ကိုဏီတာ
ယနေ့ စက်တင်ဘာလ ၂၁ ရက်သည် “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့” ဖြစ်သည်။
ယခုနှစ်အတွက် ကုလသမဂ္ဂ၏ ဆောင်ပုဒ်မှာ “Act Now for a Peaceful World” (ငြိမ်းချမ်းသောကမ္ဘာအတွက် ယခုပင် လက်တွေ့လှုပ်ရှားပါ) ဟူ၍ ဖြစ်သည်။
နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ငြိမ်းချမ်းရေးခေါင်းလောင်းသံ ထွက်ပေါ်လာချိန်သည် ကမ္ဘာတစ်ဝန်း စစ်ပွဲများနှင့် ပဋိပက္ခများကို ၂၄ နာရီကြာ ရပ်တန့်၍ ငြိမ်းချမ်းရေး၏ စံတန်ဖိုးများကို အသိအမှတ်ပြုကြသည်။
သို့သော် ထိုခေါင်းလောင်းသံသည် စစ်ကိုင်းတိုင်းမှ ရွာငယ်လေးတစ်ရွာ သို့မဟုတ် ကရင်နီပြည်နယ်မှ တောင်ကုန်းတစ်ခုဆီသို့ မရောက်ရှိနိုင်ပါ။ အကြောင်းမှာ ထိုနေရာများတွင် ဂျက်တိုက်လေယာဉ်များ၏ ဗုံးကြဲတိုက်ခိုက်သံ၊ လက်နက်ကြီးများ၏ ကျယ်လောင်သံများက လွှမ်းမိုးနေသောကြောင့် ဖြစ်သည်။ လူဦးရေ သန်း ၅၀ ကျော်နေထိုင်ရာ မြန်မာနိုင်ငံအတွက် “ငြိမ်းချမ်းရေး” ဆိုသည်မှာ လက်လှမ်းမမီနိုင်သော ဇိမ်ခံပစ္စည်းတစ်ခုသဖွယ် ဖြစ်နေသည်။
သာမန်ပြည်သူတစ်ယောက်အတွက် ငြိမ်းချမ်းရေးဆိုသည်မှာ စစ်မဲ့ဇုန် သို့မဟုတ် နိုင်ငံရေးသဘောတူညီချက်များထက် ပိုမိုနက်ရှိုင်းသည်။ ညဘက်တွင် ဗုံးကြဲမည်ကို မစိုးရိမ်ဘဲ အိပ်စက်ခွင့်ရခြင်း၊ သားသမီးများကို ဘေးကင်းစွာ ကျောင်းလွှတ်နိုင်ခြင်း၊ နက်ဖြန်အတွက် အနာဂတ်ကို ပုံဖော်ခွင့်ရခြင်းပင် ဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံသည် ဤအခြေခံအကျဆုံး လူ့အခွင့်အရေးများနှင့် မိုင်ပေါင်းများစွာ ဝေးကွာသွားခဲ့ပြီး ပြည်တွင်းစစ်မီးတောက်များကြား နက်ရှိုင်းစွာ နစ်မြုပ်ခဲ့ရသည်။

ငြိမ်းချမ်းရေးနှင့် လွဲချော်နေမှု၏ အထင်ရှားဆုံး သက်သေမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသော စစ်ဘေးရှောင်ပြည်သူများ၏ အရေအတွက်ပင် ဖြစ်သည်။
ကုလသမဂ္ဂ၏ နောက်ဆုံးထုတ်ပြန်ချက်များအရ အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာရသူ အရေအတွက်မှာ ၃.၅ သန်းကျော်အထိ ရှိလာခဲ့ပြီး စုစုပေါင်း စစ်ဘေးရှောင်အရေအတွက်မှာ ၄ သန်း နီးပါးရှိနေပြီဖြစ်သည်။ ထိုအရေအတွက်ထဲတွင် အနာဂတ်မဲ့စွာ ရှင်သန်နေရသော ကလေးသူငယ်ပေါင်း တစ်သန်းကျော် ပါဝင်နေသည်။
သူတို့၏ စာသင်ခန်းများသည် စစ်ကောင်စီ၏ ဗုံးဒဏ်ကြောင့် ပြာပုံဘဝရောက်ခဲ့ရသလို၊ သူတို့၏ ကစားကွင်းများသည် စစ်တပ်စခန်းများအဖြစ် ပြောင်းလဲခံခဲ့ရသည်။
အထူးသဖြင့် ကရင်ပြည်နယ်သည် နွေဦးတော်လှန်ရေးအစောပိုင်းကာလ ၂၀၂၁ ဒီဇင်ဘာလကတည်းက ပြင်းထန်သောတိုက်ပွဲများနှင့်အတူ လူသားချင်းစာနာမှုအကျပ်အတည်းကို ယနေ့တိုင် ခါးသီးစွာခံစားနေရဆဲဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေများအတွင်းသို့ စစ်ကော်မရှင်တပ်များက လက်နက်ကြီးများ၊ လေကြောင်းများဖြင့် အညှာအတာမဲ့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များမှ ကျေးရွာအများအပြားမှာ ရွာလုံးကျွတ်နီးပါး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။
ပြည်သူများသည် တောတောင်များထဲတွင် ယာယီတဲများဖြင့် ခိုလှုံနေရသလို၊ ထောင်ပေါင်းများစွာမှာလည်း သောင်ရင်းမြစ်ကိုဖြတ်ကူး၍ ထိုင်းနိုင်ငံဘက်ခြမ်းနှင့် မြန်မာဘက်ခြမ်းသောင်ပြင်များတွင် ဒုက္ခသည်များအဖြစ် ရှင်သန်နေကြရသည်။
သူတို့၏ နေ့ရက်တိုင်းသည် နောက်တစ်ကြိမ် လက်နက်ကြီးကျည်ကျလာမည်လော၊ နေရပ်ပြန်ပို့ခံရမည်လောဟူသော စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
ဤစစ်ဘေးရှောင်များအတွက် ငြိမ်းချမ်းရေးဆိုသည်မှာ နိုင်ငံရေးသဘောတူညီချက်များထက် မိမိတို့၏ လယ်ယာမြေသို့ ဘေးကင်းစွာပြန်၍ ထွန်ယက်စိုက်ပျိုးခွင့်ရမည့် နေ့တစ်နေ့သာဖြစ်သည်။
စစ်ကိုင်းနှင့် မကွေးတိုင်းတို့ရှိ ချင်းတွင်းမြစ်ရိုးတစ်လျှောက်မှ ကျေးရွာများသည် စစ်ကော်မရှင်တပ်များကြောင့်ကြောင့် ရွာလုံးကျွတ်မီးရှို့ခံခဲ့ရပြီး ပြည်သူများသည် အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် တောတောင်များထဲတွင် ခိုလှုံနေရသည်။
ကရင်နီနှင့် ကရင်ပြည်နယ်တို့တွင်မူ ဘုရားကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် ဆေးရုံများကိုပင် ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် ဘေးလွတ်ရာဟု သတ်မှတ်၍မရတော့ပေ။
မိုးကာတဲများအောက်မှ သူတို့၏ နေ့ရက်တိုင်းသည် နောက်တစ်ကြိမ် လေကြောင်းတိုက်ခိုက်မှု ဘယ်အချိန်လာမည်ကို စိုးထိတ်စွာဖြင့် ဖြတ်သန်းနေရသည်။

လက်နက်ကိုင်ပဋိပက္ခများသည် မြန်မာနိုင်ငံ၏ စီးပွားရေးကို အလုံးစုံနီးပါး ဖျက်ဆီးခဲ့ပြီး ပြည်သူများကို ဆင်းရဲတွင်းသို့ တွန်းပို့ခဲ့သည်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ခန့်မှန်းချက်များအရ မြန်မာနိုင်ငံတွင် လူဦးရေ ၁၈.၆ သန်းခန့်၊ တစ်နည်းအားဖြင့် လူလေးဦးလျှင် တစ်ဦးသည် အာဟာရမလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်။
ဤသည်မှာ စာရင်းအင်းသက်သက်မဟုတ်။ တိုက်ပွဲများကြောင့် လယ်သမားများ စိုက်ခင်းကို စွန့်ခွာထွက်ပြေးနေရခြင်း၊ ကုန်စည်စီးဆင်းမှု ပြတ်တောက်၍ မြို့ပြနှင့် ကျေးလက် ကုန်ဈေးနှုန်းများ အဆမတန်ကွာဟလာခြင်း၊ စစ်ကော်မရှင်၏ စီးပွားရေးစီမံခန့်ခွဲမှုအမှားများနှင့် ငွေကြေးဖောင်းပွမှုကြောင့် ပြည်သူတို့၏ စုဆောင်းငွေများ တန်ဖိုးမဲ့ဖြစ်လာခြင်း၏ တိုက်ရိုက်အကျိုးဆက်ဖြစ်သည်။
ထို့ထက်ပို၍ လူ့အဖွဲ့အစည်း၏ အခြေခံအုတ်မြစ်များဖြစ်သော ပညာရေးနှင့် ကျန်းမာရေးစနစ်များမှာလည်း လုံးဝပြိုလဲသွားခဲ့သည်။
CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ဆရာ၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများမှာ ဖမ်းဆီးခံရခြင်း၊ တိမ်းရှောင်နေရခြင်းတို့ကြောင့် ကျောင်းများနှင့် ဆေးရုံများမှာ ဝန်ထမ်းအင်အား မလုံလောက်တော့ပေ။
စစ်ကော်မရှင်သည် ကျောင်းများကို စစ်စခန်းအဖြစ် အသုံးပြုပြီး ဆေးရုံများကို လက်နက်ကြီးဖြင့် ပစ်ခတ်သည်။
သန်းပေါင်းများစွာသော ပြည်သူများအတွက် ဖျားနာသည့်အခါ ဆေးဝါးကုသခွင့်ရရန်မှာ ကြီးမားသောအခွင့်အရေးတစ်ခု ဖြစ်လာသည်။ ငြိမ်းချမ်းစွာ အိပ်စက်အနားယူခွင့်ထက် နောက်တစ်နေ့အတွက် ဝမ်းတစ်ထွာကို မည်သို့ ဖြည့်ဆည်းရမည်ဆိုသည့် ပူပန်မှုက ပို၍ကြီးစိုးနေရသည်။

စစ်အာဏာသိမ်းမှုသည် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီကြားက တိုက်ပွဲကိုသာမက၊ တိုင်းရင်းသားလူမျိုးစုများကြားရှိ နဂိုတင်းမာမှုများကိုပါ ပိုမိုဆိုးရွားစေခဲ့သည်။
စစ်ကောင်စီ၏ “သွေးခွဲအုပ်ချုပ်” သည့် ဗျူဟာများကြောင့် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းကြား သို့မဟုတ် လူမျိုးစုများကြား ပဋိပက္ခများ ပိုမိုရှုပ်ထွေးလာခဲ့သည်။
စစ်ကော်မရှင်သည် ဒေသခံပြည်သူ့စစ်အဖွဲ့များကို လက်နက်တပ်ဆင်ပေးကာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကို ပြန်လည်တိုက်ခိုက်စေခြင်းဖြင့် လူမျိုးရေးမုန်းတီးမှုမီးကို မွှေးနေသည်။
သို့သော် ဤအမှောင်ကြားမှ အလင်းရောင်တစ်ခုမှာ အာဏာသိမ်းမှုကြောင့် မကြုံစဖူးသော စည်းလုံးညီညွတ်မှုများ ပေါ်ပေါက်လာခြင်းပင်ဖြစ်သည်။
ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့များသည် ကရင်၊ မွန်၊ ကချင်၊ ချင်း၊ ကရင်နီအပါအဝင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနှင့် လက်တွဲကာ စစ်အာဏာရှင်ကို တိုက်ခိုက်နေကြသည်။
တစ်ဦး၏အရေးကို တစ်ဦးက ကူညီပြီး ဘုံရန်သူကို အတူတကွ တိုက်ခိုက်နေခြင်းသည် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုအတွက် အခိုင်မာဆုံးသော အုတ်မြစ်တစ်ခုကို ချနေခြင်းပင်ဖြစ်သည်။
နိဂုံးချုပ်ရလျှင် “ငြိမ်းချမ်းသောကမ္ဘာအတွက် ယခုပင် လက်တွေ့လှုပ်ရှားပါ” ဟူသော ဆောင်ပုဒ်သည် မြန်မာပြည်သူများအတွက် အဓိပ္ပာယ်လေးနက်လှသည်။
မြန်မာနိုင်ငံတွင် “လက်တွေ့လှုပ်ရှားခြင်း” ဆိုသည်မှာ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းခြင်းပင် ဖြစ်သည်။
တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ အာမခံချက်မရှိသော၊ စစ်ဖိနပ်အောက်မှ အပေါ်ယံငြိမ်းချမ်းရေးသည် အဓိပ္ပာယ်မဲ့လှသည်။
ထို့ကြောင့် မြန်မာပြည်သူများအတွက် စစ်မှန်သော ငြိမ်းချမ်းရေးနေ့သို့ ရောက်ရှိရန် တော်လှန်ရေးခရီးကို ဆက်လက်ချီတက်နေရဦးမည်ဖြစ်ပြီး သူတို့၏ နေ့စဉ်တိုက်ပွဲတိုင်းသည် ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် “လက်တွေ့လှုပ်ရှားခြင်း” ပင် ဖြစ်သည်။
ဓါတ်ပုံ – ကရင်ပြည်နယ်၊ သောင်ရင်းမြစ်အနီးစစ်ဘေးရှောင်နေရသူတစ်ဦး(ကိုဏီတာ)