![]()
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့အား ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ယနေ့ ထုတ်ပြန်သည်။
၂၀၂၀ ရွေးကောက်ပွဲမှ အပ်နှင်းသည့် အာဏာကို ကျင့်သုံးကာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ ပြင်ဆင်ဖွဲ့စည်းခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
စစ်ကော်မရှင်က ဖမ်းဆီးထားသည့် ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတအဖြစ် တာဝန်ပေးအပ်ထားပြီး ဒေါ်အောင်ဆန်းစုကြည် ကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် နဂိုအတိုင်းထားရှိသည်ကို တွေ့ရသည်။
ဒူဝါလရှီးလသည် နိုင်ငံတော်ဒုတိယသမ္မတအဖြစ် ဆက်လက်တာဝန်ယူပြီး ယာယီသမ္မတအဖြစ်ပါ တာဝန်ယူမည်ဖြစ်သည်။
မန်းဝင်းခိုင်သန်း ကိုမူ ပြည်ထောင်စုဝန်ကြီးချုပ် တာဝန်ပေးအပ်ထားသည်။ ယခင် ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ကို ပူးတွဲတာဝန်ယူခဲ့သည့် ဒေါက်တာဇော်ဝေစိုးမှာ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီးဖြစ်လာသည်။
လက်ရှိအသစ်ဖွဲ့စည်းလိုက်သော အစိုးရအဖွဲ့တွင် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဆိုင်ရာဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားကူးသန်းဝန်ကြီးဌာနတို့ မပါဝင်တော့သည်ကို တွေ့ရပြီး အလုပ်သမားဝန်ကြီးဌာနနှင့် လူသားစာနာဝန်ကြီးဌာန နှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြင်ဆင်ဖွဲ့စည်းထားသော အဖွဲ့ဝင် ၂၉ ဦးတွင် အမျိုးသမီး လေးဦးသာ ပါဝင်သဖြင့် အစိုးရအဖွဲ့ခေါင်းဆောင်ပိုင်းအတွင်း အမျိုးသမီးပါဝင်မှုနှုန်းအပေါ် ဝေဖန်မှုများရှိနေသည်။
“ဘာအလုပ်မှမလုပ်တဲ့ တရားရေးဝန်ကြီး ဦးသိန်းဦး ပြန်ပါနေတာ သဘောမကျဘူး။ သူ့နေရာကို အစားထိုးစေချင်တယ်။ ဆက်ပါနေတဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အပိုကြီးလို့ မြင်တယ်။ နောက်ပြီး အစိုးရအဖွဲ့ထဲမှာ စာရင်းစစ်ချုပ် မပါတာလည်း ဘဝင်မကျဘူး’’ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ သုတေသနတာဝန်ခံဟောင်း ဦးမျိုးရန်နောင်သိန်းက လူမှုကွန်ယက်တွင် မှတ်ချက်ပေးထားသည်။
NUG ၏ ယခု ပြုပြင်ပြောင်းလဲမှုသည် သိသာထင်ရှားသည့်ပြောင်းလဲမှုများ မမြင်ရဘဲ ယခင်လူဟောင်းများဖြင့်သာ ပြန်လည်ဖွဲ့စည်းထားသည်ဟု လေ့လာသုံးသပ်သူများကလည်း လူမှုကွန်ယက်တွင် သုံးသပ်ဝေဖန်နေကြသည်။
#အမျိုးသားညီညွတ်ရေး #ပြင်ဆင်ဖွဲ့စည်းမှု #ဝေဖန်မှုများရှိ #ThanLwinKhetNews
