သံလွင်ခက်။
မေ ၃ ၊ ၂၀၂၃။
ထိုင်း ရေနံနှင့် သဘာ၀ဓာတ်ငွေ့ ကုမ္ပဏီ (PTTEP) ကို တောင်းဆိုစာပေးပို့ထားသော်လည်း ယနေ့အထိ ၎င်းတို့ဘက်မှ တစ်စုံတစ်ရာအကြောင်းပြန်လာခြင်းမရှိသေးဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
၎င်းက ” အခုချိန်ထိ သူတို့ဘက်က တရားဝင်ဘာမှ အကြောင်းပြန်ကြားလာတာမရှိဘူး။ တရားဥပဒေအရ ဆောက်ရွက်ဖို့ကို legal action ဆောင်ရွက်နိုင်ဖို့ Legal သင်းနဲ့ ဆက်လက် ဆောင်ရွက်မယ့်လုပ်ငန်းစဉ်တွေကိုအသေးစိတ်ဆွေးနွေးနေတာရှိပါတယ် “ဟုဆိုသည်။
တရားစွဲဆိုမည့်သဘောမဟုတ်ဘဲ တရားဝင်မှုဆိုင်ရာ ကိစ္စရပ်သာဖြစ်သည်ဟု NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောက ပြောသည်။
ရတနာ စီမံကိန်း၏ ရန်ပုံငွေ ခွဲဝေမှုနှင့် ပတ်သက်၍ တောင်းဆိုချက်ပါ စာကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က PTTEP ကုမ္ပဏီထံကို မတ်လ ၂၀ရက်တွင် ပေးပို့ခဲ့ပြီး မြန်မာနိုင်ငံအစိုးရအဖြစ် တရားဝင်မှုဆိုင်ရာ အငြင်းပွားမှုကို ဖြေရှင်းသွားမည်ဟု အွန်လိုင်းသတင်းစာရှင်းလင်းပွဲကနေ ပြောဆိုထားသည်။
အဆိုပါ တောင်းဆိုချက်ပါစာထဲတွင် စစ်ကောင်စီထံ ပေးပို့ခဲ့သည့် အခွန်အကောက်များ၊ လစဉ် အစီရင်ခံစာများ၊စစ်တပ်အာဏာသိမ်းပြီးနောက် ဆက်လက်လုပ်ဆောင်ခဲ့သည့် လုပ်ငန်းများအပေါ် ဖြေရှင်းချက်တောင်းခံခြင်းများပါဝင်သည်။
PTTEP အနေဖြင့် တောင်းဆိုချက်များအပေါ် ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက စီးပွားရေးဆိုင်ရာ အငြင်းပွားမှုအဖြစ် စင်္ကာပူနိုင်ငံအနုညာတ တရားရုံးတွင် တရားစွဲမည်ဟု ဖော်ပြထားသည်။
ယခုကဲ့သို့တောင်းဆိုချက်ပေးပို့ခြင်းသည် PTTEP ထိခိုက်လိုခြင်း၊ လုပ်ငန်းများ ရပ်တန့်စေလိုခြင်းမဟုတ်ဘဲ ယခုစာပါ မူဝါဒအတိုင်းလိုက်နာပြီး NUG နှင့် ပူးပေါင်းဆောက်ရွက်ရန် ရည်ရွယ်သည်ဟု ထုတ်ပြန်ထားသည်။
PTTEP ကုမ္ပဏီသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် အမေရိကန် ဒေါ်လာ ၇၂ သန်းခန့်ရှိတဲ့ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်း၊ ရဲတံခွန်သဘာဝဓာတ်ငွေ့ စီမံကိန်းနှင့် ဇောတိကသဘာဝဓာတ်ငွေ့ စီမံကိန်းလုပ်ကိုင်ရန် ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် လက်မှတ်ရေးထိုးထားသည့် ကုမ္ပဏီဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံက ထွက်ခွာခဲ့သည့် တိုတယ်ကုမ္ပဏီနှင့် ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်း၏ အစုရှယ်ယာများကို လွှဲပြောင်းရယူပြီး လုပ်ငန်းဆက်လုပ်မည်ဟု ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ထုတ် ကြေညာခဲ့သည်။
အာဏာသိမ်းချိန်ကစပြီး ၂၀၂၂ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ စွမ်းအင်ကဏ္ဍမှ ဝင်ငွေအများဆုံးရရှိခဲ့သည်ဟုနိုဝင်ဘာ ၂ ရက်နေ့တွင် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာလေ့လာရေး အင်စတီကျု ISP – Myanmar ကထုတ်ပြန်ထားသည်။
စွမ်းအင်ကဏ္ဍကို ဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံကျော်ရှိခဲ့ပြီး စုစုပေါင်း ရင်းနှီးမြှုပ်မှု၏ ၆၈ ရာခိုင်နှုန်းထိ ရှိခဲ့သည်ဟု ဖော်ပြထားသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/913
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=4016
Website ->https://eng.thanlwinkhet.net