ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာမှ ဒေသခံ ငါးဦးအား အာဆာ (ARSA) အဖွဲ့မှ တိုက်ခိုက်သည့်အတွက် ဒေသခံ နှစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
အဆိုပါဒေသခံများသည် အောက်တိုဘာလ ၂၂ ရက်၊ နေလယ် ၁ နာရီ ၄၀ မိနစ်ခန့်တွင် ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှ ဆန်၊ ဆီ၊ ဆား၊ ငရုတ်များ ဝယ်ယူ၍ ခရီးသည်တင်ကားဖြင့် ပြန်လာချိန် မောင်တောမြို့နယ်၊ မြိုယုရွာ တံတားအနီး အာဆာအဖွဲ့၏ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု အသက် ၂၄ နှစ်အရွယ် မောင်တောဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“ကားကို သေနတ်တွေနဲ့ ဝိုင်းပြီတော့ ကားတွေရော၊ ရိက္ခာတွေရော၊ လူတွေကိုပါ အကုန်ဖမ်းသွားတယ်။ အခင်းဖြစ်တဲ့ နေရာတွေကို တပ်တော်က ရောက်သွားတဲ့အခါမှာ ဖမ်းသွားတဲ့ထဲက အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကို တွေ့ရတယ်။ သေသွားတဲ့ အမျိုးသမီးမှာ ကလေး ပါသွားတာ၊ ပါသွားတဲ့ ကလေးကတော့ အသက်ရှင်ပြီးတော့ တွေ့ရတာပါ” ဟု ၎င်းက သူကြားသိရသည်ကို ဆိုသည်။
ထို့အပြင် ကားသမားနှင့် နောက်ထပ်အမျိုးသားတစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားသော်လည်း သေနတ်ဒဏ်ရာများ ရရှိသွားသည်ဟု ၎င်းက ဆက်ပြောသည်။ “ကားသမားတွေက အစကတည်းက ထွက်ပြေးသွားတော့ အာဆာတွေက သေနတ်တွေနဲ့ လိုက်ပြီးတော့ ပစ်တာပေါ့လေ။ အဲဒီအချိန်မှာ နောက်ကျောတွေမှာ ဒဏ်ရာတွေ ရသွားတာ” ဟု ဆိုသည်။
သေဆုံးသွားသူများတွင် အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦး၊ အသက် ၄၀ အရွယ် အမျိုးသား တစ်ဦး တို့ပါဝင်သည်။ ဒဏ်ရာရရှိသွားသူများမှာ ကားမောင်းသူနှင့် ခရီးသည် အမျိုးသားတစ်ဦးတို့ ဖြစ်ကြသည်။ ယခုလပိုင်းအတွင်း မောင်တောမြို့နယ်အတွင်း၌ အာဆာအဖွဲ့မှ ဒေသခံပြည်သူများအား မကြာခဏ တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေသည်။
အာရက္ခတပ်တော်အနေဖြင့်လည်း ထိုအကြောင်းအရာနှင့်ပတ်သက်၍ အာဆာအဖွဲ့များကို လိုက်လံရှာဖွေနေသည်ဟု ယမန့်နေ့ အောက်တိုဘာလ ၂၂ ရက်က ထုတ်ပြန်ထားသည်။