![]()
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း မရကန်ကျေးရွာကို စစ်ကော်မရှင် လေတပ်က ဒီဇင်ဘာ ၅ ရက် ညပိုင်းတွင် လေကြောင်း ဗုံးကြဲခဲ့သဖြင့် အရပ်သား ၁၈ ဦး သေဆုံးခဲ့ရသည်ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးးအဖွဲ့က ထုတ်ပြန်သည်။
ဂျက်ဖိုက်တာ တစ်စီးဖြင့် ည ၈ နာရီတွင် ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ကလေးနှင့် အမျိုးးသမီးများအပါအဝင် ၁၈ ဦး သေဆုံးကာ နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စိုးရိမ်ဖွယ် ဒဏ်ရာရရှိသူများလည်းရှိပြီး အခြေအနေကို ဆက်လက်စောင့်ကြည့်နေသည်ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားသည်။
ထို့အပြင် ဒီပဲယင်းအနောက်ခြမ်းအားလည်း နေ့ခင်းပိုင်း၌ ဂျက်ဖိုက်တာ နှစ်စီး၊ ညနေပိုင်း၌ ဂျိုင်ရိုကော်ပတာ နှစ်စီးဖြင့် လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်မှုများအရ သိရသည်။
စစ်ကော်မရှင်သည် အများပြည်သူနေထိုင်ရာ ကျေးရွာများအတွင်းသို့ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေသောကြောင့် ဒီပဲယင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကာ ဘေးလွတ်ရာတွင် ခိုလှုံနေကြရန်လည်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားသည်။
#ဒီပဲယင်း #စစ်တပ် #ဗုံးကြဲ #ThanLwinKhetNews
