သံလွင်ခက်
မေ ၄ ၊ ၂၀၂၃ ။
မြန်မာငွေ ၈ ဒဿမ ၈၈၂ ဘီလီယံ (ကျပ်သိန်းပေါင်း ၉၀၀၀၀ နီးပါး) တန်ဖိုးရှိ မြန်မာငွေနှင့် တရုတ်ငွေများအားဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုနှင့် လူသတ်မှု ကျူးလွန်ခဲ့သူ မြန်မာနိုင်ငံဖွား တရုတ်လူမျိုး လေးဦးကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့် (MNDAA) က ဖမ်းဆီးဖော်ထုတ်၍ သေဒဏ်ပေးခဲ့သည်ဟု ယနေ့တွင် The Kokang က ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်၊ လားရှိုးမြို့ပတ်ပတ်လည်တွင် လုယက်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုနှင့် လူသတ်မှုများ ကျူးလွန်နေသော အဖွဲ့များမှ အမှုစွပ်စွဲခံရသူ အသက် ၂၃၊ ၂၉၊ ၂၁ နှင့် ၁၈ နှစ်အရွယ် တရုတ်လူမျိုး လေးဦးကို MNDAA က ယခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်မှ မတ်လ ၁၇ ရက်အတွင်း လိုက်လံဖမ်းဆီးရမိခဲ့သည်။
ထိုနောက် ၎င်းတို့အား စစ်ဆေးခဲ့ရာ လူသတ်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုနှင့် လုယက်မှုများအပါအဝင် အမှုပေါင်း ၂၅ မှုအထိ ကျူးလွန်ထားခဲ့သည်ဟု The Kokang က ဖော်ပြထားသည်။
၎င်းတို့ ကျူးလွန်ခဲ့သော အမှုများတွင် မြန်မာနိုင်ငံသား ရှစ်ဦးနှင့် တရုတ်နိုင်ငံသား တစ်ဦး (အမျိုးသမီး နှစ်ဦးနှင့်အမျိုးသား ခုနစ်ဦး) တို့ကိုသတ်ဖြတ်ခဲ့မှုများ ပါဝင်ခဲ့သည်။
ထို့ပြင် ၎င်းတို့ ရယူသွားသည့် ငွေနှင့် ပစ္စည်းတန်ဖိုးမှာ တရုတ်ငွေ ၄.၇၇ သန်းနှင့် မြန်မာငွေ ၇၄၅၁ သန်း ရှိပြီးမော်တော်ယာဉ်များအဖြစ် CROWN ငါးစီး၊ VO တစ်စီး ၊ Lexus တစ်စီး၊ TOYOTA တစ်စီးနှင့် Land Cruiser တစ်စီး၊ လက်စွပ် နှစ်ကွင်း စသည်တို့ဖြစ်သည်ဟု ဖော်ပြထားသည်။
လူသတ်မှုနှင့် ငွေကြေးတန်ဖိုးများစွာ လုယက်မှုများ ကျူးလွန်ခဲ့သည့် အဆိုပါ လေးဦးကို MNDAA အထူးဒေသ(၁) အုပ်ချုပ်ရေးအဖွဲ့ ယာယီတရားရုံးမှ မေလ ၁ ရက်၊ နံနက် ၉ နာရီ ၁၅ မိနစ်တွင် စီရင်ချက်ချခြင်းဆိုင်ရာအစည်းအဝေးကို မူပန်းခရိုင် တစ်နေရာ၌ ကျင်းပခဲ့သည်။
အဆိုပါ တရားဖွင့်ဆိုချက်အစည်းအဝေးကို မူပန်းခရိုင်မှ သက်ဆိုင်ရာဌာနများ၊ MNDAA အခြေချ ကိုယ်စားလှယ်အဖွဲ့များ၊ မဟာမိတ်တပ်ဖွဲ့နှင့် ဘေးပတ်လည်ဒေသခံအရပ်သားများအပါအဝင် လေ့လာစောင့်ကြည့်သူ ၂၀၀ ဦးကျော် တက်ရောက်ခဲ့သည်။
အစည်းအဝေးကို မူပန်းခရိုင်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံတစ်ဦးက ဦးဆောင်ကျင်းပခဲ့ပြီး အမှုစွပ်စွဲခံရသူများက၎င်းတို့ ကျူးလွန်ခဲ့သောအမှုများကို ဝန်ခံလက်ခံခဲ့သည်။ အမှုနှင့် ပါဝင်ပတ်သက်သော ငွေကြေးပမာဏကြီးမားသောကြောင့် အမှုများစွာဖြင့် စုပေါင်း ပြစ်ဒဏ်ချကာ တရားခံများအား သေဒဏ် ချက်ချင်း ချမှတ်ပြီးနိုင်ငံရေးလုပ်ပိုင်ခွင့်တစ်သက်တစ်ကျွန်းလုံး အပြီးပိုင်သိမ်းယူကာ ၎င်းတို့ လုယူရရှိထားသောငွေကြေးပစ္စည်းများကို သိမ်းဆည်းခဲ့သည်ဟု The Kokang က ထုတ်ပြန်ထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ရှမ်းပြည်မြောက်ပိုင်း လားရှိုးနှင့် မူဆယ်စသည့် ဒေသများတွင် အုပ်စုဖွဲ့ ရာဇဝတ်မှုများ၊ စနစ်တကျဖြင့် ရာဇဝတ်မှု ကျူးလွန်ခြင်းများကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုကို ဆိုးရွားစွာ ခြိမ်းခြောက်ခံနေရသည်ဟု The Kokang က ဖော်ပြထားသည်။
ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ကိုးကန့် (MNDAA) က ဒေသအုပ်ချုပ်ရေးအဖွဲ့နှင့် တပ်ဖွဲ့များကို ရာဇဝတ်မှုကျူးလွန်သူများ နှိမ်နင်းတိုက်ဖျက်ရန် အမိန့်ပေးခဲ့ပြီး လားရှိုး၊ မူဆယ်နှင့် အခြားနေရာများတွင် ဓားပြမှု တိုက်ဖျက်ရေးလုပ်ငန်းကိုဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/914
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=4027
Website ->https://eng.thanlwinkhet.net