သံလွင်ခက်။
မေ ၃၊ ၂၀၂၃။
ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ၅၀၅ (က) ဥပဒေဖြင့် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားအချို့ကို ယနေ့ မေလ ၃ ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ထိုသို့ ထုတ်ပြန်ပြီးနောက် အင်းစိန်ထောင်တွင် အကျဉ်းချခံထားရသည့် သတင်းသမားများထဲမှ သုံးဦး ပြန်လည်လွတ်မြောက်လာသည်ဟု ၎င်းတို့နှင့် နီးစပ်သူများထံက သိရသည်။
“ကိုစိုးနိုင်နဲ့အတူ ဖမ်းခံရတဲ့ ကိုဘလိတ်ရယ်၊ အရင် စံတော်ချိန်က ဖိုးသားရယ်က လွှတ်ပြီ။ ဒီနေ့လွှတ်တဲ့ထဲ မမေဘယ်လ်လည်းပါတယ်” ဟု ၎င်းတို့မိသားစုနှင့် နီးစပ်သူတစ်ဦးကပြောသည်။
ကိုဘလိတ်သည် အလွတ်တန်း ဓာတ်ပုံသမားတစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့က ဖမ်းဆီးခံရခြင်းဖြစ်ကာ မမေဘယ်လ်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်က သတင်းရယူရန် သွားစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသူ၂၁၅၃ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ပုဒ်မခွဲ(၁)အရ ခံဝန် ကတိဖြင့် ပြန်လွှတ်ပေးခဲ့သည်ဟု ဖော်ပြထားသည်။
ယနေ့သည် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ဖြစ်ပြီး သတင်းမီဒီယာဖိနှိပ်မှုများကို ကမ္ဘာတဝန်း ထောက်ပြပြောဆိုနေကြသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်မှ ယနေ့ချိန်ထိ သတင်းထောက် လေးဦးသေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူ ၁၀၀ ကျော်ရှိသည်ဟု နယ်စည်းမခြား သတင်းထောက်အဖွဲ့ RSF ကထုတ်ပြန်ထားသည်။
သတင်းလုပ်ငန်းလုပ်ကိုင်သူ ဂျာနယ်လစ် ၅၀ ဦးခန့် ဖမ်းဆီးခံထားရဆဲဖြစ်သည်ဟု မီဒီယာသမားများနှင့် လူ့အခွင့်အရေးစောင့်ကြည့်သည့် အဖွဲ့အစည်းများကလည်း ယခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်ထားသည်။
ပုံစာ–ပြန်လည်လွှတ်မြောက်လာသူသတင်းထောက်တစ်ဦးမြင်ကွင်း။
Photo-Crd
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/912
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=4019
Website ->https://eng.thanlwinkhet.net