![]()
သံလွင်ခက်/ မတ် ၁၂
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ အရေးပါသော ဝင်းဝတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တစ်လကျော်ကြာ တိုက်ခိုက်ပြီးနောက် မတ်လ ၁၁ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ကစယ်ဒိုမြို့နယ် (သရက်ချောင်းနယ်မြေ)၊ ထားဝယ်-မြိတ် အမှတ် (၈) လမ်းမကြီးပေါ်ရှိ မင်းဒပ်ကျေးရွာတွင် နှစ်ပေါင်း ၃၀ ကျော်ကြာ အခြေချတပ်စွဲထားသည့် အဆိုပါ ဝင်းဝတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဗျူဟာအမှတ် (၂) ၏ ဦးဆောင်မှုဖြင့် မတ်လ ၁၁ ရက် ညနေ ၄ နာရီအချိန်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ကတည်းက စတင်ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး တစ်လကျော်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းစစ်ဆင်ရေးတွင် K.N.L.A တပ်မဟာ (၄)၊ တပ်ရင်း (၁၂)၊ တပ်မဟာ (၆)၊ တပ်ရင်း (၂၇)၊ တပ်မဟာ (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့၊ ဗျူဟာ (၃၃) လက်အောက်ခံ T(5) တပ်ရင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စုပေါင်းပါဝင်ခဲ့ကြသည်။
မြိတ်-ထားဝယ်ခရိုင် ကေအဲန်ယူက ယခုစစ်ဆင်ရေးတွင် ရဲရဲဝံ့ဝံ့ ပါဝင်ဆင်နွှဲခဲ့ကြသည့် အရာရှိ၊ စစ်သည်များနှင့် မဟာမိတ်အဖွဲ့များကို အသိအမှတ်ပြု ဂုဏ်ပြုကြောင်း ထုတ်ပြန်ထားသည်။ ထို့အပြင် တိုက်ပွဲအတွင်း အသက်ပေးဆပ်ခဲ့ရသည့် သူရဲကောင်းများနှင့် ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးပေးခဲ့ကြသော ပြည်သူလူထုတစ်ရပ်လုံးကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း မြိတ်-ထားဝယ်ခရိုင် (တပ်မဟာ ၄ နယ်မြေ) ၌ K.N.L.A၊ K.N.D.O ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကော်မရှင် တပ်များအကြား တိုက်ပွဲပေါင်း ၅၅ ကြိမ် ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲများအတွင်း စစ်ကော်မရှင် ဘက်မှ ၁၇၃ ဦး သေဆုံးကာ ၈၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ၏ မှတ်တမ်းများအရ သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့်နှစ်အတွင်း ထီးထာ၊ မယ်သမီခီး၊ အီးသာခေး၊ မောတောင်နှင့် မောမစား စသည့် အရေးပါသော တပ်စခန်းများကိုလည်း သိမ်းပိုက်ရရှိထားပြီး ဖြစ်သည်။
#တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ #တိုက်ခိုက်သိမ်းပိုက် #ဝင်းဝတပ်စခန် #KNLA #ThanLwinKhetNews
