ထိုင်း-မြန်မာ နယ်စပ်၊ တာ့ခ်ခရိုင်အတွင်းမှ တောင်ကုန်းငယ်များကြားတွင်ရှိသော ရွာငယ်လေးတစ်ရွာ၏ မြင်ကွင်းသည် အမြဲတစေ လန်းဆန်းနေသည်။
စိမ်းစိုနေသော ဟင်းသီးဟင်းရွက်စိုက်ခင်းများပေါ်သို့ ညနေခင်း နေပျောက်ကွယ်လုနီးပါးအချိန်အထိ မကြီးငွေတစ်ယောက် သူ၏စိုက်ခင်းအတွင်း၌ အလုပ်ရှုပ်နေတတ်သည်။
နေ့အများစု၏ နံနက်ခင်းတွင်မူ မဲဆောက်မြို့ပေါ်ရှိ ဈေးတွင် ၎င်း၏သီးနှံများကို ရောင်းချလေ့ရှိသည်။
သူ၏လက်များက မြေကြီးနှင့် သီးနှံများကြားတွင် ယင်းသို့ကျင်လည်နေသော်လည်း သူ၏စိတ်အစဉ်သည်ကား နယ်စပ်မျဉ်းဖြစ်သော သောင်ရင်းမြစ် (သို့မဟုတ်) မိုအိမြစ်ကို ဖြတ်ကျော်ကာ မွေးရပ်မြေဖြစ်သော ကရင်ပြည်နယ်ဆီသို့ တိမ်စိုင်များကဲ့သို့ လွင့်မျောနေတတ်သည်။
အသက်လေးဆယ်ကျော်အရွယ်၊ နေလောင်ဒဏ်ခံထားရသော အသားအရေနှင့် ကြံ့ခိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် မကြီးငွေ၏ မျက်ဝန်းများထဲတွင် ဆယ်စုနှစ်များစွာ ဖြတ်သန်းလာခဲ့ရသော ဘဝအတွေ့အကြုံများ၊ နာကျင်မှုများနှင့် မျှော်လင့်ချက်များ ရောယှက်နေခဲ့သည်။
နှုတ်ဖျားမှ မကြာခဏ ထွက်ကျလာတတ်သော သက်ပြင်းရှည်များက သူ၏ဘဝခရီးကြမ်းကို ဖော်ပြနေသကဲ့သို့ ရှိသည်။
ယခုအခါတွင် သူသည် ထိုင်းနိုင်ငံသားခင်ပွန်း၊ တက္ကသိုလ်တက်နေပြီဖြစ်သော သားနှင့်သမီးတို့နှင့်အတူ သာယာသော မိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားသယောင် ရှိလေ၏။
သို့သော် သူ၏ရင်ထဲတွင် အမြဲတစေ ဟာတာတာဖြစ်နေသော ကွက်လပ်ကြီးတစ်ခု ရှိနေခဲ့သည်။
ထိုကွက်လပ်သည်ကား နေရပ်လွမ်းဆွတ်စိတ်နှင့် မိသားစု၏ နားလည်မပေးနိုင်မှုတို့ကြားမှ ပေါက်ဖွားလာသော ဒေသချစ်စိတ်ပင် ဖြစ်သည်။

မကြီးငွေ၏ ဘဝဇာတ်ခုံသည် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းနယ်စပ်ရှိ ကျေးရွာလေးတစ်ရွာတွင် စတင်ခဲ့သည်။
မြန်မာနိုင်ငံ၏ ၁၉၈၀ ပြည့်နှစ်များဝန်းကျင်က ဒေသတွင်းတိုက်ပွဲများကြားမှ ဖြစ်ရပ်များသည် မကြီးငွေအတွက် အရိပ်မည်းကြီးသဖွယ် လွှမ်းမိုးခဲ့သည်။ သူ၏ငယ်စဉ်ဘဝအမှတ်တရများတွင် စိမ်းစိုသော တောတောင်များ၊ လယ်ကွင်းများနှင့်အတူ သေနတ်သံ၊ ဗုံးသံများသည်လည်း အမြဲတစေ ရောယှက်ပါဝင်နေခဲ့သည်။
မကြီးငွေက ထိုအချိန်ကို ပြန်ပြောပြသည်မှာ “သေနတ်သံတွေ ကြားရတိုင်း အိမ်ကြမ်းခင်းအောက်ကို ပြေးဝင်ပုန်းခဲ့ရတာပဲ။ အဲဒီတုန်းက ကလေးဆိုတော့ ဘာမှနားမလည်ဘူး၊ ကြောက်ဖို့ပဲ သိတယ်။ အိမ်ကို ဘယ်တော့ပြန်ရမလဲဆိုတာပဲ သိချင်ခဲ့တာ” ဟူ၍ဖြစ်သည်။
၁၉၉၀ ပြည့်နှစ်များနှောင်းပိုင်း၊ မကြီးငွေ အသက် ၁၃ နှစ်အရွယ်တွင် သူတို့ရွာအနီး၌ တိုက်ပွဲကြီးများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။
ထိုစဉ်က မြန်မာစစ်အစိုးရသည် “ဖြတ်လေးဖြတ်” စီမံကိန်းကဲ့သို့သော ပြင်းထန်သည့် စစ်ဆင်ရေးများဖြင့် တိုင်းရင်းသားလက်နက်ကိုင်များအပေါ် ထိုးစစ်ဆင်နေချိန်ဖြစ်သည်။
ရွာလုံးကျွတ်နီးပါး နေရပ်စွန့်ခွာထွက်ပြေးကြရသောအခါ မကြီးငွေနှင့် သူ၏မိသားစုသည်လည်း အသက်လု၍ တောတောင်များအတွင်းသို့ ပုန်းအောင်းထွက်ပြေးခဲ့ကြရသည်။
ရက်ပေါင်းများစွာ ခြုံနွယ်ပိတ်ပေါင်းများအကြားတွင် ပုန်းကွယ်ရင်း၊ ဆာလောင်မှုကို အပင်ဥများ၊ သစ်မြစ်သစ်ဖုများဖြင့် ဖြေရှင်းရင်း အဆင့်ဆင့် စစ်ဘေးရှောင်ခဲ့ကြရသည်။
နောက်ဆုံးတွင် သူတို့မိသားစုသည် အခြားသော စစ်ဘေးရှောင်များနှင့်အတူ အသက်ဘေးမှလွတ်မြောက်ရန် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည့် ထိုင်း-မြန်မာနယ်စပ်သို့ ဦးတည်ခဲ့ကြသည်။
မြန်မာဘက်ခြမ်းမှ မျှော်လင့်ချက်ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ စခန်းအချို့ ကျဆုံးပြီးနောက်တွင်မူ နယ်စပ်ကိုဖြတ်ကျော်၍ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ရောက်ရှိလာခဲ့ကြသည်။
ထိုအချိန်သည် ထိုင်းဘက်ခြမ်းရှိ မယ်လ၊ အုန်းဖျန်၊ နို့ဖိုးကဲ့သို့သော ဒုက္ခသည်စခန်းများတွင် လူဦးရေ သောင်းနှင့်ချီ၍ ပြည့်နှက်နေချိန်ဖြစ်သည်။ သို့သော် မကြီးငွေတို့မိသားစုသည် ဒုက္ခသည်စခန်းတွင်းသို့ မဝင်ရောက်ဘဲ နယ်စပ်ကျေးရွာများတွင်ပင် ကပ်ခို၍ အသက်ဆက်ခဲ့ကြသည်။
ထိုင်းနိုင်ငံတွင် ဘဝသစ်ကို စတင်ရန်မှာ မလွယ်ကူခဲ့ပေ။ တရားမဝင် ဝင်ရောက်လာသူများဖြစ်၍ အမြဲတစေ ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ကြောက်ရွံ့နေခဲ့ရသည်။
ဘာသာစကားအခက်အခဲ၊ ယဉ်ကျေးမှုကွာခြားမှုများကြားတွင် မကြီးငွေသည် မိသားစုစားဝတ်နေရေးအတွက် ထိုင်းလူမျိုးများပိုင်ဆိုင်သော စိုက်ခင်းများတွင် နေ့စားအလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
နံနက်မိုးမလင်းမီမှ ညနေစောင်းအထိ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ခဲ့ရသော်လည်း ရရှိသောလုပ်ခမှာ မဖြစ်စလောက်သာ ဖြစ်သည်။ ထိုသို့ ပင်ပန်းခက်ခဲသောဘဝကို ဖြတ်သန်းနေရင်း အသက် ၁၆ နှစ်အရွယ်တွင် သူအလုပ်လုပ်နေသော စိုက်ခင်းပိုင်ရှင်၏သား၊ အသက် ၂၆ နှစ်အရွယ် ထိုင်းလူမျိုးတစ်ဦးနှင့် ဖူးစာဆုံခဲ့သည်။
အခြေအနေအရပ်ရပ်ကြောင့် အိမ်ထောင်ပြုခဲ့ရသော်လည်း ထိုအိမ်ထောင်သည် သူ၏ဘဝအတွက် အကာအကွယ်တစ်ခု ဖြစ်လာခဲ့သည်။

အိမ်ထောင်ကျပြီးနောက်တွင် မကြီးငွေ၏ ဘဝသည် အတိုင်းအတာတစ်ခုအထိ တည်ငြိမ်လာခဲ့သည်။ သူသည် ထိုင်းနိုင်ငံသားတစ်ဦး၏ ဇနီးသည်ဖြစ်လာခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံသားအခွင့်အရေးအချို့ကို ရရှိခဲ့သည်။
မိဘနှစ်ပါးမှာလည်း အိမ်ထောင်ကျပြီး ၂ နှစ်ခန့်အကြာတွင်ရှေ့ဆင့်နောက်ဆုံး ဆုံးပါးသွားခဲ့ကြသည်။ ယင်းနောက်ပိုင်းတွင် ခင်ပွန်းဖြစ်သူနှင့်အတူ ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းလုပ်ငန်းကို ဦးစီးလုပ်ကိုင်ရင်း စားဝတ်နေရေး ချောင်လည်လာခဲ့သည်။
သမီးအကြီးတစ်ဦးနှင့် သားငယ်တစ်ဦး ထွန်းကားခဲ့ပြီးနောက်တွင်မူ မကြီးငွေ၏ ကမ္ဘာသည် သားသမီးများအပေါ်တွင်သာ လည်ပတ်နေတော့သည်။
သူကိုယ်တိုင် ပညာကောင်းကောင်းမသင်ခဲ့ရသော်လည်း သားသမီးများကို ပညာတတ်ကြီးများဖြစ်စေရန် အစွမ်းကုန် ကြိုးပမ်းခဲ့သည်။ ယခုအခါတွင် သူ၏သားနှင့်သမီးသည် ထိုင်းနိုင်ငံ၏ တက္ကသိုလ်များတွင် ပညာသင်ကြားနေကြပြီ ဖြစ်သည်။
သို့ရာတွင် နေ့စဉ်ဘဝ၏ သာယာမှုများနှင့် သားသမီးများ၏ အောင်မြင်မှုများသည် မကြီးငွေ၏ နှလုံးသားထဲမှ နေရပ်လွမ်းဆွတ်စိတ်ကို ဖုံးလွှမ်းနိုင်ခြင်း မရှိခဲ့ပေ။
သူ၏နားထဲတွင် ကရင်ပြည်နယ်မှ တိုက်ပွဲသံများအစား တိတ်ဆိတ်အေးချမ်းသွားပြီဟူသော သတင်းများကို အမြဲတစေ နားစွင့်နေခဲ့သည်။
အားလပ်ချိန်များတွင် မြန်မာဘက်ခြမ်းမှ ရောက်ရှိလာသော ဈေးဝယ်သူများနှင့် တွေ့ဆုံ၍ နေရပ်သတင်းများကို မေးမြန်းလေ့ရှိသည်။ သူ၏စိတ်ထဲတွင် အမြဲတစေ “တစ်နေ့နေ့တော့ အိမ်ပြန်ရမည်” ဟူသော မျှော်လင့်ချက်ကို မွေးမြူထားခဲ့သည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီးတွင် မြန်မာနိုင်ငံ၌ အရပ်သားအစိုးရတစ်ရပ် တက်လာပြီး နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်လာသောအခါ မကြီးငွေ၏ မျှော်လင့်ချက်များ ပိုမိုအားကောင်းလာခဲ့သည်။
“မြန်မာပြည်မှာ အစိုးရသစ်တက်တော့လေ။ ငါတို့ ပြန်လို့ရတော့မယ်လို့ တကယ်ကို မျှော်လင့်ခဲ့တာ။ ယောကျ်ားကိုလည်း ပြောတယ်။ ၂၀၁၇ လောက်တုန်းက ဖြစ်မယ်။ ငါတို့ဒေသကို သားသမီးတွေနဲ့ တစ်နှစ်တာမျှ ပြန်နေကြည့်ကြမယ်လေလို့ ပြောခဲ့သေးတယ်။ ဒါပေမဲ့ သူတို့ကတော့ ဒီမှာပဲ အသားကျနေပြီလေ” ဟု မကြီးငွေက ရင်ဖွင့်သည်။
သူ၏ အိမ်ပြန်လိုစိတ်ကို မိသားစုဝင်များက နားလည်မပေးနိုင်ခဲ့ကြပေ။ ထိုင်းနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့သော သူ၏သားသမီးများသည် မြန်မာစကားကိုပင် မပြောတတ်ကြတော့။ သူတို့၏ အနာဂတ်၊ သူတို့၏ သူငယ်ချင်းမိတ်ဆွေများ၊ သူတို့၏ ဘဝတစ်ခုလုံးသည် ထိုင်းနိုင်ငံတွင်သာ ရှိနေခဲ့သည်။
ခင်ပွန်းဖြစ်သူအတွက်လည်း မြန်မာနိုင်ငံသည် သူ၏ဇနီးသည်၏ မွေးရပ်မြေဟု အလေးအနက်ထားခြင်း မရှိခဲ့ပေ။ ထို့ကြောင့် “မြန်မာပြည်မှာ ဘာမှလည်းမရှိဘူး၊ ပြန်ပြီး ဘာလုပ်စားမှာလဲ”၊ “သားတို့သမီးတို့ရဲ့ ပညာရေးက ဘယ်လိုလုပ်မလဲ။ ငါကရော ဘယ်လိုပုံစံနဲ့နေရမလဲ” ဟူသော စကားများသည် မကြီးငွေ၏ မျှော်လင့်ချက်များကို ရိုက်ချိုးနေသကဲ့သို့ ရှိခဲ့သည်။
ဤကိစ္စကြောင့်ပင် မိသားစုအတွင်း မကြာခဏ စကားများကြရပြီး မကြီးငွေမှာ အထီးကျန်သလို ခံစားလာခဲ့ရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်သောအခါ မကြီးငွေ၏ အိမ်ပြန်ရန် မျှော်လင့်ချက်များအားလုံး တစ်စစီ ကြေမွသွားခဲ့ရသည်။
သူ၏နေရပ်ဖြစ်သော ကရင်ပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် လက်နက်ကိုင်ပဋိပက္ခများ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်လာခဲ့သည်။ နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်လာရသော စစ်ဘေးရှောင်ပြည်သူများ သိန်းနှင့်ချီ၍ ရှိလာခဲ့ပြီး မကြီးငွေတို့ နေထိုင်ရာ နယ်စပ်ရွာများသို့လည်း ထွက်ပြေးလာသူများ အဆက်မပြတ် ရောက်ရှိလာခဲ့သည်။
ဤအခြေအနေသည် မကြီးငွေ၏ မိသားစုတွင်း ပဋိပက္ခကို ပိုမိုဆိုးရွားစေခဲ့သည်။ သူ၏ ထိုင်းခင်ပွန်းနှင့် သားသမီးများက “အမေ ပြန်ချင်တယ်ဆိုတဲ့ မြန်မာပြည်ကြီးက ဒီလိုဖြစ်နေတာပဲ” ဟု ဆိုကာ စနောက်လေ့ရှိသည်။ “သူတို့က ‘အမေ့နိုင်ငံကြီးကတော့ မီးလောင်နေပြီ’ ဆိုပြီး စနောက်ကြတဲ့အခါ ရင်ထဲမှာ ဓားနဲ့မွှန်းသလိုပဲ။ ကိုယ့်သွေးသားတွေ ဒုက္ခရောက်နေတာကို သူတို့အတွက်က ရယ်စရာတစ်ခုလို ဖြစ်နေတယ်” ဟု မကြီးငွေက ဆိုသည်။
ထိုအချိန်မှစ၍ မကြီးငွေ၏ စိတ်ထဲတွင် အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူ၏ အိမ်ပြန်ချင်စိတ်သည် ပုဂ္ဂိုလ်ရေးဆန္ဒတစ်ခုမျှသာ မဟုတ်တော့ဘဲ သူ၏တိုင်းပြည်နှင့် လူမျိုးအပေါ် ထားရှိသော တာဝန်သိစိတ်နှင့် အမျိုးသားရေးစိတ်ဓာတ်အဖြစ် ပြောင်းလဲလာခဲ့သည်။
သူသည် နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော ဒီမိုကရေစီအရေးလှုပ်ရှားသူများ၊ စစ်အာဏာရှင်ကို တော်လှန်နေသောလူငယ်များအတွက် တတ်နိုင်သလောက် ထောက်ပံ့ကူညီမှုများ ပြုလုပ်လာခဲ့သည်။
သူ၏စိုက်ခင်းမှ ရရှိသော ဟင်းသီးဟင်းရွက်များ၊ စုဆောင်းထားသော ငွေကြေးများကို တော်လှန်ရေးအတွက် လျှို့ဝှက်စွာ ပေးလှူခဲ့သည်။
သူ၏ ဤလုပ်ရပ်များကို မိသားစုဝင်များက သိရှိသွားသောအခါတွင်မူ အခြေအနေမှာ ပိုမိုတင်းမာလာခဲ့သည်။ ခင်ပွန်းဖြစ်သူက “ကိုယ့်မိသားစုအတွက်တောင် ခုမှ အထိုင်ကျလာတာ၊ သူများကိစ္စ ဝင်မရှုပ်စမ်းပါနဲ့” ဟု ဆူပူသည်။
သို့သော် မကြီးငွေ၏ သန္နိဋ္ဌာန်မှာ ခိုင်မာလှသည်။ “ငါက ဒီမှာထိုင်ပြီး ကိုယ့်လူတွေ သေနေတာကို မျက်စိမှိတ်ပြီး ကြည့်မနေနိုင်ဘူး။ ငါ့မှာ သားသမီးရှိသလို တောထဲက လူငယ်ကလေးတွေမှာလည်း မိဘတွေ ရှိမှာပဲ။ ငါတတ်နိုင်တာလေးတော့ လုပ်ပေးရမယ်။ ဒါ ငါ့အတွက် တာဝန်ပဲ” ဟု သူက တိတ်တဆိတ် ကြွေးကြော်ခဲ့သည်။

တစ်ညတွင်မူ မိသားစုထမင်းဝိုင်း၌ သူ၏ တော်လှန်ရေးအားပေးကူညီမှုများနှင့် ပတ်သက်၍ အပြင်းအထန် အငြင်းပွားကြရင်း မကြီးငွေတစ်ယောက် ဆယ်စုနှစ်များစွာ မြိုသိပ်ထားခဲ့ရသော ခံစားချက်များ ပေါက်ကွဲထွက်လာခဲ့တော့သည်။
“ဟုတ်တယ်၊ ငါက ငါ့ဒေသကို ချစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါ ငါ့ရဲ့မွေးရပ်မြေမို့လို့ပဲ။ နင်တို့တွေလို နွေးနွေးထွေးထွေး အိပ်နေရချိန်မှာ ငါ့ရဲ့အမျိုးတွေ၊ သွေးသားတွေက တောထဲမှာ အသက်ပေးပြီး တိုက်နေကြရတယ်။ ငါက ဒီမှာ အဆင်ပြေနေရုံနဲ့ သူတို့ကို မျက်နှာလွှဲခဲပစ် လုပ်မနေနိုင်ဘူး။ ငါ့ကို ဒီလို အမြဲတမ်းလာပြီး မဆူကြပါနဲ့တော့။ ငါ အဆူမခံချင်တော့ဘူး!”
မကြီးငွေ၏ မျက်ရည်များကြားမှ ထွက်ပေါ်လာသော စကားသံများက တစ်အိမ်လုံးကို တိတ်ဆိတ်သွားစေခဲ့သည်ဟု ဆိုသည်။
သူ၏ခင်ပွန်းနှင့် သားသမီးများ တစ်ခါမှမမြင်ဖူးခဲ့သော သူ၏နာကျင်မှုနှင့် ခိုင်မာသော ဆုံးဖြတ်ချက်ကို ပထမဆုံးအကြိမ်အဖြစ် တွေ့မြင်လိုက်ကြရသည်။
သူတို့ စနောက်နေခဲ့သော၊ နားမလည်နိုင်ခဲ့သော သူတို့၏မိခင်၊ သူတို့၏ဇနီးသည်၏ နှလုံးသားထဲတွင် မည်မျှနက်ရှိုင်းသော ဒဏ်ရာများနှင့် ဒေသအပေါ်ထားရှိသော ချစ်ခြင်းမေတ္တာများ ရှိနေသည်ကို သူတို့ စတင်သဘောပေါက်လာကြသည်။
ထိုညမှစ၍ မကြီးငွေ၏ မိသားစုဝင်များ သူ့အပေါ် ဆက်ဆံပုံမှာ သိသိသာသာ ပြောင်းလဲလာခဲ့သည်။ သူတို့ သူ့ကို မဆူကြတော့ပေ။ သူ၏လုပ်ရပ်များကို အားမပေးနိုင်သေးသော်လည်း တိတ်တဆိတ် လက်ခံပေးလာကြသည်။
တစ်ခါတစ်ရံတွင် သူ၏သားသမီးများက မြန်မာနိုင်ငံ၏ နောက်ဆုံးအခြေအနေများကို အင်တာနက်ပေါ်တွင် ရှာဖွေဖတ်ရှုပြီး သူ့ကို ပြန်လည်ပြောပြတတ်လာသည်။
မကြီးငွေအတွက်မူ သူ၏တိုက်ပွဲသည် မပြီးဆုံးသေးပေ။ သူ၏နေရပ်မြေသည် စစ်မီးလျှံများအောက်တွင် ရှိနေသရွေ့၊ သူ၏နိုင်ငံသားများ ဒုက္ခပင်လယ်ဝေနေသရွေ့ သူ၏တနိုင်တပိုင်တော်လှန်ရေးသည်လည်း ဆက်လက်ရှင်သန်နေမည်သာ ဖြစ်သည်။
သို့သော် ယခုအခါတွင် သူသည် တစ်ယောက်တည်း မဟုတ်တော့ပေ။ သူ့ကို နားလည်ပေးစပြုလာသော မိသားစုသည် သူ၏နောက်တွင် ရှိနေပြီဖြစ်သည်။
တစ်နေ့တွင် သူ၏မိသားစုနှင့်အတူ သူ၏မွေးရပ်မြေသို့ ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်မည့်နေ့ကို အိပ်မက်မက်နေခဲ့သည်။
ထိုနေ့ရောက်လာသည့်တိုင်အောင်တော့ သူသည် နယ်စပ်တစ်နေရာမှ တော်လှန်ရေးကို တိတ်တဆိတ် အားဖြည့်ပေးနေဦးမည်သာ ဖြစ်သည်။ အကြောင်းမှာ သူသည် စစ်ဘေးရှောင်တစ်ဦး၊ ရွှေ့ပြောင်းအလုပ်သမားတစ်ဦး၊ ဇနီးသည်တစ်ဦး၊ မိခင်တစ်ဦး ဖြစ်သော်လည်း သူ၏သွေးသားထဲတွင် ကရင်ဒေသခံတစ်ဦး၊ မြန်မာနိုင်ငံသူတစ်ဦး၏ စိတ်ဓာတ်သည် အမြဲတစေ ကိန်းအောင်းနေသောကြောင့်ပင် ဖြစ်သည်။
ယခုအခါတွင်မူ သူသည် အဆူပူခံရမည်ကို ကြောက်ရွံ့နေစရာမလိုတော့ဘဲ သူ၏ယုံကြည်ချက်အတိုင်း ဆက်လက်လျှောက်လှမ်းသွားရန် သန္နိဋ္ဌာန်ချထားပြီးဖြစ်သည်။