မြဝတီမြို့အနီးတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ ၇၅ဦး သေဆုံး၍ BGFစခန်း ၈ ခုထက်မနည်းကို သိမ်းပိုက်ဖျက်ဆီးနိုင်ခဲ့သည်ဟု ပူးပေါင်းစစ်ကြောင်းများထံမှ သိရသည်။
ပြီးခဲ့သော ဧပြီလအတွင်း၌ ထိုင်း–မြန်မာနယ်စပ် မြဝတီမြို့အနီးအပါအဝင် ကေအဲန်ယူ တပ်မဟာ ၆၊ ဒူးပလာယာခရိုင် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ ၁၀၇ ဦးသေဆုံး၍ စစ်သုံ့ပန်း ၃ဦးဖမ်းဆီးရမိခဲ့သည်ဟု ဒူးပလာယာခရိုင်က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
ကေအဲန်ယူ တပ်မဟာ ၆၊ ဒူးပလာယာခရိုင်တွင် ပြီးခဲ့သောဧပြီလအတွင်း၌ KNLA၊ KNDO ၊PDF ပူးပေါင်းစစ်ကြောင်းများနှင့် စစ်ကောင်စီတပ်၊ BGFတပ်တို့အကြား ထိတွေ့တိုက်ပွဲပေါင်း ၂၉ ကြိမ် ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲများ၌ စစ်ကောင်စီတပ်ဘက်မှ ၁၀၀ ကျော်သေဆုံးခဲ့သည့်အပြင် ဒဏ်ရာရရှိသူ ၈၅ဦးတွင် ဗိုလ်မှူးအဆင့် (၂) ဦး၊ ဗိုလ်ကြီး အဆင့် (၁) ဦး နှင့် ခမရ (၂၀၇) တပ်ရင်း ဗိုလ်မှူး (၁) ဦး၊ ခလရ (၈) တပ်ရင်းမှူး တစ်ဦးပါဝင်ခဲ့သည်။
ထိုတိုက်ပွဲများအတွင်း၌ KNLA၊ KNDO နှင့် PDF ပူးပေါင်း စစ်ကြောင်းများမှ ရဲဘော် ၁၀ ဦးကျဆုံး၍ ၁၉ဦးဒဏ်ရာရရှိခဲ့သည်။
ကေအဲန်ယူတပ်မဟာ၆နယ်မြေ ဧပြီလတိုက်ပွဲများအတွင်း၌ စစ်ကောင်စီတပ်ဘက်မှ လေကြောင်းဖြင့်ဗုံးကြဲတိုက်မှု ၃၁ ကြိမ် လာရောက်ပြုလုပ်ခဲ့ပြီး လက်နက်ကြီးများဖြင့် ၁၈၄ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများသည် စစ်ရေးပစ်မှတ်များအပြင်အရပ်သားပြည်သူပစ်မှတ်များကိုပါတိုက်ခိုက်ခဲ့မှုနှင့် စစ်ကောင်စီတပ်၏ ဖျက်ဆီးမှုများကြောင့် စာသင်ကျောင်း၃ကျောင်း၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၂ ကျောင်း၊ ဆေးပေးခန်း ၂ လုံး နှင့်နေအိမ် ၃၈၇လုံး ပျက်စီး၍ နေအိမ်၁၂ လုံး မီးလောင်ပြာကျခဲ့သည်။
ထို့ပြင် စစ်ကောင်စီတပ်စစ်ကြောင်း ဖမ်းဆီးညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့သည်။ကေအဲန်ယူတပ်မဟာ၆ နယ်မြေတွင် မြဝတီမြို့အနီးရှိ စစ်ဘေးရှောင် ၃၀၀၀ ကျော်အပါအဝင် စစ်ရှောင် ၂၃၀၀၀ကျော်ရှိနေသည်။
ထိုင်း–မြန်မာနယ်မြဝတီမြို့ကုန်သွယ်ရေးဇုန်တွင် ပြီးခဲ့သောမတ်လ၂၅ရက်တွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကော်ဘရာစစ်ကြောင်း(၂)၊ ကျားသစ်နက်စစ်ကြောင်း၊Federal Wings၊ Golden Eagle၊ ရောင်နီ စသည့် ပူးပေါင်းစစ်ကြောင်းများက မြဝတီမြို့အနီးနေရာများကိုစစ်ဆင်ရေးဖော်ဆောင်ခဲ့ကြသည်။
ထို့ကြောင့် ဧပြီလအတွင်း၌ ထိတွေ့တိုက်ပွဲများပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့်BGF ဂိတ်စခန်းများ၊ အခြေချစခန်းများနှင့် ၎င်းတို့ထိန်းချုပ်ထားသော ကျောက်မိုင်းလုပ်ကွက်များနှင့်စီးပွားရေးလုပ်ငန်းတချို့တို့ကို ပူးပေါင်းစစ်ကြောင်းများက တိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးနိုင်ခဲ့သည်။
ပုံစာ–ပြီးခဲ့သောဧပြီလတွင် စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့်ဗုံးကြဲမှု၊ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဘာသာရေးအဆောက်အဦး၊ စာသင်ကျောင်း၊ ဆေးပေးခန်းနှင့် လူနေအိမ်များပျက်စီးမှု။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram-> https://t.me/newstlk/945
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=4094
Website ->https://eng.thanlwinkhet.net