![]()
မူယန်း/မတ် ၁၂
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် စက်သုံးဆီဈေးနှုန်းများ ရုတ်တရက် မြင့်တက်လာပြီး ရောင်းချပေးသည့် ပမာဏကိုလည်း အကန့်အသတ်များ ပြုလုပ်လိုက်ကြောင်း ဒေသတွင်း ယာဉ်မောင်းအချို့က ပြောသည်။
ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့အထိ စက်သုံးဆီ ၁ လီတာလျှင် ၃၁ ဘတ်နှုန်းသာ ရှိခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ၄၁ ဘတ်အထိ မြင့်တက်လာခြင်းဖြစ်သည်။
“အခုက တစ်လီတာကို ၄၁ ဘတ် ဖြစ်သွားပြီ။ ဆိုင်တွေက တစ်ရက်စာ စကေး (Quota) နဲ့ပဲ ရောင်းပေးတယ်။ မြန်မာကားတွေကိုတော့ လုံးဝမရောင်းပေးတော့ပါဘူး၊ မရောင်းတာလည်း ကြာပါပြီ” ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။
ထို့အပြင် မတ်လ ၂ ရက်နေ့မတိုင်မီအထိ ယာဉ်တစ်စီးလျှင် စက်သုံးဆီ ဘတ် ၁,၀၀၀ ဖိုးအထိ ဝယ်ယူခွင့်ရှိသော်လည်း၊ ယခုအခါ ဘတ် ၅၀၀ ဖိုးသာ ရောင်းချပေးတော့ကြောင်း ဒေသခံများထံမှ သိရသည်။
တဖက်တွင်လည်း ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ အရှိန်အဟုန်ဖြင့် မြင့်တက်နေချိန်တွင် ပြည်တွင်းဒီဇယ်ဆီဈေးနှုန်းကို ဈေးကွက်ပေါက်ဈေးထက် လျှော့ချသတ်မှတ်ထားနိုင်ရန် ထိုင်းအစိုးရက ကြိုးပမ်းနေရသည်။
ယင်းလုပ်ဆောင်ချက်ကြောင့် နိုင်ငံတော်စက်သုံးဆီရန်ပုံငွေမှာ တစ်ရက်လျှင် ဘတ် ၁,၀၀၀ သန်း (အမေရိကန်ဒေါ်လာ ၃၂ သန်း) ကျော် ဆုံးရှုံးလျက်ရှိကြောင်း စွမ်းအင်ဝန်ကြီး အတ်ထဖိုလ် ရတ်ဖိဘွန်း (Auttapol Rerkpiboon) က ဗုဒ္ဓဟူးနေ့တွင် MCOT ရုပ်သံလိုင်းသို့ ပြောကြားသည်။
ယင်းအခြေအနေကြောင့် ထိုင်းအစိုးရအနေဖြင့် ပြည်တွင်း၌ စက်သုံးဆီလိုအပ်ချက်ကို ထိန်းညှိနိုင်ရန်အတွက် တင်ပို့မှုများကို ဆိုင်းငံ့ခြင်းနှင့် ဇီဝလောင်စာဆီ ရောစပ်နှုန်း တိုးမြှင့်ခြင်းစသည့် အရေးပေါ် အစီအမံများကို လုပ်ဆောင်လျက်ရှိသည်။
မဲဆောက်မြို့ရှိ စက်သုံးဆီဆိုင်များ၏ ကန့်သတ်ချက်များမှာ နိုင်ငံတစ်ဝန်း ဆီဈေးနှုန်းတည်ငြိမ်စေရန်အတွက် အစိုးရ၏ မူဝါဒနှင့် ဆက်စပ်နေနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
