
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ မိုးကုတ်နှင့် မိုးမိတ်မှ ဆုတ်ခွာမည်ဟု စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ မိုးကုတ်မြို့အား ကာကွယ်မည်ဟု ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများမှ တစ်ဆင့် သဘောထားများ ထုတ်ပြန်ခဲ့ကြသည်။
ထိုနောက် မိုးကုတ်မြို့ကာကွယ်ရေးနှင့် တော်လှန်ရေးတာဝန်များ ပြန်လည်ထမ်းဆောင်ရန် တပ်ဖွဲ့နှင့်ကင်းကွာနေသော ရဲဘော်များအား မိုးကုတ်ဗျူဟာမှ အောက်တိုဘာ ၃၁ တွင် ဖိတ်ခေါ်လိုက်သည်။
မိုးကုတ်ဗျူဟာနှင့် အကြောင်းမျိုးမျိုးကြောင့် ခေတ္တ ကင်းကွားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ယခု ထုတ်ပြန်သည့် ရက်မှ စ၍ တစ်ပတ်အတွင်း ပြန်လည်တာဝန်ထမ်းဆောင်နိုင်ရန် အတွက် သတင်းပေးပို့ရန် တိုက်တွန်းထားသည်။
လက်ရှိတွင် ခရီးလွန်နေသည့် ရဲဘော်များ အနေဖြင့် လူကိုယ်တိုင် လာရောက်ချိတ်ဆက်နိုင်ပြီး သတ်မှတ်ရက် ကျော်လွန်၍ သတင်းပို့ ဆက်သွယ်လာပါကလည်း စည်းမျဉ်းစည်းကမ်းများနှင့် အညီ စိစစ်ကာ မူဝါဒများနှင့် အညီ ပြန်လည်ဝင်ရောက်ခွင့် ပေးမည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 
သို့သော် သတ်မှတ်ရက် ကျော်လွန်သော်လည်း ဆက်သွယ်လာခြင်းမရှိသည့် ရဲဘော်များအား တရားဝင်တပ်ပြေး အဖြစ် သတ်မှတ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန MOD မှ ထုတ်ပြန်ထားသည့် စစ်ဘက်ဆိုင်ရာတပ်ပေး မူဥပဒေအရ ပြစ်ဒဏ်ခံရမည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် နွေဦးတော်လှန်ရေးခရီးတွင် သွေး၊ချွေး၊ အနစ်နာခံမှုများဖြင့် တော်လှန်ရေး၏ အင်အားကြီးမားသော အစိတ်အပိုင်းများ ဖြစ်သည်ဟုလည်း မိုးကုတ်ဗျူဟာမှ ဆိုသည်။ 
ထိုသို့ အကြောင်းအမျိုးမျိူးကြောင့် မိုးကုတ်ဗျူဟာနှင့် ခေတ္တခဏ ကင်းကွာနေခဲ့ကြသည်ကို နားလည်စာနာပြီး တပ်ဖွဲ့ဝင်များ၏ အတွေ့အကြုံ၊ စွမ်းရည်နှင့် တော်လှန်ရေးအပေါ် ထားသည့် စေတနာများသည့် ခွန်အားတရပ်ဖြစ်သောကြောင့် လက်တွဲ တိုက်ပွဲဝင်ရန် ဖိတ်ခေါ်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 
ထိုကြောင့် မည်သည့် အခက်အခဲများ ကြုံတွေ့ရပါစေ မိုးကုတ်ဗျူဟာနှင့် တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်ချီတက် တိုက်ပွဲဝင်သွားပါမည်ဟု မိုးကုတ်မြို့မှ TNLA ဆုတ်ခွာမည်ဟု သတင်းထုတ်ပြန်ပြီးနောက်တွင် ပြည်သူများအား ကတိပြုထားသည်။
ဓါတ်ပုံ- မိုးကုတ်ဗျူဟာ (ပုံဟောင်း)
 
									 
					