![]()
မြဝတီမြို့တောင်ဘက်၊ မင်းလက်ပံဒေသရှိ Shunda Park ငွေလိမ်လုပ်ငန်းခြံဝင်းနှင့် ပတ်ဝန်းကျင် လုံခြုံရေးအခြေအနေများ အလွန်အမင်း ဆိုးရွားလာသည့်အတွက် လိုအပ်သလို စီမံခန့်ခွဲနိုင်ရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ထံ လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝလွှဲအပ်လိုက်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ယနေ့ (ဒီဇင်ဘာ ၆) ထုတ်ပြန်ကြေညာလိုက်သည်။
KNU ၏ ထုတ်ပြန်ချက်အရ KNLA သို့ လုပ်ပိုင်ခွင့်လွှဲပြောင်းပေးရခြင်းမှာ အဓိကအားဖြင့် ပြင်ပ စစ်ရေးခြိမ်းခြောက်မှုနှင့် ခြံဝင်းအတွင်း မငြိမ်မသက်မှုများကြောင့် ဖြစ်သည်။
ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်မ ၂၂ လက်အောက်ခံတပ်များက Shunda Park ခြံဝင်းအတွင်းသို့ ၆၀ မမ လက်နက်ကြီးများဖြင့် တည့်တည့်ပစ်ခတ်ခဲ့ရာ ၂လုံးထိမှန်ခဲ့သဖြင့် ထိခိုက်သေဆုံးမှုများရှိခဲ့သည်။
ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းဘက်ခြမ်းသို့ လက်နက်ကြီးကျည်များ ကျရောက်ကာ အရပ်သားများ ထိခိုက်ခြင်း၊ ထိုင်းစာသင်ကျောင်းနှင့် နယ်စပ်ဂိတ်များ ပိတ်ထားရခြင်းတို့ကြောင့် နှစ်နိုင်ငံနယ်စပ် ပြည်သူများ၏ လုံခြုံရေးမှာ အထူးစိုးရိမ်ဖွယ် အခြေအနေသို့ ရောက်ရှိနေသည်။
ထိုအပြင် Shunda Park အတွင်း ကျန်ရှိနေသော ငွေလိမ်လုပ်သားများသည် ခြံဝင်းအတွင်း မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ကာ မငြိမ်မသက်မှုများ ကြုံတွေ့လျှက်ရှိသည်။
၎င်းတို့သည် တရားဝင်လမ်းကြောင်းမှ နေရပ်ပြန်ရန် ငြင်းဆန်ပြီး အခြားကျားဖြန့်ရုံများသို့ သွားရောက်ခွင့်ရရန် ဖိအားပေးခြင်း ညဘက်တွင် ခြံစည်းရိုးကျော် ခိုးထွက်ခြင်းများ ပြုလုပ်နေသဖြင့် အရပ်ဘက်အုပ်ချုပ်မှုဖြင့် ထိန်းသိမ်းရန် ခက်ခဲလာခြင်းဖြစ်သည်။
ထို့ကြောင့် မလိုလားအပ်သော ထိပ်တိုက်ရင်ဆိုင်မှုများကို ရှောင်ရှားရန်နှင့် Shunda Park အတွင်း မိမိသဘောဖြင့် ကျန်ရစ်သူများအပါအဝင် နယ်စပ်နှစ်ဖက်မှ ပြည်သူများကို ကာကွယ်စောင့်ရှောက်ရန်အတွက် “လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက်လုပ်ဆောင်သွားရန်” KNLA အား တာဝန်ပေးအပ်လိုက်ခြင်းဖြစ်ကြောင်း KNU က အသိပေးထားသည်။
#ShundaPark #KNLA #လုပ်ပိုင်ခွင့်အာဏာလွှဲအပ် #ThanLwinKhetNews
