![]()
ခင်သရဖီဦး
စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းကျေးရွာကို စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
ယနေ့ အောက်တိုဘာလ ၂၅ ရက် နံနက် ၈ နာရီခန့်တွင် သိုင်းချောင်းကျေးရွာအနီးသို့ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ကလပ်စတာဗုံးများ ကြဲချခဲ့သည့်အတွက် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု အသက် ၃၀ အရွယ် စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
”သိုင်းချောင်းရွာနားကို ဂျက်နှစ်စီးနဲ့ ကလပ်စတာဗုံးတွေလာချတာပါ။ သိုင်းချောင်းရွာမှာက အရပ်သားတွေ ရှိနေတာပေါ့လေ။ တစ်ယောက်ကတော့ ဒဏ်ရာရရသွားတာပါ။ နောက်ထပ် ဒဏ်ရာရ ရှိမရှိကိုလည်း ဆက်လက်စုံစမ်းနေပါတယ်” ဟု ၎င်းက ပြောသည်။
ကျောက်ဖြူဘက်တွင် စစ်ကော်မရှင်တပ်အနေဖြင့် အင်းအားအများအပြားဖြည့်ထားပြီး အရပ်သားနေရာများကို ဆက်တိုက် ဗုံးကြဲမှုများ လုပ်ဆောင်နေသည်ဟုလည်း အသက် ၄၀ အရွယ် ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
၎င်းက ”စစ်တပ်ဘက်က အင်းအားတွေ အများကြီးဖြည့်ပြီးတော့ ဂျက်ဖိုက်တာနဲ့ အရပ်သားတွေ နေတဲ့ နေရာတွေကို လာချတာရှိတယ်။ နေ့တိုင်းနီးပါး စစ်တပ်ဘက်ကတော့ တိုက်ပွဲမရှိပေမဲ့ အရပ်သားနေတဲ့ ကျေးရွာတွေကို ဗုံးတွေ လိုက်ကြဲတိုက်ခိုက်နေတာပါ။ ရည်ရွယ်ချက်ရှိရှိပေါ့” ဟုဆိုသည်။
ကျောက်ဖြူတိုက်ပွဲအတွင်း စစ်ကောမရှင်တပ်အနေဖြင့် ဒရုန်း၊ ဂျက်ဖိုက်တာများအပြင် စစ်ရေယာဉ်များဖြင့် ထိုးစစ်ဆင်တိုက်ခိုကခြင်းနှင့် အရပ်သားပြည်သူများ နေထိုင်သည့် ကျေးရွာများသို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုများ ဆက်တိုက်လုပ်ဆောင်နေသည့်အတွက် ကမ်းရိုးတန်းနေ ပြည်သူများအနေဖြင့် သတိရှိကြရန်လည်း အာရက္ခတပ်တော် AA က သတိပေးထုတ်ပြန်ထားသည်။
#ကျောက်ဖြူ #သိုင်းချောင်းရွာ #စစ်တပ်ဗုံးကြဲ #ThanLwinKhetNews
