![]()

ခင်သရဖီဦး
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ လူမူကူညီရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းက အရေးပေါ်လူနာ တင်ဆောင်ရန် သွားရောက်စဉ်တွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲခဲ့သည့်အတွက် အသက် ၁၄ နှစ်အရွယ် အသင်းဝင်တစ်ဦး သေဆုံးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။
ယမန့်နေ အောက်တိုဘာလ ၂၆ ရက် ညနေ ၃ နာရီခန့်တွင် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းမှ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာသို့ လူနာတင်ရန် ကားဖြင့် သွားစဉ် စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် လိုက်လံ ပစ်ခတ်သည့်အတွက် သေဆုံးခဲ့ခြင်းဖြစ်သည်။
အသက် ၂၃ နှစ်အရွယ် ပုဏ္ဏားကျွန်းဒေသခံ အမျိုးသမီးတစ်ဦးက ” ကွမ်းတောင်ဘက်ကို လူနာ သွားတင်တဲ့အချိန်မှာ ဒရုန်းနဲ့လာပစ်တာပါ။ အဲဒါကြောင့် ကားမှာ ထိသွားတယ်ပေါ့နော်။ အဲဒီမှာ အဲဒီကလေးက အခုလိုမျိုး သေသွားတာပါ။ ဆေးရုံတွေ ဘာတွေ မတင်လိုက်ရပါဘူး။ မနေ့က ဖြစ်တဲ့အချိန်မှာပဲ ဆုံးသွားတာပါ။ သူတစ်ယောက်ပဲ ထိသွားပြီးတော့ တခြားလူတွေ ဒဏ်ရာရတာမျိုးတော့ မရှိပါဘူး”ဟု ပြောသည်။
သေဆုံးသွားသူမှာ အသက် ၁၄ နှစ်အရွယ် မောင်ဌေးအောင်ဟိန်း ဖြစ်သည်။ မောင်ဌေးအောင်ဟိန်းသည် အသက် ၁၀ နှစ်အရွယ်မှစပြီး ပရဟိတအလုပ်များကို လုပ်ဆောင်နေသူတစ်ဦးဖြစ်သည်။

စစ်ကော်မရှင်တပ်အနေဖြင့် စစ်တွေမြို့ အခြေစိုက် စခန်းများမှ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောဘက်များသို့ မကြာခဏ ပစ်ခတ်မှုများ ပြုလုပ်နေသည့်အတွက် ဒေသခံများ သေဆုံး ထိခိုက်ဒဏ်ရာရရှိမှုများ ဆက်တိုက်ဆိုသလို ရှိနေသည်။
ပုံစာ – စစ်တပ် ဒရုန်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ ယူနီဖောင်းဝတ်ဆင်ထားသည့်အသက် ၁၄ နှစ်အရွယ် ကလေးငယ်
#လူနာသွားယူသည့်ကား #ဒရုန်းဖြင့်ပစ်ခတ် #၁၄နှစ်အရွယ်အသင်းဝင်သေဆုံး #ThanLwinKhetNews
