![]()
မြဝတီမြို့တောင်ဘက်၊ မင်းလက်ပံဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ခြံဝင်းတွင် လုံခြုံရေးအခြေအနေမှာ ဆိုးရွားသော အခြေအနေရှိနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်သည်။
ယနေ့ (ဒီဇင်ဘာ ၆ ရက်)နံနက်ပိုင်းတွင် KNU က စစ်ဆေးဖော်ထုတ်ထိန်းချုပ်ထားသော Shunda Park ဝင်းအတွင်းသို့ အာဏာသိမ်းစစ်အုပ်စုမှ ၆၀ မမ လက်နက်ကြီးများ ပစ်ခတ်ခဲ့သဖြင့် KNU မြေပြင်စိစစ်ရေးဝန်ထမ်းများအပါအဝင် ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်ဟု KNU၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်အုပ်စု၏ တပ်မ (၂၂) လက်အောက်ခံတပ်များက Shunda Park ခြံဝင်းအတွင်းသို့ နံနက် ၉:၂၅ နာရီတွင် ၆၀ မမ ကျည်နှစ်လုံးဖြင့် လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းသည် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သည်ဟု KNLA မြေပြင်တပ်မှူးများက သုံးသပ်ကြသည်။
ပြီးခဲ့သည့်ရက်ပိုင်းများအတွင်းကလည်း စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျည်ကျရောက်ကာ ထိုင်းအရပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ထိုင်းဘက်ခြမ်းရှိ နေအိမ် ၉ လုံး ပျက်စီးခဲ့သည်။
ယင်းသို့ ပစ်ခတ်မှုကြောင့် လုံခြုံရေးအခြေအနေအဖြစ် ထိုင်းအာဏာပိုင်များက စာသင်ကျောင်းများနှင့် နယ်စပ်ဂိတ်များကို ယာယီပိတ်ထားရသည့်အပြင် မြန်မာဘက်ခြမ်း မင်းလက်ပံဒေသခံများလည်း စစ်ဘေးရှောင်နေကြရသည်။
KNU၏ ထုတ်ပြန်ချက်တွင် Shunda Park အတွင်း ကျန်ရှိနေသေးသူများသည် ခြံဝင်းထဲတွင် မီးရှို့ခြင်းနှင့် မငြိမ်မသက်မှုများဖြစ်အောင် လှုံ့ဆော်လျက်ရှိပြီး KNU က စီစဉ်ပေးသော တရားဝင်လမ်းကြောင်းမှ နေရပ်ပြန်ရန် ငြင်းဆန်နေကြပြီး၊ ကိုယ်ပိုင်အစီအစဉ်ဖြင့် အခြားကျားဖြန့်ရုံများသို့ သွားရောက်ခွင့်ပြုရန် သို့မဟုတ် ထွက်ပြေးခွင့်ပြုရန် နည်းမျိုးစုံဖြင့် ဖိအားပေးတောင်းဆိုလျက်ရှိသည်ဟု KNU က ဆိုသည်။ အချို့မှာ ညဘက်တွင် ခြံစည်းရိုးကိုကျော်၍ ထွက်ပြေးမှုများလည်း ရှိနေသည်ဟု ဖော်ပြထားသည်။

အဆိုပါ လုံခြုံရေးအခြေအနေ အလွန်အမင်းဆိုးရွားလာခြင်းနှင့် ခြံဝင်းအတွင်း ကျန်ရှိနေသူများ၏ အခြေအနေကို ထိန်းချုပ်ရန် ခက်ခဲလာခြင်းတို့ကြောင့် KNU အနေဖြင့် Shunda Park ခြံဝင်းအတွင်း ကျန်ရစ်နေထိုင်သူများ၊ နယ်စပ်နှစ်ဖက်မှ ပြည်သူများ၏ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန်အတွက် “လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက်လုပ်ဆောင်သွားရန်” ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အား လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းလိုက်သည်ဟု KNU က တရားဝင် ကြေညာကြောင်း ထည့်သွင်းရေးသားထားသည်။
KNU သည် လွန်ခဲ့သည့် ၂ ပတ်အတွင်း Shunda Park မှ လူဦးရေ ၂,၆၆၅ ဦး (စုစုပေါင်း၏ ၇၅%) ကို ဘေးကင်းစွာ ရွှေ့ပြောင်းပေးနိုင်ခဲ့ဟု ဆိုသည်။
ထိုအပြင် IT ပစ္စည်းကိရိယာများကို သိမ်းဆည်းကာ ငွေလိမ်လုပ်ငန်းများကို လုံးဝရပ်တန့်နိုင်ခဲ့ပြီး သက်သေခံပစ္စည်းများကိုလည်း ဘေးကင်းရာသို့ ရွှေ့ပြောင်းထားပြီးဖြစ်သည်။
သို့သော် ရာဇဝတ်မှုကျူးလွန်သည်ဟု သံသယရှိသူများကို အရေးယူနိုင်ရေးအတွက် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှု နှေးကွေးနေခြင်းက တရားဥပဒေစိုးမိုးရေးအတွက် အခက်အခဲဖြစ်စေကြောင်း KNU က ထောက်ပြထားသည်။
#မင်းလက်ပံ #ကျားဖြန့်ဝင်း #အရေးပေါ်လုံခြုံရေးဆိုးရွား #KNU #ThanLwinKhetNews
