![]()
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် တိတ်ဆိတ်ခြင်းအားဖြင့် ပြည်သူ့အသံကို ထုတ်ဖော်ရန် ရည်ရွယ်၍ နိုင်ငံတဝန်း အသံတိတ်သပိတ်ဆင်နွှဲကြရန် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB က ဒီဇင်ဘာ ၅ တွင် တိုက်တွန်းလိုက်သည်။
အသံတိတ်သပိတ် ကျင်းပမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပြီး မြန်မာ နိုင်ငံသားများ၏ တိတ်ဆိတ်ခြင်းအားဖြင့် ကြွေးကြော်သံကို ကမ္ဘာတစ်ဝှမ်းက ကြားနိုင်ရန် ပြည်သူအပေါင်း ပါဝင်ကြပါဟု နှိုးဆော်ထားသည်။
သပိတ် ပြုလုပ်မည့်အချိန်ကို ရုံးတက်ရုံးဆင်း၊ စျေးသွားစျေးလာ အချိန်ကာလများနှင့် လွတ်စေရန် မနက် ၁၀ နာရီမှ ညနေ ၃ နာရီ အကြား သတ်မှတ်ထားသည်။
စစ်ကော်မရှင်၏ အဓမ္မပြုလုပ်မည့် ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ စစ်အုပ်စုအနေဖြင့် ပြည်သူထောက်ခံမှု ရရှိနေသယောင် နိုင်ငံတကာကို ဝါဒဖြန့်မှုများပြုလုပ်နေပြီး တစ်ဖက်တွင်လည်း ပြည်သူကို ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့် ရွေးကောက်ပွဲ အထမြောက်ရန် ကြိုးစားနေသည်ဟု ဖော်ပြထားသည်။
“ဓားထောက်ပြီး ဘုရင်မြှောက်ခိုင်းချိန်မှာ မတရားခံရကြောင်းကိုတော့ ကျနော်တို့ ဟစ်အော် အသိပေးကြပါမယ်” ဟု GSCB က နှိုးဆော်ထားသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အသံတိတ်သပိတ် ၄ ကြိမ် အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ပြီး ယခုတစ်ကြိမ်ပါဝင်ပါက ၅ ကြိမ် ရှိလာမည်ဖြစ်သည်။
#လူ့အခွင့်ရေးနေ့ #အသံတိတ်သပိတ် #GSCB #ThanLwinKhetNews
