![]()
ခင်သရဖီဦး
မျက်လုံးနက်နက်၊ အသားညိုညို၊ အရပ်ခပ်နှိမ့်နှိမ်နှင့် သာမန်ရိုးကျပုံစံရှိသော အသက် ၅၉ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ယခုအခါ အာရက္ခတပ်တော် (AA) ထိန်းချုပ်မှုအောက်ရှိ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၏ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ရာထူးကို တာဝန်ယူထားလေပြီ။
သူ၏ အမည်မှာ ဦးလာလာမျာ ဖြစ်သည်။ သူသည် AA က ပြန်လည်ဖွဲ့စည်းလိုက်သည့် အစိုးရအဖွဲ့သစ်တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ရာထူးကြီးတစ်ခုကို ရရှိလာသည့် ပထမဆုံးသော မူဆလင်အမျိုးသားများထဲမှ တစ်ဦးဖြစ်သည်။
ယခင်အစိုးရ အဆက်ဆက်လက်ထက်တွင် ဦးလာလာမျာသည် အစိုးရဝန်ထမ်း ကျောင်းဆရာတစ်ဦး ဖြစ်ချင်ခဲ့သော်လည်း ထိုဆန္ဒမှာ အလှမ်းဝေးခဲ့ရသည်။ အကြောင်းမှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ မူဆလင်များသည် တိုင်းရင်းသားမျိုးနွယ်စုနှင့် နိုင်ငံသားဖြစ်ခွင့် အကန့်အသတ်များ ရှိနေခြင်းကြောင့် နိုင်ငံဝန်ထမ်းရာထူးကို တရားဝင် ရယူခွင့်မရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် ပညာရေးကို မြတ်နိုးသူပီပီ ၁၀ တန်းအထိ ပညာသင်ကြားခဲ့သော ဦးလာလာမျာသည် ဘဝကို အရှုံးမပေးခဲ့ပေ။
၁၉၈၅ ခုနှစ်၊ အသက် ၁၉ နှစ်အရွယ်မှစတင်ကာ ပြင်ပကျူရှင်ဆရာအဖြစ် ရပ်တည်ခဲ့သည်။ မောင်တောမြို့နယ် ဖက်ဝန်းချောင်းကျေးရွာ၊ အောက်ဖြူးမကျေးရွာနှင့် အ.လ.က (င/ခူရ) တို့တွင် စုစုပေါင်း ၁၃ နှစ်ကြာ စာသင်ကြားခဲ့ပြီး ရပ်ရွာအကျိုးကို သယ်ပိုးခဲ့သည်။
“ကျနော်က အစက ကျောင်းဆရာ လုပ်ခဲ့ပါတယ်။ အသက် ၁၉ နှစ်ကတည်းက လုပ်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ ရပ်မိရပ်ဖနေရာတွေမှာ တာဝန်ယူတာတွေ လုပ်ခဲ့ပါတယ်” ဟု သူ၏ အတိတ်ကို ပြန်ပြောင်းပြောသည်။
ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) နှင့် အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲများ ပြင်းထန်လာချိန် ၂၀၁၈ ခုနှစ်ဝန်းကျင်မှစ၍ ဦးလာလာမျာသည် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်လာခဲ့သည်။ သူသည် AA နှင့် ပူးပေါင်းကာ ဘူးသီးတောင်၊ မောင်တောဒေသရှိ မူဆလင်များကို တော်လှန်ရေးဘက်သို့ ပါလာရန် စည်းရုံးလှုံ့ဆော်ခဲ့သည့် ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။
AA ၏ မူဆလင်စည်းရုံးရေးအဖွဲ့၊ ထို့နောက် ရပ်မိရပ်ဖ (ဂျူရီ) အဖွဲ့တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ယခု ၂၀၂၅ ခုနှစ်၊ သြဂုတ်လတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက သူ့ကို ဘူးသီးတောင်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးအဖြစ် တရားဝင် ခန့်အပ်တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ လူမျိုးတွေကို စစ်ကောင်စီ အုပ်ချုပ်တဲ့အခါမှာ ပညာရေးဌာနကနေစပြီး အုပ်ချုပ်ရေးတွေမှာရော ဘယ်သောအခါမှ ဝန်ထမ်းတွေကို တာဝန် ခန့်အပ်ခဲ့တာမရှိပါဘူး။ ကျနော်တို့က နိုင်ငံသားအခွင့်အရေးလည်းမရပါဘူး။ ဘယ်သောအခါမှ ဘူးသီးတောင်မြို့နယ်မှာ မူဆလင်လူမျိုးက တာဝန်ထမ်းဆောင်နိုင်တာ မရှိပါဘူး။ အခုကတော့ တပ်တော်က ခန့်အပ်ပေးထားပါတယ်” ဟု ဦးလာလာမျာက ဂုဏ်ယူစွာ ပြောဆိုသည်။
ယခင်အစိုးရလက်ထက်တွင် မူဆလင်များ နေထိုင်သည့် ကျေးရွာများကို ရခိုင်လူမျိုးများကသာ အုပ်ချုပ်ရေးနေရာယူ၍ အုပ်ချုပ်စေခဲ့သော်လည်း AA ကမူ မူဆလင်ကျေးရွာများတွင် မူဆလင်လူမျိုးများကိုသာ နေရာပေး၍ အုပ်ချုပ်စေသည်ဟုလည်း မူဆလင်များဘက်မှ သိရသည်။
အာရက္ခတပ်တော် (AA) သည် ၂၀၂၄ ခုနှစ်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့ကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်မှစတင်ကာ အုပ်ချုပ်ရေးယန္တရားများကို အစိုးရသစ်ပုံစံဖြင့် လည်ပတ်လျက်ရှိသည်။ ဤအပြောင်းအလဲတွင် ထူးခြားချက်မှာ မူဆလင်လူမျိုးများကိုလည်း အုပ်ချုပ်ရေးကဏ္ဍတွင် နေရာပေးလာခြင်းဖြစ်သည်။
လက်ရှိ မောင်တောခရိုင်တွင် ကျေးရွာအုပ်ချုပ်ရေးမှသည် ခရိုင်အဆင့်အထိ တာဝန်ထမ်းဆောင်နေသော မူဆလင်ဝန်ထမ်းဦးရေ ၅,၀၀၀ ခန့်ရှိသည်ဟု သိရသည်။ ၎င်းတို့သည် အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (DLEPS)၊ အထွေထွေအုပ်ချုပ်ရေးနှင့် ထောက်လှမ်းရေး အပါအဝင် ဌာနအသီးသီးတွင် တာဝန်ယူနေကြသည်။
“အာရက္ခတိုင်းပြည်မှာ လူမျိုး ၈ မျိုးရှိပါတယ်။ အဲဒီထဲမှာ ဝန်ထမ်းအသီးသီးမှာ၊ လက်နက်ကိုင်တပ်ဖွဲ့တွေမှာရော၊ အုပ်ချုပ်ရေးအဖွဲ့တွေမှာရော တာဝန်ထမ်းဆောင်ကြပါတယ်။ ဘူးသီးတောင်မှာရော၊ မောင်တောမှာရောက တိုက်နယ်တွေ၊ မြို့နယ်တွေမှာပါ တာဝန်ထမ်းဆောင်နေကြတဲ့ မူဆလင်တွေ များပါတယ်။ ထောက်လှမ်းရေးတပ်မှာလည်း ကျနော်တို့ မူဆလင်တွေ ပါပါတယ်။ ကျနော်တို့ကို ဌာနဆိုင်ရာ အသီးသီးမှာ တာဝန်ထမ်းဆောင်နေပါတယ်” ဟု DLEPS တွင် တာဝန်ထမ်းဆောင်နေသည့် အသက် ၁၈ နှစ်အရွယ် မူဆလင်လူငယ်တစ်ဦးကလည်း ဆိုသည်။
ယခင်က AA အပေါ် မူဆလင်အသိုင်းအဝိုင်း၏ ထောက်ခံမှုမှာ ၅၀ ရာခိုင်နှုန်းခန့်သာ ရှိခဲ့သော်လည်း လက်ရှိတွင် ULA/AA အစိုးရ၏ ခွဲခြားမှုမရှိသော မူဝါဒများကြောင့် ယုံကြည်မှု ပိုမိုမြင့်တက်လာကြောင်း ဦးလာလာမျာက သုံးသပ်သည်။
ရခိုင်ပြည်သည် ရခိုင်လူမျိုးများသာမက အခြားမျိုးနွယ်စုများပါ အတူယှဉ်တွဲနေထိုင်ရမည့် နေရာဖြစ်သည့်အတွက် ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်ဟုလည်း သူက ခံယူထားသည်။
“ရည်ရွယ်ချက်ကတော့ ရခိုင်မှာ ရခိုင်တစ်မျိုးတည်းနေမှာ မဟုတ်ပါဘူး။ ကျနော်တို့လည်း နေမှာပါ။ အဲဒါကြောင့် ကျနော်တို့မှာလည်း တာဝန်ရှိပါတယ်” ဟု ဦးလာလာမျာက နိုင်ငံသားတစ်ဦး၏ တာဝန်သိစိတ်ဖြင့် ပြောလိုက်သည်။
#AA #ပထမဆုံးမူဆလင်အုပ်ချုပ်ရေးမှုး #သတင်းဆောင်းပါး #ThanLwinKhetNews
