ကောင်းချစ်အောင်
မေ ၃ ၊ ၂၀၂၃ ။
အကျဉ်းထောင်အသီးသီးတွင် သေဒဏ်ချမှတ်ခြင်းခံထားရသည့် အကျဉ်းသား/သူ (၃၈) ဦးကို သေဒဏ်ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုပြီး ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံစေလိုက်ကြောင်း စစ်ကောင်စီက ယနေ့တွင်ထုတ်ပြန်သည်။
အဆိုပါထုတ်ပြန်ချက်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် အကျဉ်းထောင်အသီးသီးတွင်သေဒဏ်ချမှတ်ခြင်းခံထားရသော အကျဉ်းသား/သူ(၃၈) ဦးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ ချမှတ်ထားသည့် သေဒဏ်ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု၍ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံစေလိုက်သည်ဟု ဖော်ပြထားသည်။
သေဒဏ်ကျခံရသူ ၃၈ဦးကို ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံရမည်ဟုသာ ဖော်ပြထားပြီး မည်သည့်အကျဥ်းသား အမျိုးအစားများပါဝင်ကြောင်းကို အတိအလင်းထုတ်ပြန်ထားခြင်းမရှိပေ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မေလ ၂ရက်နေ့အထိစာရင်းအရ သေဒဏ်ချခံထားရပြီး အကျဉ်းထောင်များတွင်ထိန်းသိမ်းခံထားရသူ ၁၁၂ဦး၊ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၂ဦးစုစုပေါင်း ၁၅၄ဦး သေဒဏ်ချမှတ်ခံထားရသည်ဟု သိရသည်။
အာဏာသိမ်းကာလအတွင်း၌ သေဒဏ်ချမှတ်ခံခဲ့ရသော နိုင်ငံရေးအကျဥ်းသားများအနက်
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့လေးဦးကို ပြီးခဲ့သည့် ၂၀၂၂ခုနှစ်ဇူလိုင်လ၂၃ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက အင်းစိန်ထောင်အတွင်း၌ ကြိုးမိန့်ပေးကွက်မျက်ခဲ့သည်။
အဆိုပါရက်တွင်ပင် မျက်ကွယ်သေဒဏ်စီရင်မှုများလည်း ပေါ်ပေါက်ခဲ့သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူအသိုင်းအဝိုင်းကဆိုသော်လည်း သံလွင်ခက်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/911
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=4016
Website ->https://eng.thanlwinkhet.net