![]()

ခင်သရဖီဦး
ရခိုင်ပြည်တွင်းရှိ ဒေသထွက် အုန်းသီးများမှာ အရောင်းအဝယ် ဈေးကွက်တွင် ယခုနှစ် အစပိုင်းမှ စတင်ပြီး ဈေးနူန်း မြင့်တက်လာနေသည်ဟု အုန်းသီးခြံပိုင်ရှင်များနှင့် အုန်းသီးရောင်းအဝယ် လုပ်သူများထံမှ သိရသည်။
ရခိုင်ပြည်တွင်ရှိ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦးစသည့်မြို့နယ်များတွင် ယခုနှစ်ဆန်းပိုင်းမှ စ၍ အုန်းသီးစျေးများ မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ယခင် ၂၀၀၀ ကျပ် သာရှိခဲ့သည့် အုန်းသီးတစ်လုံးကို ယခုအခါ ၅၀၀၀ ကျပ် အထိ ဈေးရှိနေသည်ဟု အုန်းသီးရောင်းဝယ်နေသူများက ပြောသည်။
ယင်းကဲ့သို့ အုန်းသီးစျေးနှုန်းမြင့်တက်ရခြင်းမှာ အုန်းသီးအထွက်နှုန်းကျဆင်းခြင်း၊ အုန်းသီးခူးဆွတ် အလုပ်သမားစရိတ် ကြီးမြင့်ခြင်းတို့အပါအဝင် ဒေသတွင်း အခြေခံစားသောက်ကုန်စျေးနှုန်းများ မြင့်တက်မှုတို့ကြောင့်ဖြစ်သည်ဟု ဆိုကြသည်။
မြေပုံမှ အသက် (၃၀)အရွယ် အုန်းခင်းပိုင်ရှင်အမျိုးသမီးတစ်ဦးက” အုန်းသီးက အရင်ကလောက် အပင်တွေမှာ မသီးတော့ဘူး။ အဲ့တာကြောင့် ဝယ်ရတာလည်း ခက်ခဲတယ်။ နောက်ပြီး အုန်းပင်တက်တဲ့ လူတွေကိုလည်း ဈေးအများကြီး ပေးပြီးမှ တက်ခိုင်းရတာတွေရှိတယ်။” ဟုဆိုသည်။
ယခင်က အုန်းသီးအများဆုံးထွက်သည့် မာန်အောင်ကျွန်းမှ အုန်းသီးများမှာ မြို့နယ်အများအပြားအား တင်ပို့မှုများရှိခဲ့သည်။
လက်ရှိတွင် တိုက်ပွဲများကြောင်း မာန်အောင်ကျွန်းဖက်မှ အုန်းသီးတင်ပို့မှု ရပ်တန့်သွားသည့် အတွက်လည်း ရခိုင်ပြည် မြောက်ပိုင်းမြို့နယ်များတွင် အုန်းသီးပြတ်လတ်မှုများရှိနေခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဈေးနူန်းမြင့်တက်နေသော်လည်း တစ်ရက်လျှင် အုန်းသီး အလုံး ၁၀၀ ခန့်အထိ ရောင်းအား ရှိသည်ဟု မြောက်ဦးမြို့မှ အသက် (၅၀)အရွယ် အုန်းသီးရည် ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။
” အုန်းသီးကတော့ တရက်လုံး အလုံး ၁၀၀ လောက်ထိ ရောင်းကောင်းပါတယ်။ လူတွေကလည်း ဝယ်သောက်ကြတယ်။ နေ့တိုင်းနီးပါး ရောင်းအားတော့ ကောင်းပါတယ်။ ကျမတို့က ရာလိုက် တစ်ဆင့် ယူရောင်းတော့ တစ်လုံးက တစ်ထောင်လောက်ထိ အမြတ်ကလည်း ကျန်တယ်။” ဟု ဆိုသည်။
ယခင်က ရခိုင်တွင် လမ်းပန်းဆက်သွယ်ရေးကောင်းသည့်အချိန်၌ အုန်းသီးများကို ဘဂ်လားဒေ့ရှ်သို့ တင်ပို့မှုထိ ရှိခဲ့ပြီး အုန်းသီးဈေးကွက်မှာ ဆက်လက်ရှိနေခဲ့ကာ အခု ပြည်တွင်းတွင်လည်း အုန်းသီးဈေးကွက်မှာ ဆက်လက် ရောင်းအားဝယ်အား ကောင်းနေဆဲဖြစ်သည်။
အုန်းသီးဈေးနှုန်းမှာ ၂၀၂၂ ခုနှစ် မတိုင်မှီက တစ်လုံး ၈၀၀ ကျပ်သာ ရှိခဲ့သော်လည်း လက်ရှိတွင် အုန်းသီးစိမ်း တစ်လုံးလျှင် ၂၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်၊ အုန်းသီးခြောက်တစ်လုံးလျှင် ၂၅၀၀ ကျပ်မှ ၆၀၀၀ ကျပ်ထိ ဈေးနှုန်း မြင့်တက်နေသည်။
#ရခိုင် #ဒေသထွက်အုန်းသီးဈေး #နှစ်ဆမြင့်တက် #ThanLwinKhetNews
