သမိုင်း၏မေ့လျော့ခံ ကျောင်းသားလှုပ်ရှားမှုတစ်ခု – ဇာတ်သိမ်းပိုင်း
********
ဇေယျာဦး
မေ ၁၅ ၊ ၂၀၂၄။
(IJBS – လွတ်လပ်သော မြန်မာ့သုတေသနဂျာနယ်တွင်ဖော်ပြထားသောယခုဆောင်းပါးကို စာတမ်းရှင်
ဇေယျာဦး ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်)
ကျောင်းသားများပို့ခဲ့သော စာများသည် အောက်ခြေတွင်ရှိသောဝန်ထမ်း များက
သက်ဆိုင်ရာလူကြီးများထံမပို့ဘဲ လက်စဖျောက်လိုက်နိုင်သည်လည်း ဖြစ်ရာ ယခုအခြေအနေသည်
ကျောင်း၏တာဝန်အရှိဆုံးပုဂ္ဂိုလ်နှင့် ကျောင်း သားတို့ကြား တရားဝင်ဆွေးနွေးခွင့်ရမည်ဖြစ်သလို
အခြားသောအရာရှိများ၏ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ လည်း အပြန်အလှန် ဆွေးနွေးခွင့်ရမည်
ဖြစ်သည်။ ပထမဦးစွာ ကျောင်း၏ ပြဿနာအထွေထွေကို တင်ပြကြသည်။ ၎င်းတင်ပြချက်များထဲတွင်
ကျောင်း၌ ဆရာ၊ ဆရာမ မလုံလောက်မှု၊ အင်ဂျင်နီယာဘာသာရပ်အပိုင်း အလေးပေးမှု အားနည်းမှု၊
ကွန်ပျူတာအပါအဝင် ကျောင်းရှိ သင်ထောက်ကူပစ္စည်းများကို ကျောင်းသားများအသုံးပြုခွင့်ရခြင်း
နည်းပါးမှု အခြေအနေများလည်း ပါဝင်သည်။ ထို့နောက် ကျောင်းသားများ၏
တောင်းဆိုချက်များအကြောင်းကို တင်ပြသည်။
ကျောင်း၏ ပြဿနာအထွေထွေနှင့် ပတ်သက်ပြီး ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးဘိုးအောင်က
ဖြေရှင်းပေးလိမ့်မည် ဟုဆိုကာ တောင်းဆိုချက်များ ကိုမူ တပ်မတော်တွင် ယခုကဲ့သို့
လူစုလူဝေးဖြင့်ဆန္ဒပြခြင်းဖြင့်သော်လည်း ကောင်း၊ လူစုလူဝေးဖြင့် လက်မှတ်ထိုးစာတင်၍
သော်လည်းကောင်း တောင်းဆိုမှုများကို လိုက်လျောပေးရိုးထုံးစံမရှိ ကြောင်း၊ မကျေနပ်ပါက
ကျောင်းသားများအား တောခိုလျှင်ခိုနိုင်ကြောင်း ပြောသည်။ ဤတွင် ကျောင်းသား များ ဘက်ကလည်း
တောင်းဆိုချက်များရရှိမှသာ ကျောင်းကို ဆက်တက်နိုင်မည်၊ မရလျှင် ကျောင်းသားများကို (အရေးယူမှု
တစ်စုံတစ်ရာ မလုပ်ဘဲ) ငြိမ်းချမ်းစွာ အိမ်ပြန်ခွင့်ပြုရန် ထပ်မံတင်ပြ တောင်းဆိုကြသည်။ အဆိုပါ
တင်ပြချက်ကို ကြားရသည့်အခါ လေ့ကျင့်ရေးအရာရှိချုပ်လည်း ခေတ္တမျှ ငြိမ်သွားသည်။ သူ
မျှော်လင့်မထားသော အချက်ဖြစ်ပုံရသည်။ ထို့အပြင် ကျောင်းသားများ၏ တောင်းဆိုလွှာများမှာလည်း
သက်ဆိုင်ရာလူကြီးများထံ မရောက်သည်မှာ သေချာသလောက် ဖြစ်နေသည်။ ရောက်ပါက ထို
အချက်များကို ဗိုလ်ချုပ်ကျော်ဝင်း သိရှိပြီး ဖြစ်လိမ့်မည်။
ထို့နောက် အိမ်ပြန်လိုသည့်ကိစ္စကို တစ်ဦးတစ်ယောက်တည်းက ကျောင်းသားအားလုံးကိုယ်စား
တောင်းဆို၍မရ ကြောင်း၊ တပ်မတော်တွင် ကိုယ်စားလှယ်လုပ်ပြီး တောင်းဆို၍ မရကြောင်း၊ ယခုကိစ္စကို
ဤနေရာတွင်ပင် အဆုံး အဖြတ်ပေးမည်ဖြစ်ကြောင်းပြောကာ အိမ်ပြန်လိုသော
ကျောင်းသားများအနေဖြင့် စစ်ကြောင်း၏ အပြင်ဘက် စစ်ရေးပြကွင်းဘက်တွင် ထွက်၍
ရပ်ရမည်ဖြစ်ပြီး မပြန်လိုသော ကျောင်းသားများက လက်ရှိနေရာတွင် ဆက်လက်ထိုင်နေရမည်ဟု
ဆိုသည်။ တစ်ဦးနှင့်တစ်ဦး မည်သည့်ပုံစံနှင့်မျှ သွေးဆောင်စည်းရုံးခြင်းမလုပ်ရန် လည်း
သတိပေးလိုက်သည်။ ထို စကားကြားသည့်အခါ ကျောင်းသားများလည်း ခေတ္တမျှငြိမ်သွားသည်။
ဘေးဘီ ဝဲယာတွင် ကျည်အသင့်ထိုးထားသော လက်နက်များဖြင့် ချိန်ရွယ်ထားပြီး အဆင့်မြင့်တပ်မတော်
အရာရှိကြီးများ၏ ရှေ့မှောက်တွင် ကျောင်းသား တစ်ဦးချင်းအနေဖြင့် မိမိတို့သဘောဆန္ဒကို
အတည့်အလင်း ထုတ်ဖော်ကာ အာခံရမည့် အခြေအနေနှင့် ရင်ဆိုင်လိုက်ရသည်။ ထိုသို့ ထွက်ရပ်မည့်
ကျောင်းသားများကို ပစ်သတ်မည်လော၊ အရေးယူမည်လော စသဖြင့် ကျောင်းသားများဘက်မှလည်း
တွေးနေကြသည်။ ခဏအကြာတွင်တော့ ကျောင်းသားတစ်စုက စစ်ကြောင်းထဲမှထွက်ကာ
လေ့ကျင့်ရေးအရာရှိချုပ် ပြောသော နေရာတွင် ရပ်လိုက်ကြသည်။ ကင်မရာသမားများကလည်း ဓာတ်ပုံ
များ အဆက်မပြတ် ရိုက်နေသည်။ ထို့နောက် နောက်ထပ်တစ်စု ထပ်ထွက် သွားပြန်သည်။ ဤသို့ဖြင့်
တစ်စုပြီးတစ်စု ထွက်သွားနေရာ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်ကျော်ဝင်းအပါအဝင်
အရာရှိများအားလုံး မျက်နှာမသာမယာ ဖြစ်ကုန်ကြသည်။ ၎င်းတို့၏ သွေးခွဲရေးစနစ်ကျင့်သုံးမှု divide
and rule မှာ ကျောင်းသားများအတွက် အလုပ်မဖြစ်ကြောင်း စတင် ရိပ်မိလာသည်။ တစ်စတစ်စနှင့်
အိမ်ပြန်မည့်ဘက်တွင် ထွက်ရပ်လာသည့် ကျောင်းသားဦးရေမှာ သုံးပုံနှစ်ပုံကျော်လာချိန်တွင်တော့
လေ့ကျင့်ရေး အရာရှိချုပ်က လက်ကာပြ၍ တားလိုက်တော့သည်။ ထို့နောက်တွင်တော့ –
“ကောင်းပြီ … မင်းတို့ရဲ့ ရဲရင့်ပြတ်သားမှုကို ကြိုက်တယ် … သိပ်ကို အိမ်ပြန်ချင်နေတဲ့ ကောင်တွေ။
မင်းတို့ကို တပ်မတော် မှာလည်း ဆက်မထားဘူး … အားလုံးပြန်ပို့ပေးမယ် … မင်းတို့ မိဘတွေဆီ
အကြောင်းကြားပြီး အားလုံးကို ပြန်ပို့ပေးမယ် … ကျန်တဲ့အင်အားနဲ့ ငါတို့ ဒီကျောင်းကို ဆက်ဖွင့်မယ် …
ဒါပေမဲ့ မင်းတို့ တစ်ခုတော့မှတ်ထားကြ… မင်းတို့ကျောင်းသားတွေရဲ့ လုပ်ရပ်ဟာ
မြန်မာ့တပ်မတော့်သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ ဖူးတဲ့ လုပ်ရပ်ပဲ။ နောက်နောင်လည်း ဘယ်တော့မှ
ရှိမလာစေ ရဘူး… မင်းတို့စိတ်ဓာတ်တွေ ငါတို့တပ်မတော်ကို အကူးစက် မခံနိုင်ဘူး … အဲဒီအတွက် မင်းတို့
ပြန်ချင်သူတွေ ပြန်ရမယ် … မင်းတို့ မိဘတွေ လက်ထဲကို မှဲ့တစ်ပေါက်မစွန်းစေရဘဲ ပြန်ရောက်စေရမယ်…
အဲ… ဒါပေမဲ့ ဒီကိစ္စကို လှုံ့ဆော်ဖန်တီး တဲ့ သူတွေကိုတော့ ငါတို့ ခွင့်မလွှတ်ဘူး…”ဟုဆိုကာ ဆွေးနွေးမှုကို အဆုံးသတ်လိုက်တော့သည်။
ထို့နောက် ကျောင်းအုပ်ကြီးကိုလည်း မှာစရာရှိတာ မှာကြားကာ
တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်လည်း ကားပေါ်သို့တက်၍ နေရာမှ
ပြန်လည်ထွက်ခွာသွားတော့သည်။ ကျောင်းအုပ်ကြီးကိုယ်တိုင်ကလည်း အိမ်ပြန်လိုသော
ကျောင်းသားများ မိမိတို့ သက်ဆိုင်ရာတပ်ခွဲအလိုက် နာမည် စာရင်းပေးကြရန် မှာကြားပြီး
ပြန်လည်ထွက်ခွာသွားတော့သည်။ ကျောင်းသား များလည်း မိမိတို့လိုလားသော အချက် (၂) ချက်
(စာတင်၍ တောင်းဆို ထားသော အချက်များကို လိုက်လျောလျှင် ဆက်တက်မည်၊ မလိုက်လျောလျှင်
ငြိမ်းချမ်းစွာ အိမ်ပြန်ခွင့်ရရမည် ဟူသောအချက်) ထဲမှ တစ်ချက်ကို အောင်မြင်စွာ
ရရှိခဲ့ပြီဖြစ်သည့်အတွက် ဆက်တက်လိုသော ကျောင်းသားအချို့ မှလွဲ၍ ကျောင်းသားအများစုမှာ
ကျေနပ်ပျော်ရွှင်သွားကြသည်။ မိမိတို့ဘဝကို မိမိတို့ လွတ်လပ်စွာ ပုံဖော်ခွင့်ရတော့မည်၊ လွတ်လပ်စွာ
ပျံသန်းခွင့်ရတော့ မည်။ ထိုနေ့မှစ၍ ကျောင်း၏ နိစ္စဓူဝလုပ်ငန်း လည်ပတ်မှုများ၊ ယန္တရားများကိုတရားဝင်ရပ်လိုက်ကြပြီး အိမ်မပြန်မီ ကျောင်းထဲ၌ ကျောင်းသားအားလုံး လွတ်လပ်စွာ
နေထိုင်ခွင့်ရသွားကြသည်။
ကျောင်းပတ်ပတ်လည်တွင်တော့ လက်နက်ကိုင်တပ်များက လုံခြုံရေး တင်းကျပ်စွာ ယူနေဆဲဖြစ်သည်။
ကျောင်းပရဝုဏ်မှ ထွက်ပြေးရန် မသင်္ကာ ဖွယ်ရာများ တွေ့လျှင်လည်း နေရာတွင် ပစ်သတ်ရန်
အမိန့်ပေးထားသည် ဆိုသော သတင်းများကိုလည်း ကြားသိရသည်။ မည်သို့ပင်ဖြစ်စေ ကျောင်းသား
များအနေဖြင့် အိမ်ပြန်ခွင့်ရတော့မည့်နေ့ကိုသာ စောင့်မျှော်နေရုံမှတစ်ပါး လုပ်စရာမရှိတော့ပေ။
ကျောင်းသားများ ပျော်ရွှင်နေကြသည့် တစ်ချိန်တည်း တွင် တစ်ဖက်၌လည်း နာမည်ထွက်သော
ကျောင်းသားများကို တစ်ဦးချင်း ခေါ်ယူစစ်ဆေးလျက်ရှိနေရာ အများစုက ပြန်မလာရတော့သည်က
များသည်။ ထို့အတူ ညဉ့်အချိန်များတွင် ကျောင်းသားအိပ်ဆောင်များသို့လာကာ နာမည် ထွက်သော
အချို့ကျောင်းသားများကို တိတ်တဆိတ် ခေါ်ဆောင်သွားမှုများ လည်း ရှိနေသည်။ မည်သူတွေကို
မည်သို့ခေါ်ဆောင်သွားသည်ကို ကျောင်းသားများ မသိကြတော့ပေ။
တစ်ပြိုင်နက်တည်းတွင် ပြင်ဦးလွင်မြို့ပြင်ရှိ (၃၁) မိုင် တပ်မတော် ဗဟို လျှပ်စစ်နှင့်
စက်မှုအင်ဂျင်နီယာတပ် (ဗလစ) တွင် ထိန်းသိမ်းခံထားရသော စတုတ္ထနှစ်ကျောင်းသားများမှာလည်း
တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်နှင့် ဆွေးနွေးမှုအဆင်မပြေဖြစ်ကာ မည်သို့ဆက်လုပ်ရမည် မသိ
ဖြစ်နေခဲ့သည်။ စတုတ္ထနှစ်ထဲမှ လက်ရှိလှုပ်ရှားမှုနှင့်ပတ်သက်၍ နာမည်ထွက်သော
ကျောင်းသားအချို့ကိုလည်း တစ်စတစ်စ ခေါ်ထုတ်စစ်ဆေးရင်း တစ်ခါတည်း
ထိန်းသိမ်းထားလိုက်သည်များ ရှိနေသည်။ ဖမ်းဆီးခေါ်ဆောင်သွားသော ကျောင်းသားများကို
တပ်မတော် နည်းပညာကောလိပ်ကျောင်းအချုပ်တွင် မထားတော့ဘဲ ပြင်ဦးလွင်မြို့ပေါ်ရှိ
အခြားသောကျောင်းကြီးများနှင့် တပ်များ တွင် ခွဲ၍ထားရှိကြသည်။ အချို့ကို စစ်တက္ကသိုလ်အချုပ်တွင်
လည်းကောင်း၊ အချို့ကို တပ်မတော်နည်းပညာတက္ကသိုလ် အချုပ်တွင်လည်းကောင်း၊ အချို့ ကို
တပ်မတော်အုပ်ချုပ်မှုကျောင်း (တအခ) အချုပ်တွင်လည်းကောင်း၊ အချို့ ကို တပ်မတော်လေ့ကျင့်ရေး
(၂) တပ်ရင်းအချုပ်တွင်လည်းကောင်း စသဖြင့် အသီးသီးခွဲဖြန့်ထားရှိကာ တစ်နေရာလျှင် အများဆုံး
(၃) ရက်သာ ထားရှိပြီး အလှည့်ကျရွှေ့ပြောင်းရင်း စစ်ကြောရေးဝင်လျက်ရှိသည်။ ပထမတွင်
ကျောင်းသားအားလုံးကို သေဒဏ်ပေးမည်ဟူသော သတင်းများထွက်ပေါ်လာ သည်။
သေဒဏ်ပေးမည်ဆိုသော ကိစ္စနှင့် ပတ်သက်၍ တပ်မတော် ခေါင်းဆောင်ပိုင်းများကြား
သဘောထားကွဲလွဲမှုအချို့ ရှိနေသည်ဟုလည်း ကြားသည်။ ထို့နောက် ဖမ်းဆီးခံ ကျောင်းသားများကို
ရောက်ရှိတပ်ရင်းအချုပ် များတွင်ပင် စစ်ခုံရုံးတင် စစ်ဆေးကြသည်။
တပ်မတော်နည်းပညာကောလိပ်တွင်မူ ကျောင်းအုပ်ကြီးမှာကြားခဲ့သည့်အတိုင်း အိမ်ပြန်လိုသော
ကျောင်းသားများ နှင့် ဆက်တက်လိုသောကျောင်းသားများကို သက်ဆိုင်ရာ တပ်ခွဲအလိုက်
နာမည်စာရင်းလိုက်လံ ကောက်ယူ လျက်ရှိသည်။ ကျောင်းကို လက်ရှိပုံစံအတိုင်း ဆက်ဖွင့်မည်၊
ဆက်တက်လိုသော ကျောင်းသားများကို ရောက်ရှိစာသင်နှစ်များအတိုင်း
ဆက်လက်သင်ကြားပေးသွားမည်ဆိုသည့် သတင်းများလည်း ကြားလာရသည် ဖြစ်ရာ
ကျောင်းသားများကြားတွင် နောက်ဆုံး၌ ကျောင်းဆက်မတက်ဘဲ အိမ်ပြန်လိုသည့်ဘက်က
ပိုမိုများပြားလာတော့သည်။ အိမ်ပြန်လိုသည့် ကျောင်းသားဦးရေ အဆမတန် များပြားနေကြောင်း
တာဝန်ရှိသူများ သိရှိ သွားချိန်တွင် ကျောင်းသားများကြား သတင်းတစ်ခုဝင်လာပြန်သည်။ အိမ်ပြန်
မည်ဆိုပါက ကျောင်းသားတစ်ဦးလျှင် ငွေကျပ် (၁၀) သိန်း နိုင်ငံတော်ကို လျော်ကြေးပေးရမည်ဟူ၍
ဖြစ်သည်။ မည်သို့ပင်ဆိုစေ ကျောင်းသားများ၏ ဆုံးဖြတ်ချက်များကား မပြောင်းလဲကြတော့ပေ။
ကျောင်းသားအင်အား (၃၀၀၀) ကျော်တွင် ဆက်တက်လိုသည့် အင်အား မှာ (၁၀၀) ဝန်းကျင်သာ
ကျန်ရှိတော့သည့်အတွက် နောက်ဆုံးအချိန်အထိ ကျောင်းကို ရှိသလောက်အင်အားနှင့်
ဆက်ဖွင့်သွားမည်ဆိုသော တပ်မတော် ခေါင်းဆောင်ပိုင်းများ၏ ဆုံးဖြတ်ထားမှုကို
ပြင်လိုက်ရတော့သည်။ နောက်ဆုံး တွင်တော့ ကျောင်းသားအားလုံးကို အိမ်ပြန်ခွင့်ပေးလိုက်သည်
ဟူသော အမိန့် ကျလာတော့သည်။ ထိုအမိန့်ကျပြီးနောက် ဇွန်လ (၇) ရက်နှင့် (၈) ရက်များ တွင်တော့
တပ်မတော်နည်းပညာကောလိပ် ကျောင်းသားများကို တပ်မတော် မော်တော်ယာဉ်များဖြင့်
မန္တလေးမြို့အထိ လိုက်လံပို့ဆောင်ပေးခဲ့ကြသည်။ ကျောင်းသားအားလုံးကို ထိုသို့ပြန်ပို့ပေးခဲ့ပြီးနောက်
ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာကောလိပ်ကိုလည်း ဇွန်လ (၁၀) ရက်တွင် တရားဝင်
ပိတ်လိုက်ကြတော့သည်။
အိမ်ပြန်ကျောင်းသားများနှင့် မရှေးမနှောင်းမှာပင် ဇွန်လ (၁၀) ရက်နေ့မှ စ၍
ဖမ်းဆီးခံကျောင်းသားများကို မန္တလေးအကျဉ်းထောင်သို့ (၃) သုတ်ခွဲကာ ပို့ခဲ့သည်။
ဖမ်းဆီးခံကျောင်းသားများသည် မန္တလေးထောင်သို့ ရောက်၍ ထောင်အာဏာပိုင်များနှင့်
တွေ့ဆုံချိန်မှသာ မိမိတို့ ထောင်ဒဏ်မည်မျှ ကျခံရ ကြောင်းကို သိခွင့်ရကြသည်။ ထို့နောက် မန္တလေး
ကြိုးတိုက်နှင့် သေဒဏ် တိုက်ခန်းများတွင် တစ်ခန်းလျှင် (၄) ဦး သို့မဟုတ် (၃) ဦးနှုန်းဖြင့် အသီးသီး
ခွဲဖြန့်ထားရှိကြသည်။ မန္တလေးအကျဉ်းထောင်တွင် (၄) ပတ်ကြာမျှ ထားပြီး သည့်အချိန်တွင်တော့
ဖမ်းဆီးခံကျောင်းသားများကို မြန်မာနိုင်ငံအနှံ့အပြားရှိ အကျဉ်းထောင်များသို့ ခွဲပို့ကြသည်။
ထောင်နေရာချသည့် ပုံစံမှာလည်း ရန်ကုန်၊ ဧရာဝတီကဲ့သို့ မြန်မာပြည် အောက်ပိုင်းတွင်နေသော
ကျောင်းသား များကို ဗန်းမော်၊ ကသာ၊ ပူတာအို၊ ခန္တီး၊ ကလေး စသည့် အကျဉ်းထောင်များသို့
လည်းကောင်း၊ မြန်မာပြည် အထက်ပိုင်းတွင်နေသော ကျောင်းသားများကို မော်လမြိုင်၊ ဘားအံ၊ စစ်တွေ
စသည့် အကျဉ်းထောင်များသို့လည်းကောင်း ဇာတိဒေသများနှင့် ဝေးကွာသောနေရာများသို့
တမင်ရည်ရွယ်ချက်ရှိရှိ ခွဲဖြန့် ပို့လိုက်ကြခြင်း ဖြစ်သည်။
တပ်မတော်နည်းပညာကောလိပ် ကျောင်းသားလှုပ်ရှားမှုဖြစ်စဥ်တွင် စတုတ္ထနှစ်ကျောင်းသား (၁၁) ဦး၊
တတိယနှစ်ကျောင်းသား (၁) ဦး၊ ဒုတိယနှစ် ကျောင်းသား (၃၃) ဦး၊ စုစုပေါင်း (၄၅) ဦးမှာ ထောင်ဒဏ်
(၅) နှစ် နှင့် (၇) နှစ်တို့ အသီးသီးချမှတ်ခံခဲ့ရသည်။ ထို့အပြင် အဆိုပါဖြစ်စဥ်အတွင်း ကျောင်းတွင်
တာဝန်ထမ်းဆောင်ခဲ့သော လေ့ကျင့်ရေးအရာရှိများလည်း အရေးယူခံခဲ့ရ သည်။ ထိုအချိန်က
သင်တန်းသွားနေသော အရာရှိများနှင့် အစိုးရသက်သေ လိုက်လံထွက်ဆိုပေးသော အရာရှိများမှလွဲ၍
ကျန်သော လေ့ကျင့်ရေးဌာန အရာရှိများနှင့်အတူ ဗိုလ်မှူးကြီး ဘိုးအောင်လည်း အနားပေးခံခဲ့ရသည်။
ဗိုလ်မှူးကြီးအဆင့် (၁) ဦး၊ ဗိုလ်မှူးအဆင့် (၅) ဦး၊ ဗိုလ်ကြီးအဆင့်(၈) ဦး စုစုပေါင်း အရာရှိ (၁၄)
ဦးတာဝန်မှ အနားပေးခံခဲ့ရသည်။ တကယ်တမ်းတွင် အဆိုပါအရာရှိများသည်
ထိပ်ပိုင်းခေါင်းဆောင်များ၏ အမိန့်အတိုင်း တပ်မတော်သားပီပီ တာဝန်ကို ကျေပွန်စွာ
ထမ်းဆောင်ခဲ့သည်သာ ရှိပါသည်။ တပ်မတော်တွင် အထက်အမိန့်မရဘဲ မည်သည့်အရာရှိမျှ
မိမိသဘောနှင့် လုပ်ဆောင်သည့် အလေ့အထမရှိသည်ဖြစ်ရာ ပေးခဲ့သော အမိန့်များနှင့် ချမှတ် ခဲ့သော
မူဝါဒအမှား၊ စနစ်အမှားများကြောင့် ပေါ်ပေါက်လာသည့် အကျိုးဆက် ကို တာဝန်ယူသင့်သည်မှာ
အဆိုပါအရာရှိများ မဟုတ်ပေ။ ထိုစနစ်အမှားများ ကို ချမှတ်ခဲ့သော၊ ပေးခဲ့သော ကတိကဝတ်များကို
ချိုးဖောက်ခဲ့သော ထိုစဥ်က တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များသာ ဖြစ်သည်။ နောက်ဆုံးတွင်တော့
အဆိုပါအရာရှိများသည်လည်း ကျောင်းသားများနည်းတူ အထက်ခေါင်းဆောင် များ၏ တာဝန်ခံမှု
ကင်းမဲ့ခြင်း၊ မူဝါဒလွဲမှားခြင်းတို့၏ သားကောင် ဖြစ်ခဲ့ရ ပေသည်။
ဤသို့ဖြင့် ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလတွင် တပ်မတော် လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာသိပ္ပံအမည်ဖြင့်
ပြင်ဦးလွင်မြို့တွင် စတင်ဖွင့်လှစ်ခဲ့သော တပ်မတော်နည်းပညာကောလိပ်သည် တည်ရှိမှုသက်တမ်း (၃)
နှစ်ခွဲခန့် ရှိသော ၂၀၀၂ ခုနှစ်၊ ဇွန်လတွင် တရားဝင်ပိတ်သိမ်းလိုက်ရတော့သည်။
မည်သို့ပင်ဆိုစေ ဤလှုပ်ရှားမှုတွင် တပ်မတော်နည်းပညာကောလိပ် ကျောင်းသားများအနေဖြင့် မိမိတို့
လိုချင်သော အချက် (၂) ချက်ထဲမှ တစ်ချက် ကို ရရှိခဲ့သည့်အတွက် လှုပ်ရှားမှုအောင်မြင်သည်ဟု
ဆိုနိုင်သည်။ အနာဂတ် ပျောက်နေခဲ့သော လူငယ်များအတွက် အနာဂတ်သစ်တွင် မိမိတို့လမ်းကို
မိမိတို့စိတ်ကြိုက် ရွေးချယ်လျှောက်လှမ်းနိုင်ပြီ ဖြစ်သည်။ ယခု ဤစာ ရေးသည့်အချိန်တွင်
အသက်အရွယ်အားဖြင့် (၃၈-၃၉) နှစ်ဝန်းကျင် ရှိနေကြပြီ ဖြစ်သော အဆိုပါ
ကျောင်းသားဟောင်းများသည် မိမိတို့ သက်ဆိုင်ရာနယ်ပယ် အသီးသီးတွင် အောင်မြင်နေသူများရှိသလို၊
အများစုမှာ ဘဝကို အသင့်အတင့် ရပ်တည်နေနိုင်ကြသူများလည်း ရှိကြသည်။
တပ်မတော်နည်းပညာကောလိပ် ကျောင်းဖြစ်တည်မှုမှာ သမိုင်းစာမျက်နှာတစ်ခုတွင် လျှပ်တစ်ပြက်သာ
ပေါ်ထွန်းခဲ့ပြီး ပျောက်ကွယ်သွားခဲ့သော်လည်း အဆိုပါခက်ခဲသော ရုန်းကန်ရမှု တို့ဖြင့်
အတူကျော်ဖြတ်ခဲ့ကြသော တပ်မတော်နည်းပညာကောလိပ် ကျောင်းသားဟောင်းအများစုသည်ထပ်တိုးမရှိ၊ အလျော့သာရှိသော ၎င်းတို့ ကျောင်းသားဟောင်း အသိုင်းအဝိုင်းများကြား အပြန်အလှန်
ဖေးမကူညီ စည်းလုံးမှုများက ယနေ့ထိ ခိုင်မာနေဆဲဖြစ်သည်။
တပ်မတော်နည်းပညာကောလိပ်ဖြစ်စဥ်နှင့် ပတ်သက်၍ပျံ့နှံ့ခဲ့သောသတင်းမှားများနှင့်
ကျောင်းသားများကြုံရ သော အမှတ်အသားသရုပ် အကြပ်အတည်း
*****
တပ်မတော်နည်းပညာကောလိပ်ကျောင်းသားများသည် ကျောင်းတက်နေစဥ်ကာလအတွင်း၌လည်း
အထက် ခေါင်းဆောင်များ၏ မူဝါဒမရှင်းလင်းမှု၊ ရည်ရွယ်ချက်မရိုးသားမှုတို့ကြောင့် မိမိတို့ကိုယ်ကို
မိမိတို့ မည်သို့ သတ်မှတ် ရမည်ကို အခက်အခဲရှိခဲ့ကြသလို ကျောင်းဖျက်သိမ်းပြီး နောက်ပိုင်း အချိန်
ကာလတစ်လျှောက်တွင်လည်း အဆိုပါ အမှတ်အသားသရုပ် အကျပ်အတည်း (identity crisis) ကို
နေရာတိုင်း၌ ရင်ဆိုင်ခဲ့ကြရပြန်သည်။ ယနေ့ အချိန်ထိလည်း ရင်ဆိုင်နေရဆဲ ဖြစ်သည်။
ကျောင်းဖြစ်စဥ်ကြောင့် ထောင်ဒဏ် ချမှတ်ခံခဲ့ရသော ကျောင်းသားများနှင့် ကျောင်းထုတ်ခံခဲ့ ကြရသော
ကျောင်းသားပေါင်း (၃၀၀၀) ကျော်သည် ယခု ဤစာရေးသည့် အချိန်တွင် အသက်အရွယ်အားဖြင့်
(၃၉-၄၀) နှစ်ဝန်းကျင် ရှိနေကြပြီဖြစ်၍ သက်ရှိ ထင်ရှားရှိနေကြဆဲမို့ ထိုအကျပ်အတည်းက
၎င်းတို့အနေဖြင့် တစ်ချိန်က တပ်မတော်နည်းပညာကောလိပ်ကျောင်းသား ဖြစ်ခဲ့ခြင်းအပေါ် ဂုဏ်ငယ်ရ
မလို ဖြစ်နေခဲ့ကြရသည်။ အကြောင်းမှာ တပ်မတော်နည်းပညာကောလိပ် ဖြစ်စဥ်နှင့်ပတ်သက်၍
သတင်းမှားများက တပ်မတော်အသိုင်းအဝိုင်း၊ ထိုစဥ်က ပညာရေးအသိုင်းအဝိုင်းနှင့် နိုင်ငံရေး
အသိုင်းအဝိုင်းတို့တွင် တစ်လျှောက်လုံး ပျံ့နှံ့နေခဲ့သည်။ ၎င်းတို့ အသိုင်းအဝိုင်းကြားတွင် တစ်ဆင့်စကား
တစ်ဆင့် နားဖြင့် ပျံ့နှံ့ခဲ့သော သတင်းမှာ တပ်မတော်နည်းပညာကောလိပ် ကျောင်းသား များသည်
ကောလိပ်မှ ကျောင်းဆင်းလျှင် တပ်မတော်ရာထူးအနေဖြင့် ဗိုလ် အဆင့် သတ်မှတ်ပေးရန်
တောင်းဆိုမှုကြောင့် တပ်မတော်က အရေးယူဖြိုခွင်း ခဲ့ခြင်းဖြစ်သည် ဟူ၍ဖြစ်သည်။ အဆိုပါသတင်းကို
ထိုစဥ်က ကျောင်းသား လှုပ်ရှားမှုကို ကိုင်တွယ်ဖြေရှင်းခဲ့သော တာဝန်ရှိခေါင်းဆောင်ပိုင်းများက တမင်
ရည်ရွယ်ချက်ရှိရှိ ဖြန့်ခဲ့ပုံပေါ်ပါသည်။ သို့မှသာ ၎င်းတို့၏ စီမံခန့်ခွဲမှု လွဲမှားချက်များ၊
ကျောင်းသားများအပေါ် ကတိကဝတ်ချိုးဖောက်မှုများ၊ စနစ် ၏ မတရားမှုများကို
ဖုံးကွယ်နိုင်မည်ဖြစ်သည်။ ၎င်းတို့ အသိမခံဝံ့ဆုံး အရာမှာ တပ်မတော်က တည်ထောင်သော
အင်ဂျင်နီယာကျောင်းက တပ်မတော် ခေါင်းဆောင်များအပေါ် မူဝါဒအလွဲများနှင့် ပတ်သက်၍ ယခုကဲ့သို့
ပြန်လည် မေးခွန်းထုတ် တောင်းဆိုမှုများ လုပ်လာခြင်းကို အများပြည်သူနှင့် နိုင်ငံတကာ
အသိုင်းအဝိုင်းကြား အသိမခံဝံ့ခြင်း ဖြစ်သည်။ ၎င်းဖြစ်ရပ်မှာ ထိုစဥ်က
တပ်မတော်ခေါင်းဆောင်များအတွက် ပြင်းထန်သော ထိုးနှက်ချက်တစ်ခုလည်း ဖြစ်ခဲ့သည်။
အကြောင်းမှာ ၎င်းတို့ စစ်အင်အားတိုးချဲ့ရေးစီမံကိန်းအတွက် များစွာအနှောင့်အယှက်ဖြစ်ခဲ့သလို
ထိုသို့ဖြစ်ပြီးနောက်ပိုင်း ကျောင်းကို အပြီးတိုင် ဖျက်သိမ်းလိုက်ရပြီးနောက်ပိုင်း တပ်မတော်မှ တပ်မတော်
ကွန်ပျူတာနှင့် အင်ဂျင်နီယာသိပ္ပံကဲ့သို့ အေဂျီတီအိုင်သင်တန်းကျောင်း အတွက် ကျောင်းသားများ
ခေါ်ယူရာတွင် လည်း လူငယ်များ အထင်အမြင် ရှုပ်ထွေးစေမည့် မစစ်မှန်သော မက်လုံးများပေး၍
မျှားခေါ်ခြင်းမျိုးကို လုံးဝ ရှောင်ကြဉ်သွားခဲ့သည်။
ထို့အပြင် တပ်မတော်နည်းပညာကောလိပ်ဖြစ်စဥ်နှင့်ပတ်သက်၍ ပြည်သူလူထုကြား သတင်းအမှားများ
ပျံ့နှံ့စေခဲ့ သော နောက်ထပ် အကြောင်းအရင်းတစ်ခုမှာ သတင်းရင်းမြစ်ခိုင်လုံစွာမရရှိဘဲ
ဖြစ်စဥ်အကြောင်းကို ဖော်ပြခဲ့သည့် ပြည်ပမီဒီယာများဖြစ်သည်။ ထိုစဥ်က ပြည်ပမီဒီယာများဖြစ်သော
Radio Free Asia နှင့် ဧရာဝတီမဂ္ဂဇင်းတို့ ဖြစ်သည်။ ၂၀၀၂ ခုနှစ် ဇွန်လထုတ် ဧရာဝတီ မဂ္ဂ္ဂဇင်း၏
အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော သတင်းကဏ္ဍတွင် တပ်မတော် နည်းပညာကောလိပ်တွင်
ဖြစ်ပွားခဲ့သော ကျောင်းသားလှုပ်ရှားမှုဖြစ်ရပ်နှင့် ပတ်သက်၍ ဤသို့ဖော်ပြခဲ့သည်။11
Students Sentenced to Death. June 18, 2002—
In response to demonstrations two weeks ago by students at Burma’s “West Point”, the
country’s military regime has allegedly sentenced some students to death for their role in
the protests, according to sources close to students at the college. The protests
occurred at the Military Technology College (MTC) in Maymyo, also known as Pyin Oo
Lwin, in Mandalay Division and were in response to the quality of the school’s food as
well as a recent regulation that reduced the cadet’s rank upon graduation, according to
the Washington DC-based Radio Free Asia (RFA).It remains unclear exactly how many
students have been sentenced to death or what the exact charges are, however, sources
told The Irrawaddy that the number is between three and 10. The sources also said that
an additional 17 students have been sentenced to 20 years in prison and that a total of 72
remain in detention.According to residents of Maymyo, 40 percent of MTC’s 5,000
students have been expelled due to the protests. And that all students have been sent
home as the school remains closed since the protests occurred. MTC is also rumored to
be moving to Ho Pong in southern Shan State as a result of the protests.Students at the
Defense Services Academy (DSA) and the Defense Services Technological Academy
(DSTA), both also located in Maymyo, were prohibited from going out last weekend and
are also reportedly growing dissatisfied with the government’s treatment of the students
at MTC, according to the residents of Maymyo.The source close to the students at MTC
also said that the school’s principal, Col Pho Aung, has come under investigation for not
properly controlling the students. The source noted that it was doubtful that he played
any role in the protests but was being used by the regime as a scapegoat.The DSA was
established in 1955 and is the most prestigious military school in the country. After 1988,
however, the military junta expanded the DSA to include the Defense Services Medical
Academy, the DSTA and the MTC in order to produce more professionals for the military.
ထိုစဥ်က မြန်မာနိုင်ငံသည် တင်းကျပ်သော စစ်အုပ်ချုပ်ရေးအောက်တွင် ရှိနေခဲ့ခြင်းက တစ်ကြောင်း၊
တပ်မတော် နည်းပညာကောလိပ်သည်
ပြင်ပအရပ်ဘက်တက္ကသိုလ်မဟုတ်သည်ကတစ်ကြောင်းတို့ကြောင့် ဖြစ်စဥ်နှင့် ပတ်သက်၍
ကိုယ်တိုင်ပါဝင်ခဲ့သူများ၊ မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသူများထံ ဆက်သွယ်မေးမြန်းနိုင်ဖို့ရာ
များစွာအခက်အခဲ ရှိနေခဲ့ပုံပေါ်သည်။ ထို့ကြောင့် ရနိုင်သမျှ သတင်းအစအနလေးများအပေါ် အခြေခံ၍
သတင်းကို ရေးသားခဲ့ ကြခြင်း ဖြစ်သည်။ အဆိုပါသတင်းကို ကိုးကား၍ E Miller ရေးသားသော
Replacing the Structure သတင်းဆောင်းပါးတွင်လည်း တပ်မတော်နည်းပညာ ကောလိပ်ဖြစ်စဥ်
နှင့်ပတ်သက်၍ ဤသို့ဖော်ပြသွားခဲ့သည်။
In the early part of June, cadets at the Military Technical College, one of the colleges
under the Defense Services Academy (the SPDC’s version of West Point) held protests.
The issues that the cadets were protesting over were not huge ones. A recent policy
change left cadets without the guaranteed rank of 2nd Lieutenant upon graduation, and
there were complaints about the quality of the food at the school. The response from the
higher ranks of the military government was anything but forgiving or laid back.
According to reports from Radio Free Asia and The Irrawaddy magazine the leaders of
this revolt were sentenced to death, another 17 were given 20 years in prison, more than
70 are still in detention and 2000 of the 5,000 students were expelled.12
အထက်ပါသတင်းအရ တပ်မတော်နည်းပညာကောလိပ် ဖြစ်စဥ်သည် ကျောင်းတွင်
အစားအသောက်မကောင်း ခြင်းနှင့် ကျောင်းသားများက ရာထူး တိုးပေးရန် တောင်းဆိုမှုတို့ကြောင့်
ထိုကဲ့သို့ ဆန္ဒပြလှုပ်ရှားမှု ဖြစ်ရသည်ဟု အဓိပ္ပာယ်သက်ရောက်နေသည်ဖြစ်ရာ သက်ဆိုင်ရာ
ကျောင်းသားများ၏ ဂုဏ်သိက္ခာအပေါ် များစွာထိခိုက်စေခဲ့ပါသည်။ အဆိုပါသတင်းကို ဝါရှင်တန်
တက္ကသိုလ်၊ Jackson School of International Studies မှ လက်ထောက် ပါမောက္ခ (Assistant
Professor) Mary P. Callahan ကလည်း ၎င်း၏ Making Enemies: War and State Building
ဟုအမည်ရသော တပ်မတော်အကြောင်း သုတေသနပြုထားသည့် စာအုပ်တွင် ပြန်လည်
ရည်ညွှန်းထားသည်ကို တွေ့ရသည်။13
ထို့အပြင် ကိုရီးယားနိုင်ငံ Inha University တွင် Asian Politics and International Relations ဘာသာရပ်
သင်ကြားပေးနေသော နိုင်ငံရေးသိပ္ပံ ပညာရှင် မောင်အောင်မျိုးက မန္တလေးတက္ကသိုလ်၊
နိုင်ငံတကာဆက်ဆံရေး ပညာဌာနအတွက် ရည်ရွယ်ရေးသားသော Building The Tatmadaw
သုတေသနသုံးသပ်ချက် စာတမ်းတွင်လည်း တပ်မတော်နည်းပညာကောလိပ် အကြောင်းကို
ဤသို့ဖော်ပြခဲ့သည်။
Established on 26 December 2000 in Pyin Oo Lwin, the MCTI was known as the Military
Technological College. The college was renamed as Military Technological Institute on 1
July 2002. The college recruited two intakes of students before being moved to Hopone
on 22 October 2002 due to serious fights between its students and cadets from the
DSTA. All students were sent back home and the institute was closed down for a year.
Meanwhile the institute was reorganized on 28 November 2002 for a fresh start. A new
batch of 500 students was recruited and classes began on 3 February 2003. Then on 8
May 2003, the institute was renamed Military Computer and Technological Institute.14
၎င်း၏အဆိုအရ တပ်မတော်နည်းပညာကောလိပ် ကျောင်းသားများနှင့် တပ်မတော်နည်းပညာတက္ကသိုလ်
ကျောင်းသားများကြား ပြင်းပြင်းထန်ထန် ခိုက်ရန်ဖြစ်ပွားမှုကြောင့် တပ်မတော်နည်းပညာကောလိပ်
ကျောင်းသား များကို ကျောင်းထုတ်ပစ်ပြီး ကျောင်းကိုလည်း ယာယီပိတ်လိုက်ရသည်ဟု ဆိုထား
ပြန်သည်။ သည့်ထက်ပိုဆိုးသည်မှာ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံ (MCTI) ကို တပ်မတော်
နည်းပညာကောလိပ် (MTC) နှင့် အတူတူဟု ဖော်ပြထားခြင်းဖြစ်သည်။ တကယ်တမ်းတွင် ရန်ဖြစ်၍
ကျောင်းပိတ်လိုက်ရခြင်း မဟုတ် သလို အဆိုပါ ကျောင်းနှစ်ခုမှာလည်း သက်ဆိုင်ရာ ကျောင်းခေါ်စာ နှင့်
နာမည်အရကို လုံးဝကွဲပြားခြားနားကြောင်း ထင်ရှားပါသည်။ တပ်မတော် နည်းပညာကောလိပ်သည်
အေဂျီတီအိုင် အဆင့် (၂နှစ်)၊ B.Tech အဆင့် (၂နှစ်)၊ B.E အဆင့် (၁နှစ်) စုစုပေါင်း (၅) နှစ်
တက်ရောက်ရပြီး တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံမှာ ၎င်း၏ခေါ်စာအရ အေဂျီတီအိုင် (၂)
နှစ် သင်တန်းသာ တက်ရောက်ရသည်။
အဆိုပါပညာရှင်များ၏ ဖော်ပြချက်များမှာပင် တစ်ဦးနှင့် တစ်ဦး ကွဲလွဲချက်များရှိနေသည်။
အဆိုပါပညာရှင်များ၏ ဖော်ပြချက်အမှားများ အပြင် အခြားသော ဒီဗွီဘီကဲ့သို့ မီဒီယာကြီးများက
ကျောင်းဖြစ်စဥ်အကြောင်း နောက်ပိုင်းဖော်ပြချက်များတွင်လည်း အထက်ပါကဲ့သို့ မပြည့်စုံမှု၊ လွဲမှားမှု
များစွာကို တွေ့နေရသည်။15 တကယ်တမ်းတွင် တပ်မတော်နည်းပညာ ကောလိပ်ဖြစ်စဥ်သည် ထိုစဥ်က
တပ်မတော်အရာရှိကြီးများ စွပ်စွဲခဲ့သလို နောက်ကွယ်မှ နိုင်ငံရေးအင်အားစုများ
မရှိခဲ့သည့်အတွက်ကြောင့်လည်း မီဒီယာတွင် အကျယ်တဝင့် ဖော်ပြခြင်း မခံခဲ့ရသလို ဖြစ်စဥ်အတွင်း
ထောင်ဒဏ်ကျသွားခဲ့ကြသော ကျောင်းသားခေါင်းဆောင်များအတွက်လည်း မည်သည့်နိုင်ငံတကာ
အဖွဲ့အစည်းများ၏ အကာအကွယ်ပေးမှုကိုမျှ မရရှိခဲ့ကြပေ။ ထို့ကြောင့် ဖြစ်စဥ်နှင့် ပတ်သက် ၍
မီဒီယာများမှ အဖြစ်မှန်ကို ဖော်ပြရန် အခွင့်အလမ်း မသာခဲ့သည့်အတွက်လည်း ထိုသို့မှန်းဆသတင်းများ
ပျံ့နှံ့ခဲ့ ခြင်း ဖြစ်သည်။ ထိုအချိန်က အဖြစ်မှန်ကို သိရှိရန်မှာ အဆိုပါ ပြည်ပသတင်းဌာန မဆိုထားနှင့်၊
ကျောင်းသားများ ကိုတွေ့ရန် ကျောင်းအတွင်းသို့ ရောက်ရှိ နေသော ကျောင်းသားမိဘများ
ကိုယ်တိုင်သည်ပင်လျှင် ကျောင်းထဲ၌ မိမိ သားသမီး မည်သို့ဖြစ်နေသည်ကို သိခွင့်မရခဲ့ကြပေ။
ကျောင်းသားများ မငြိမ်သက်မှု စဖြစ်ဖြစ်ချင်းအချိန်မှာပင် သက်ဆိုင်ရာ တာဝန်ရှိသူများက
ပြင်ဦးလွင်မြို့၏ အဝင်အထွက် အားလုံးကို ပိတ်ဆို့ပစ်လိုက်ကြသလို ဖုန်းလိုင်း အဆက်အသွယ်များပင်
ယာယီဖြတ် တောက်ထား လိုက်ကြသည်။ ထို့အတွက် ကြောင့် အထက်ပါကဲ့သို့ သတင်းမှားများ
ပျံ့နှံ့ခဲ့ရခြင်းမှာလည်း ၎င်းတို့အပြစ်ဟု မဆိုနိုင်ပေ။
အဆိုပါသတင်းမှားများ ပျံ့နှံ့မှု၏ အကျိုးဆက်အနေဖြင့် အဆိုပါ ထောင်ကျကျောင်းသားများသည်
တစ်ဖက်တွင် တပ်မတော်ဘက်က သစ္စာဖောက်ဟု စွပ်စွဲပြစ်ဒဏ်ချခံခဲ့ရသလို တစ်ဖက်တွင်လည်း
ထိုစဥ်က နိုင်ငံရေးအင်အားစု များ၏ မယုံကြည်မှု၊ ရှောင်ဖယ်မှုကို ခံခဲ့ရသည်။
အကျဉ်းထောင်အတွင်းသို့ လာရောက်ကူညီကြသော အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) ၏
အထူးအကျဉ်းသားစာရင်းမှာပင် ထည့်သွင်းခြင်းမခံခဲ့ရသည့်အတွက် ထောင်အတွင်း၌ သာမန်ရာဇဝတ်
အကျဉ်းသားများနှင့် အဆင့်တူ သတ်မှတ်ခြင်းခံခဲ့ရ သည်။ ထို့ကြောင့် အကျဉ်းထောင်အသီးသီးတွင်
ထောင်ကျကျောင်းသားများနှင့် ထောင်အာဏာပိုင်တို့ကြား ပဋိပက္ခများပင် ဖြစ်ခဲ့ကြ သည်။
သာမန်ခိုးဆိုးလုယက် ရာဇဝတ်အကျဉ်းသားများကဲ့သို့ တပ်မတော်နည်းပညာကောလိပ်
ထောင်ကျကျောင်းသားများကို ဆက်ဆံလာ သည့်အခါ ပြန်လည်အာခံမှုများဖြစ်ခဲ့ပြီး
အကျိုးဆက်အနေဖြင့် ညှဉ်းပန်း နှိပ်စက်မှုများပင် ခံခဲ့ရသည်။ ထောင်ကျနေချိန်
ကာလတစ်လျှောက်တွင်လည်း စာဖတ်ခွင့်ရရှိရေး၊ ထမင်းဝဝစားနိုင်ရေးအတွက်လည်း
ဆက်လက်တိုက်ယူခဲ့ရ ပြန်သည်။ ထိုအချိန်က မည်သည့် နိုင်ငံတကာအဖွဲ့ အစည်းများ၏ အကူအညီမှ
မရခဲ့သလို အကာအကွယ်လည်း မရရှိခဲ့ပေ။ အဆိုပါ အကျိုးဆက်များက ယနေ့အချိန်အထိ
တပ်မတော်နည်းပညာကောလိပ် ကျောင်းသားဟောင်းများ အပေါ် သက်ရောက်နေဆဲဖြစ်သည်။
ပြန်လည်ဖြေရှင်းခွင့်မရဘဲ သတင်းမှား များ၏ လွှမ်းမိုးမှုကို ခံခဲ့ရသော တပ်မတော်နည်းပညာကောလိပ်
ကျောင်းသား ဟောင်းများသည် ကျောင်းတွင် ဖြစ်ခဲ့သောဖြစ်ရပ်နှင့် ပတ်သက်၍ ဂုဏ်ငယ် စရာကဲ့သို့
ဖြစ်လာခဲ့သည်။ ကျောင်းတက်စဥ်ကပင် ကြုံတွေ့ခဲ့ရသော မိမိတို့ ကိုယ်ကိုယ် မိမိတို့ မည်သို့
သတ်မှတ်ရမည်မှန်း ရှင်းရှင်းလင်းလင်း မသိရ သည့်အဖြစ်၊ တစ်နည်းအားဖြင့် အမှတ်အသားသရုပ်
အကျပ်အတည်းက နှစ်ပေါင်း (၂၀) ကျော်ဖြတ်ခဲ့ပြီးသည့် ယနေ့အချိန်အထိတိုင် ရင်ဆိုင်ကြုံတွေ့
နေရဆဲ ဖြစ်သည်။ အကြောင်းမှာ တစ်ယောက်ယောက်က ဘယ်ကျောင်းကလဲ မေးလိုက်သဖြင့်
တပ်မတော် နည်းပညာကောလိပ်ကပါ ပြန်ဖြေလိုက်လျှင် “အရာရှိပေးဖို့ ဆန္ဒပြ တောင်းဆိုလို့
ပိတ်လိုက်ရတဲ့ ကျောင်းလား”ဟု ပြန် အမေးခံနေရဆဲ ဖြစ်သည်။ ဖြစ်စဥ်တွင် တက်ကြွသော
အခန်းကဏ္ဍမှ ပါဝင်ခဲ့ သည့် ကျွန်တော်၏ ယခုဆောင်းပါးသည် တပ်မတော်နည်းပညာကောလိပ်
ကျောင်းသားဟောင်းများ ရင်ဆိုင်နေရသော အဆိုပါအမှတ်အသားသရုပ် အကျပ်အတည်း (Identity
Crisis) ကို တစ်စိတ်တစ်ပိုင်း ဖြေရှင်းပေးနိုင်ပြီး ကျောင်းဖြစ်စဥ်သမိုင်းမှန်ကို
မှတ်တမ်းတင်နိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။
အဆုံးမှတ်စုများ
1 မြန်မာ့အလင်းသတင်းစာ၊ ၁၉၉၈။
2 မြန်မာ့အလင်းသတင်းစာ၊ ၂၀၀၃။
3 တပ်မတော်နည်းပညာကောလိပ် လက်ကမ်းစာစောင်၊၂၀၀၀။ (နောက်ဆက်တွဲ ၁)
စာမျက်နှာအရေအတွက်မဖောင်းပွစေရန်နှင့်ပုံနှိပ်ထုတ်ဝေရေးကုန်ကျစရိတ်ကိုလျှော့ ချရန်အတွက်
“တပ်မတော်နည်းပညာကောလိပ်လက်ကမ်းစာစောင်” ကိုဤဆောင်း ပါး၏ အင်္ဂလိပ်ဘာသာပြန်တွင်
ဖော်ပြထားခြင်းမရှိပါ။
4 မြန်မာ့အလင်းသတင်းစာ၊ ၂၀၀၀။
5 မြန်မာ့နိုင်ငံရေးဖြစ်စဉ် ထူးခြားမှု ရက်စွဲမှတ်တမ်းများ၊ ၂၀၀၃။
6 Kyi Kyi Hla, 2001.
7 Maung Aung Myoe, 2009.
8 Ibid.
9 Vice-Senior General Maung Aye, 2003.
10 မြန်မာ့နိုင်ငံရေးဖြစ်စဉ် ထူးခြားမှု ရက်စွဲမှတ်တမ်းများ၊ ၂၀၀၃။
11 Kyaw Swa Moe, 2002.
12 Miller, 2002.
13 Callahan, 2003.
14 Maung Aung Myoe, 2009, p. 144.
15 ဒီမိုကရက်တစ်မြန်မာ့အသံ၊ ၂၀၁၁။
ကိုးကားချက်များ
Dateline of Myanmar Politics 1988-2002. (2003). All Burma Student’s Democratic Front’s
Research Department.
Callahan, M. P. (2003). Making Enemies: War and State Building in Burma. Cornell University
Press.
Engineering students wanted for the Military Technological College. (2000, August 25). The
New Light of Myanmar,p. 4.
Kyaw Zwa Moe. (2002, June 18). Students Sentenced to Death. The Irrawaddy.
http://rebound88.tripod.com/02/jun/19.html
Kyi Kyi Hla. (2001). Valiant Sons of Myanmar. Myanmar Perspectives. https://archive.ph/uuz0F
Maung Aung Myoe. (2009). Building the Tatmadaw: Myanmar Armed Forces since 1948.
ISEAS.
Miller, E. (2002, June). Replacing the Structures. Burma Issues, 12(6).
http://www.burmalibrary.org/docs13/BI2002-06-(V12-06).pdf.
Pamphlet of the Recruitment Advertisement of the Military Technological College. (2000).
Trainees wanted for the Diploma Course at the Defense Services Electrical and Mechanical
Engineering School (AGTI). (1998, October 10). The New Light of Myanmar.
Vice Senior General Maung Aye attends the graduation ceremony of the 1st Intake of Military
Institute of Nursing and Paramedical Science. (2003, December 6). The New Light of Myanmar.
https://web.archive.org/web/20050201025131/http://www.myanmar.gov.mm/NLM-
2003/enlm/Dec06_h1.html
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)၊ (၂၀၁၁၊ ဇူလိုင်)၊ တပ်မတော်နည်းပညာကောလိပ် အရေးအခင်း
(ပ+ဒု) ။ http://burmese.dvb.no/archives/11907