![]()

တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ဒေသများအား စစ်တပ်မှ အောက်တိုဘာ ၁ ရက်မှ ၂၄ ရက်အထိ ၃ ပတ်ကျော်အတွင်း လေကြောင်းမှ ဗုံး ၃၆ ကြိမ်အထိ ကြဲချခဲ့သည်ဟု TNLA မှ ထုတ်ပြန်သည်။
စစ်တပ်သည် TNLA ထိန်းချုပ်ထားသည့် ဒေသများဖြစ်သည့် မန်တုံမြိုတွင်
နှစ် ကြိမ်၊ ကျောက်မဲမြိုတွင် နှစ် ကြိမ်၊ သီပေါမြိုတွင် ခြောက် ကြိမ်၊ မိုင်းငေါ့မြိုတွင် သုံး ကြိမ်၊ မိုင်းလုံမြိုတွင် လေးကြိမ်၊ နမ့်ဆန်မြိုတွင် ခြောက် ကြိမ်၊ နမ္မတူမြိုတွင် ခြောက် ကြိမ်၊ မိုးမိတ်မြိုတွင် သုံး ကြိမ်နှင့် မိုးကုတ်မြိုတွင် လေးကြိမ် ကြဲချခဲ့သည်။
ထိုသို့ ဗုံးကြဲချခြင်းကြောင့် အရွယ်မရောက်သေးသူ ကလေးငယ် ၁၀ ဦး၊ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၄၇ ဦးတို့ သေဆုံးခဲ့သည်။
ယင်းအပြင် အရွယ်မရောက်သေးသူ ကလေးငယ် ၂၅ ဦး၊ အမျိုးသား ၁၉ ဦးနှင့် သံဃာတော် နှစ်ဦး စုစုပေါင်း ၆၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံများ၏ နေအိမ် ၁၇၀ လုံး၊ စာသင်ကျောင်း ငါးကျောင်း၊ ဘုန်းကြီးကျောင်း ခြောက် ကျောင်း၊ ကျောင်းဆောင် ရှစ် ဆောင်၊ အဆောက်အဦး ခြောက်လုံး, ဆိုင်ခန်း ငါး ခန်း၊ လက်ဖက်စက်ရုံ တစ် ရုံ၊ ဆိုင်ကယ် လေး စီးနှင့် ကား ဆယ် စီး ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်ကလည်း မိုးကုတ်ခရိုင်၊ မိုင်းလုံမြိုနယ်၊ ကော်ပေါင်ကျေးရွာအား စစ်တပ်မှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောင်းထိုင်ဆရာတော်ပျံလွန်တော်မူခဲ့ပြီး သံဃာတော် ငါးပါးနှင့် ကလေးငယ်အပါအဝင် ဒေသခံ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယမန်နေ့ ညနေ လေးနာရီ မထိုးမီတွင် စစ်တပ်မှ ပေါင် ၅၀၀ အား ဗုံး တစ်လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းထားထိမှန်၍ သက်တော် ၇၀ ဝါတော် ၅၀ ဝါ ရှိသည့် ကျောင်းထိုင် ဆရာတော် ပျံလွန်တော် မူခဲ့ခြင်းဖြစ်သည်။
ထို့အပြင် နေအိမ် နှစ်လုံး၊ ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် ကျောင်းဆောင် တစ်ဆောင် ထိခိုက်ပျက်စီးသွားခဲ့သည်။
ယင်းသို့ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် နေရာများသို့ စစ်တပ်သည့် ဗုံးကြဲတိုက်ခိုက်ခြင်းများအား ရွေးကောက်ပွဲကျင်းပရန် ကြေညာပြီးနောက်ပိုင်း ဆက်တိုက် လုပ်ဆောင်နေခြင်းဖြစ်သည်။
ထိုကြောင့် ဒေသတွင်း နေထိုင်သူများ အနေဖြင့် စစ်ရေးသတိရှိရန်နှင့် လေကြောင်းအန္တရာယ်ကာကွယ်သည့် နည်းလမ်းများအား လိုက်နာရန် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်များမှ သတိပေးထားသည်။

