![]()
စီဇံမျိုးကျော်
ဖိပရာနီဆာ ဆယ်လော်ဟာ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်စလောင်းဒေသဇာတိဖြစ်ပြီး သူတို့မိသားစုဟာ မိရိုးဖလာ လက်ဖက်ခြောက်ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းကို လုပ်ကိုင်ကြတာပါ။
အသက် ၃၂ နှစ်အရွယ် ခေတ်လူငယ်တစ်ယောက်ဖြစ်တဲ့ ပရာနီဆာ ဆယ်လော်ဟာ မိသားစုလုပ်ငန်းကနေ ခွဲထွက်ပြီး လုပ်ငန်းအသစ်တစ်ခုကို စတင်ခဲ့ပါတယ်။
ချင်းရိုင်ဒေသကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေကို ဆွဲဆောင်နိုင်မယ့် ရိုးရာအပြင်အဆင်နဲ့ ခေတ်မီအစားအစာတွေ ပေါင်းစပ်ထားတဲ့ စားသောက်ဆိုင်လုပ်ငန်းကို လွန်ခဲ့တဲ့ ငါးနှစ်က သူ့မောင်နှမ သုံးယောက်နဲ့ ပူးပေါင်းပြီး ဖွင့်လှစ်ခဲ့ပါတယ်။
“One Tea At A Time” လို့ နာမည်ပေးထားတဲ့ သူ့ရဲ့ဆိုင်ဟာ စားသောက်ဆိုင် သီးသန့်မဟုတ်ပါဘူး။ လာရောက်လည်ပတ်တဲ့ ခရီးသွားတွေကို သူတို့ဒေသရဲ့ ယဉ်ကျေးမှုတွေဖြစ်တဲ့ လက်မှုလုပ်ငန်းတွေ၊ လက်ဖက်စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ပြခန်းတွေကိုပါ ထည့်သွင်းဖွင့်လှစ်ထားတာပါ။
သူ့ရဲ့ဆိုင်မှာ အစားအသောက်နဲ့ အဖျော်ယမကာ ဝန်ဆောင်မှုပေးတာအပြင် ခရီးသွားတွေအတွက် ပျော်ရွှင်မှုနဲ့ ဒေသန္တရဗဟုသုတတွေ ရနိုင်မယ့် လက်ဖက်ရည်ဖျော်နည်း (Workshop) အမျိုးမျိုးကိုလည်း စီစဉ်ပေးခဲ့တယ်လို့ ပရာနီဆာ ဆယ်လော်က ဆိုပါတယ်။
“သရေစာအစုံ (အသီးအနှံနဲ့ မုန့်)၊ အဖျော်ယမကာအစုံ (လက်ဖက်ရည်၊ ကော်ဖီနဲ့ သစ်သီးဖျော်ရည်) ဝန်ဆောင်မှုပေးတာ၊ ပြည်တွင်းရော ပြည်ပမှာပါ ဆိုင်ခန်းဖွင့်တာ၊ ဆိုင်ကို ပိုမိုလူသိများလာအောင်နဲ့ နာမည်ကောင်းရဖို့အတွက် ချက်နည်းအသစ်တွေ၊ ပြိုင်ပွဲတွေ ဝင်ပြိုင်တာမျိုးတွေ လုပ်ခဲ့တယ်” လို့ ပရာနီဆာ ဆယ်လော်က ပြောပါတယ်။
သူ့ရဲ့ဆိုင်လေး အရှိန်အဟုန်နဲ့ လည်ပတ်စပြုနေတဲ့အချိန်မှာ ၂၀၂၄ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း ရာဂီကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ပါတယ်။
မုန်တိုင်းမိုးကြောင့် ရေကြီးမှုဖြစ်ခဲ့ပြီး ပရာနီဆာ ဆယ်လော်ရဲ့ ဆိုင်အဆောက်အအုံ အတွင်းအပြင် ထိခိုက်ခဲ့သလို ဆိုင်ရှေ့မြက်ခင်းပြင်နဲ့ ကားပါကင်နေရာ၊ ဆိုင်အတွင်းပိုင်းမှာရှိတဲ့ စားပွဲ၊ ကုလားထိုင်၊ မီးဖိုချောင်၊ အစည်းအဝေးခန်း၊ ရုံးခန်းအပါအဝင် ရောင်းချဖို့ ပြင်ဆင်ထားတဲ့ လက်ဖက်ခြောက်မျိုးစုံ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
“ရေကြီးမှုကြောင့် စိတ်ဓာတ်ကျလုနီးပါး ဖြစ်ခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ဆိုင်ထဲကို ရေဝင်ပြီး အားလုံးနီးပါး ဆုံးရှုံးပျက်စီးသွားတယ်။ မောင်နှမတွေက ဆိုင်ကို ဆက်မလုပ်ချင်တော့ဘူးလို့တောင် စိတ်လျှော့ခဲ့ကြတဲ့အထိ ဖြစ်ခဲ့တယ်” လို့ ပရာနီဆာ ဆယ်လော်က ပြန်ပြောပါတယ်။
အရင်တုန်းက ရေကြီးမှုတွေ ရင်ဆိုင်ခဲ့ဖူးပေမယ့် အဲဒီတစ်ခါက အပြင်းထန်ဆုံးပဲလို့ သူက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ၂၀၂၄ ရာဂီမုန်တိုင်းဒဏ်ကြောင့် ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၄၀ ကျော် အသက်ဆုံးရှုံးခဲ့ရသလို စီးပွားရေးလုပ်ငန်းတွေ ဆုံးရှုံးမှုများခဲ့ပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း (အထူးသဖြင့် ချင်းရိုင်ဒေသတစ်ဝိုက်) မှာ စီးပွားရေးဆုံးရှုံးမှုတွေ ရှိခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ ဘတ် ၂၇ ဘီလီယံလောက် ဆုံးရှုံးခဲ့တယ်လို့ ထိုင်းစက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (FTI) က ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ဒေသနဲ့ အရှေ့အနောက် သွယ်တန်းနေတဲ့ မြန်မာနိုင်ငံက ရှမ်းကုန်းမြေမြင့်ဒေသတွေဟာလည်း ရာသီဥတုပြောင်းလဲမှုဒဏ်တွေကို အတူတူခံစားလာရပြီး နှစ်စဉ် လျှပ်တစ်ပြက်ရေကြီးမှုနဲ့ နောက်ဆက်တွဲ မြေပြိုမှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့နေရပါတယ်။
၂၀၂၄ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ရာဂီဟာ ဗီယက်နမ်၊ ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မုန်တိုင်းအကြွင်းအကျန်တွေဟာ ထိုင်းနိုင်ငံ ချင်းရိုင်ဒေသနဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်ကို အဖျားခတ်ခဲ့တာပါ။
မြန်မာနိုင်ငံမှာတော့ ရေဘေးသင့်ခဲ့သူ ခြောက်သိန်းကျော်ရှိပြီး လူပေါင်း လေးရာကျော် အသက်ဆုံးရှုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ကလောမြို့နယ် သဖန်းဆိပ်ရွာသားတစ်ယောက်ဖြစ်တဲ့ ဦးနိုင်ကတော့ သူ့အသက် ၄၈ နှစ်အတွင်း ပထမဆုံးအကြိမ် ရေဘေးကြုံရတာလို့ ဆိုပါတယ်။
မိုးနှစ်ရက်လောက် မရပ်မနား ဆက်တိုက်ရွာပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်၊ ည ၇ နာရီခွဲလောက်မှာ အိမ်ထဲကို ရေစတက်လာတယ်လို့ ဦးနိုင်က ရေကြီးမှုဖြစ်စဉ်ကို ပြန်ပြောင်းပြောပါတယ်။
အိမ်ထဲက ပစ္စည်းတွေကို ရေလွတ်အောင် အုတ်ခဲခုတဲ့သူကခု၊ အမြင့်ကိုပြောင်းတဲ့သူကပြောင်း လုပ်နေတဲ့အချိန် ၁၀ မိနစ်အတွင်းမှာပဲ မိုးရေနဲ့အတူ ရွှံ့နွံပျော်ရည်တွေ တဝေါဝေါနဲ့ အိမ်ထဲကို တိုးဝင်လာတယ်လို့ သူကဆိုပါတယ်။
“မိသားစုနဲ့အတူ ရရာပစ္စည်းလေးယူပြီး ရေလွတ်တဲ့ ကုန်းမြင့်ပိုင်းကို ကိုယ်လွတ်ရုန်း တက်ပြေးခဲ့ရတာ” လို့ ဦးနိုင်က ဆိုပါတယ်။
ရေကြီးမှုကြောင့် သူတို့ရဲ့အိမ် ရေမြုပ်ရုံမက နွံတွေပါ ဖုံးသွားပြီး သူတို့ နှစ်စဉ်စိုက်ပျိုးလာတဲ့ နနွင်းခင်း၊ ငှက်ပျောခင်းတွေ အကုန်မြေဖုံးသွားခဲ့ကာ နေအိမ်နဲ့ စိုက်ပျိုးရေးလုပ်ငန်း နှစ်ခုလုံး ဆုံးရှုံးခဲ့ရပါတယ်။ သူတို့ရွာသား နှစ်ယောက် အသက်ဆုံးရှုံးခဲ့ပြီး အိမ်ခြေတစ်ဝက်ကျော် ရေဘေးသင့်ခဲ့ရပါတယ်။
ရေကြီးမှုက ဘယ်လောက်တောင် ပြင်းထန်ခဲ့လဲဆိုရင် တောင်ကျရေနဲ့ ပါလာတဲ့ ရွှံ့နွံတွေ ဖုံးလွှမ်းမှုကြောင့် ရွာထိပ်က လွန်းထိုးဘုန်းကြီးကျောင်းရဲ့ အဝင်မုခ်ဦးတောင် အပေါ်ပိုင်းလေးပဲ ကျန်ခဲ့တယ်လို့ ဦးနိုင်က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ရာဂီမုန်တိုင်းကြောင့် ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အခြေခံအဆောက်အအုံတွေဖြစ်တဲ့ လမ်း၊ တံတား၊ ရထားလမ်းနဲ့ ဆည်မြောင်းတွေ ပျက်စီးမှု များခဲ့သလို လူနေအိမ်တွေ၊ လယ်ယာမြေတွေ၊ စက်ရုံအလုပ်ရုံတွေနဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
စစ်ကော်မရှင်ရဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (DMC) က ထုတ်ပြန်တဲ့ စာရင်းအရ ဆုံးရှုံးမှုတန်ဖိုး ကျပ်ငွေ ၄၆၆ ဘီလီယံ ရှိခဲ့တယ်လို့ ဆိုပါတယ်။
🟩ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်
ဦးနိုင်ကတော့ တောင်ပေါ်ဒေသဖြစ်တဲ့ ကလောမြို့ ပတ်ဝန်းကျင်တွေမှာ ရာသီဥတုပြောင်းလဲလာပြီး အရင်ကထက် မိုးရွာသွန်းမှုတွေ ပိုလာတယ်လို့ ဆိုပါတယ်။
“ရာသီဥတု ဖောက်ပြန်တယ်ပဲ ပြောရမှာပေါ့ဗျာ။ သစ်တွေလည်း ဒီဘက်မှာ ရှားပါးလာပြီ။ ရာသီဥတုကတော့ အရင်တုန်းက မိုးကောင်းတယ်ဆိုတာတွေထက် ပိုပိုပြီး မိုးများလာတာ။ တစ်နှစ်ကို ခြောက်လလောက် မိုးဆက်တိုက်ရွာနေတာ။ မုန်တိုင်းမိုးကလည်း များတယ်၊ မုန်တိုင်းမိုး မုန်တိုင်းမိုးနဲ့ ခဏခဏပဲ” လို့ ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်ပြီး ဦးနိုင်က ဆိုပါတယ်။
မြန်မာနိုင်ငံဟာ Germanwatch အဖွဲ့က ထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုအန္တရာယ် အညွှန်းကိန်း (Global Climate Risk Index – CRI) ၂၀၂၄ ခုနှစ် စာရင်းအရ ထိခိုက်မှုအမြင့်ဆုံး ၁၀ နိုင်ငံထဲမှာ ပါဝင်ပါတယ်။ အဲဒီညွှန်းကိန်းဟာ ရာသီဥတုပြောင်းလဲမှုနဲ့ ဆက်စပ်တဲ့ဖြစ်ရပ်တွေဖြစ်တဲ့ မုန်တိုင်း၊ ရေကြီးမှု၊ အပူလှိုင်းစတာတွေကြောင့် လူအသက်ဆုံးရှုံးမှုနဲ့ စီးပွားရေးဆုံးရှုံးမှုတွေကို တွက်ချက်ပြီး နှစ်စဉ်ထိခိုက်ဆုံးရှုံးမှု အခြေအနေအရ အဆင့်သတ်မှတ်တာ ဖြစ်ပါတယ်။
မိုးလေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က “ကမ္ဘာကြီးပူနွေးလာတာ၊ သစ်တောပြုန်းတီးမှုတွေ ဖြစ်လာတာကြောင့် ပုံမှန်ရာသီဥတုမဟုတ်တော့ဘဲ ဆိုးရွားတဲ့ ရာသီဥတုဖြစ်လာတဲ့ဒဏ်ကို ကျွန်တော်တို့နိုင်ငံ ကလောဒေသတစ်ခုတည်းတင် မဟုတ်ဘဲ၊ အိမ်နီးချင်းနိုင်ငံတွေပါ ခံနေကြရတယ်” လို့ ဆိုပါတယ်။
ပရာနီဆာ ဆယ်လော်ကလည်း သူတို့ချင်းရိုင်ဒေသမှာ ၂၀၂၄ ခုနှစ်က ဖြစ်ခဲ့တဲ့ ရေကြီးမှုဟာ ရာသီဥတုပြောင်းလဲမှု (Climate change) ရဲ့ အကျိုးဆက်တွေကြောင့် ဖြစ်လာတယ်လို့ ယုံကြည်နေပါတယ်။ သူတို့ဒေသမှာ မိုးရွာသွန်းမှုပုံစံတွေ ပြောင်းလဲလာတာကိုလည်း ပရာနီဆာ ဆယ်လော်က သတိပြုမိပါတယ်။
“မိုးက ရွာရင် ရုတ်တရက် ပြင်းပြင်းထန်ထန် ရွာတယ်။ ဗုံးကြဲသလိုမျိုးကို ပြင်းပြင်းထန်ထန် ရွာတာ” လို့ ပရာနီဆာ ဆယ်လော်က ဆိုပါတယ်။
အဲဒီလို မိုးရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံ ချင်းရိုင်ဒေသမှာ နှစ် ၃၀ အတွင်း အကြီးမားဆုံး ရေကြီးမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ခရီးသွားလုပ်ငန်းနဲ့ စိုက်ပျိုးရေးကဏ္ဍတွေ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေခဲ့တာကြောင့် ချင်းရိုင်မြို့ကို “နေချင်စဖွယ်မရှိတဲ့မြို့” အဖြစ်ကို ရောက်သွားစေခဲ့တယ်လို့ ထိုင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး သုတေသန အင်စတီကျူ (TDRI) က သုတေသနပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ နော့ဖ်ရွတ် ဂျင်ဒါဆွန်ဘတ်ဂျရွန်က ပြောပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ဒေသမှာ သစ်တောပြုန်းတီးမှုတွေကြောင့် တောပြုန်းတွေ ဖြစ်နေတာ၊ တောင်ယာသီးနှံတွေ စိုက်ပျိုးမှုတွေကြောင့် သစ်ပင်တွေ ရှားပါးလာတဲ့အတွက် မိုးကြီးတဲ့အခါ မြေဆီလွှာက ရေကို မထိန်းနိုင်တော့ဘဲ မြေနဲ့ ရွှံ့နွံတွေ ပြိုကျတာ၊ တောင်ကျရေတွေ အရှိန်အဟုန်ပြင်းပြင်း စီးဆင်းတာတွေ ဖြစ်ပေါ်စေတာလို့ သူကဆိုပါတယ်။
ထိုင်းနိုင်ငံ ချင်းရိုင်ဒေသနဲ့ မြန်မာနိုင်ငံ ရှမ်းကုန်းမြေမြင့်ဒေသတွေဟာ ပထဝီအနေအထားအရ အရှေ့အနောက် သွယ်တန်းတည်ရှိပြီး ရာသီဥတုပြောင်းလဲမှုကြောင့် မိုးရေချိန်ပုံစံများ ပြောင်းလဲလာတာ၊ လာနီညာလိုမျိုးဖြစ်စဉ်တွေကြောင့်ပုံမှန်ထက် ပိုပြင်းထန်တဲ့ မိုးသည်းထန်မှု၊ လျှပ်တစ်ပြက်ရေကြီးမှုနဲ့ နောက်ဆက်တွဲ မြေပြိုမှုအန္တရာယ်တွေကို သိသိသာသာ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၊ အာဆီယံ လူသားချင်းဆိုင်ရာ အကူအညီညှိနှိုင်းရေး ဗဟိုဌာန (AHA Centre) စတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ ရာဂီမုန်တိုင်းကြောင့် မြန်မာ၊ ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းနိုင်ငံမှာ ကလေးငယ် ၆ သန်းနီးပါး ထိခိုက်ခဲ့တယ်လို့ UNICEF က ထုတ်ပြန်ခဲ့ပြီး၊ အဲဒါဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြင်းထန်ရာသီဥတုဖြစ်ရပ်တွေ တိုးလာတာကို မီးမောင်းထိုးပြနေတာ ဖြစ်တယ်လို့ UNICEF က ထုတ်ပြန်ခဲ့ပါတယ်။
🟩ရာသီဥတုပြောင်းလဲမှုအပေါ် တုံ့ပြန်မှု
ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်လာတဲ့ သဘာဝဘေးတွေကို ရင်ဆိုင်ရတဲ့အခါ ထိုင်းနိုင်ငံအစိုးရ အဖွဲ့အစည်းတွေက အတတ်နိုင်ဆုံး လျှင်မြန်စွာ တုံ့ပြန်ကြတာကို တွေ့ရပါတယ်။
၂၀၂၄ ခုနှစ် ချင်းရိုင်အပါအဝင် ထိုင်းနိုင်ငံမြောက်ပိုင်းဒေသ ရေကြီးမှုဖြစ်စဉ်မှာ အဲဒီအချိန်တုန်းက ဝန်ကြီးချုပ်တာဝန်ယူထားတဲ့ ပေထောင်ထန် ရှင်နာဝပ် ကိုယ်တိုင် ဒေသတွင်း သွားရောက်ပြီး ကူညီထောက်ပံ့နှစ်သိမ့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ရေဘေးသင့်ပြည်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတွေကို ဖြန့်ဝေပေးခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဒေသတွင်း ပြန်လည်ထူထောင်ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ နလံထူနိုင်ဖို့အတွက် အစိုးရအစည်းအဝေးပြုလုပ်ခဲ့ပြီး အရေးပေါ်ပြန်လည်ထူထောင်ရေး ရန်ပုံငွေ (Emergency Rehabilitation Funds) ကနေ ထိုင်းဘတ်ငွေ ဘီလီယံနဲ့ချီ အသုံးပြုခဲ့တယ်လို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရုံး (Government Spokesperson’s Office) ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ရေဘေးဒဏ်ကို ခံစားခဲ့ရတဲ့ ချင်းရိုင်ဒေသခံ ပရာနီဆာ ဆယ်လော်ဟာလည်း အစိုးရဌာနတွေကနေ ပြန်လည်ထူထောင်ရေးနဲ့ ထောက်ပံ့ကူညီမှုတွေကို ရခဲ့တယ်လို့ ဆိုပါတယ်။
“ထိုင်းခရီးသွားလာရေးအဖွဲ့ (TAT) ကနေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီရခဲ့တယ်။ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာတွေကနေ ငွေကြေးထောက်ပံ့မှုတွေ ရခဲ့တယ်” လို့ ပရာနီဆာ ဆယ်လော်က ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ သဘာဝဘေးနဲ့ပတ်သက်ပြီး တုံ့ပြန်တဲ့နေရာမှာ လိုအပ်ချက်တွေ ရှိနေပြီး၊ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာကွယ်တုံ့ပြန်ရတဲ့ ကိုယ်ထူကိုယ်ထ အခြေအနေမျိုးမှာပဲ ရှိနေတာပါ။
ရေဘေးဒဏ်သင့်ခဲ့တဲ့ ဦးနိုင်တို့ဟာ အစိုးရရဲ့အကူအညီကို မရခဲ့ဘဲ တစ်နိုင်တစ်ပိုင် ပရဟိတ လူမှုကူညီရေးအဖွဲ့တွေရဲ့ အကူအညီကိုပဲ ရခဲ့တယ်လို့ ဦးနိုင်က ဆိုပါတယ်။
၂၀၂၄ ခုနှစ် ရေကြီးမှုဖြစ်စဉ်မှာ စစ်ကော်မရှင်ရဲ့ ကူညီထောက်ပံ့မှုတွေဟာ ကလောမြို့ပေါ်လို ဒေသတွေမှာ အထိုက်အလျောက် ရရှိခဲ့ပေမယ့် ဦးနိုင်တို့လို လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့ နေရာတွေမှာတော့ ကူညီထောက်ပံ့မှုတွေ မရသလောက်ပဲလို့ ဦးနိုင်က ဆိုပါတယ်။
ရေကြီးမြေပြိုမှုဖြစ်ခဲ့တဲ့ ဦးနိုင်တို့ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသကို စစ်ကော်မရှင်လက်အောက်ခံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဝန်ထမ်းအချို့ ကွင်းဆင်းလာရောက်ပြီး ထိခိုက်ပျက်စီးမှုတွေကို လေ့လာစာရင်းပြုစုခဲ့ပေမယ့် ကူညီထောက်ပံ့မှုတွေကတော့ အခုချိန်ထိ မရသေးဘူးလို့ ဦးနိုင်က ဆိုပါတယ်။
လက်ရှိမှာ ဦးနိုင်တို့မိသားစုဟာ သူတို့ရွာနားမှာရှိတဲ့ ရွှေထုတ်လုပ်ရေးလုပ်ကွက်က စွန့်ပစ်တဲ့ ဗြုန်း (ရွှေပါဝင်တဲ့ မြေကြီး) တွေကို ဆေးပြီး ရလာတဲ့ဝင်ငွေနဲ့ မိသားစုဝမ်းရေးကို ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။
နေအိမ်နေရာတွေကို ရေနဲ့အတူပါလာတဲ့ ရွှံ့နွံတွေ ဖုံးလွှမ်းသွားတဲ့အတွက် ပြန်နေလို့မရဘဲ ရွှေထုတ်လုပ်ရေးကုမ္ပဏီက ကူညီပြီး နေရာချထားပေးတဲ့နေရာမှာ တဲသာသာအိမ်လေး ဆောက်နေနေရတယ်လို့ ဦးနိုင်က ဆိုပါတယ်။
🟩ရာသီဥတုပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖြစ်ဖို့ လို
မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကတော့ ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်အောင် နေဖို့ဆိုရင် ဒေသခံတွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာတာကို ထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတဲ့ အသိ အရင်ရှိကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ဖို့အတွက်ဆိုရင် သစ်ပင်စိုက်တာ တစ်ခုတည်းနဲ့ မလုံလောက်ဘဲ သစ်ပင်သစ်တောတွေ၊ မြေဆီလွှာတွေ၊ မြစ်ချောင်းအင်းအိုင်တွေရဲ့ သဘာဝပတ်ဝန်းကျင်တွေကို ရေရှည်စီမံကိန်းကြီးတွေချပြီးတော့ ထိန်းသိမ်းကာကွယ်ဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် မြေဆီလွှာပျက်စီးမှုတွေနဲ့ မြေပြင်ပျက်စီးနေတာတွေ၊ တောင်ကတုံးဖြစ်နေတာတွေကို ရပ်တန့်သွားအောင် မလုပ်နိုင်ရင်တောင် အနည်းဆုံးတော့ လျှော့ချနိုင်အောင် လုပ်ကြဖို့ အားလုံးမှာ တာဝန်ရှိတယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။ ရာသီဥတုပြောင်းလဲမှုကို ကာကွယ်ဖို့အတွက် ရေရှည်စီမံကိန်းတွေချပြီးတော့ ဆောင်ရွက်တဲ့အခါမှာ “မြန်လေ ကောင်းလေပဲ” လို့ ဦးဝင်းနိုင်က ပြောပါတယ်။
ဒေါက်တာ နော့ဖ်ရွတ် ဂျင်ဒါဆွန်ဘတ်ဂျရွန်ကတော့ ရာသီဥတုပြောင်းလဲမှုဟာ ဒေသတွင်း ခရီးသွားလုပ်ငန်းနဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေအပေါ် သက်ရောက်မှုတွေ ရှိလာတဲ့အတွက် လိုက်လျောညီထွေဖြစ်မယ့် နည်းလမ်းတွေကို စဉ်းစားဖို့ လိုအပ်လာပြီလို့ ထောက်ပြပါတယ်။
ဒေသတွင်း ခရီးသွားလုပ်ငန်းကို ရာသီဥတုပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖြစ်နိုင်ဖို့အတွက် နည်းလမ်းနှစ်မျိုးကို သူက အကြံပြုပါတယ်။
ပထမနည်းလမ်းကတော့ ခရီးသွားချိန်ကို ပြောင်းလဲခြင်းဖြစ်ပြီး ပူပြင်းတဲ့ ရာသီဥတုကို ရှောင်ရှားနိုင်ဖို့အတွက် ညပိုင်းမှာ ခရီးသွားတွေ လည်ပတ်နိုင်ဖို့ စိတ်ဝင်စားစရာကောင်းတဲ့ နေရာတွေ ဖော်ဆောင်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ခရီးသွားတွေ ညအချိန်မှာ လည်ပတ်နိုင်ဖို့အတွက်ဆိုရင် ကောင်းမွန်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်၊ လုံခြုံရေးအစီအမံတွေနဲ့ သတင်းအချက်အလက်စင်တာတွေကို ပိုပြီးကောင်းမွန်အောင် ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ဒေါက်တာ နော့ဖ်ရွတ် ဂျင်ဒါဆွန်ဘတ်ဂျရွန်က ပြောပါတယ်။
ဒုတိယအနေနဲ့ ခရီးသွားမှုပုံစံကို ပြောင်းလဲဖို့လိုအပ်ပြီး ရာသီဥတုအပေါ် မမှီခိုတဲ့ ခရီးသွားလုပ်ငန်းတွေ ဖန်တီးဖို့ လိုတယ်လို့ သူက ဆိုပါတယ်။
ဒေသတွင်း ဖန်တီးမှုစီးပွားရေး (Creative Economy) အဖြစ် ဒေသဆိုင်ရာ အစားအသောက်၊ ယဉ်ကျေးမှုစတဲ့ လုပ်ငန်းတွေကို မွမ်းမံပြီး ခရီးသွားတွေကို ဆွဲဆောင်ဖို့ ကြိုးစားသင့်သလို ခရီးသွားတွေ အပူဒဏ်ကို ရှောင်ရှားနိုင်ဖို့အတွက် မိုးလုံလေလုံ ခရီးသွားနေရာတွေ ဖန်တီးပေးဖို့ လိုအပ်တယ်လို့ ဒေါက်တာ နော့ဖ်ရွတ် ဂျင်ဒါဆွန်ဘတ်ဂျရွန်က အကြံပြုပါတယ်။
ပရာနီဆာ ဆယ်လော်ကတော့ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ရာသီဥတုပြောင်းလဲမှုဒဏ်ကို စိတ်ဓာတ်မကျဘဲ ပိုပြီးကောင်းမွန်တဲ့ ဖြေရှင်းနည်းလမ်းတွေ ရှာဖွေပြီး ရင်ဆိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ သူ့ရဲ့ One Tea At A Time ဆိုင်လေးကို ပြန်ဖွင့်လှစ်ထားပြီး ရည်မှန်းချက်အတိုင်း ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားနေပါတယ်။
တစ်ချိန်တည်းမှာပဲ “၂၀၂၄ ခုနှစ်ကလို ရေကြီးမှုကြီးမျိုး နောက်ထပ် မဖြစ်ပါစေနဲ့လို့ မျှော်လင့်တယ်” လို့ ပရာနီဆာ ဆယ်လော်က ပြောပါတယ်။
#သတင်းဆောင်းပါး #ThanLwinKhetNews
