![]()
မူယန်း/မတ် ၁၂
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် တာဝန်ကျနေသော တပ်ဖွဲ့ဝင်အချို့က ခရီးသွားလူငယ်များကို ကြိမ်လုံးဖြင့် ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ CDF-Hakha က တရားဝင်တောင်းပန်ကြောင်းနှင့် ကာယကံရှင်များအား တွေ့ဆုံကာ ပြေလည်မှုရယူခဲ့ကြောင်း ယနေ့ အသိပေးသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က ဖြစ်ပွားခဲ့သော အဆိုပါဖြစ်စဉ်တွင် ဂိတ်စောင့်တပ်ဖွဲ့ဝင်အချို့သည် ခရီးသွားလူငယ် ၁၃ ဦးကို (၂) ကြိမ်စီနှင့် အခြားလူငယ် ၃ ဦးကို (၁) ကြိမ်စီ အသီးသီး ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။
CDF-Hakha ဘက်မှ ၎င်းတို့၏ တပ်ဖွဲ့ဝင်များ၏ လုပ်ရပ်သည် စည်းကမ်းမဲ့ဖြစ်ကြောင်း ဝန်ခံထားပြီး “အမှားကို ဝန်ခံကြောင်းနှင့် စိတ်ထိခိုက်စေမိသည့်အတွက် ခွင့်လွှတ်ပေးပါရန်” ကာယကံရှင် လူငယ်များထံ တောင်းပန်ခဲ့သည်။
အဆိုပါ ရိုက်နှက်ခံခဲ့ရသည့် လူငယ်များဘက်မှလည်း ယခုကဲ့သို့ ဖြစ်ရပ်မျိုးအပေါ် စိတ်မကောင်းဖြစ်ရသော်လည်း၊ နောင်တွင် အလားတူဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရန်အတွက် သတိပေးချက်အဖြစ် မှတ်ယူကာ အပြန်အလှန် လက်ဆွဲနှုတ်ဆက်ပြီးနောက် ပြေလည်မှုရယူခဲ့ကြကြောင်း သိရသည်။
CDF-Hakha အနေဖြင့် မိမိတို့အဖွဲ့အစည်းသည် ပြည်သူလူထု၏ ထောက်ခံမှုဖြင့်သာ ရပ်တည်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူ့အကျိုးကို ရှေးရှုပြီး လိုက်နာရမည့် စည်းကမ်းချက်များကို တိကျစွာ ချမှတ်ထားကြောင်း ဖော်ပြထားသည်။ အဖွဲ့ဝင်များ၏ စည်းကမ်းမဲ့ လုပ်ရပ်များနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် ရဲဝံ့စွာ အကြံပြုထောက်ပြပေးကြရန်လည်း CDF-Hakha က မေတ္တာရပ်ခံထားသည်။
Photo- CDF-Hakha
