မြင်းမူ၊ လက်ထုတ္တောကျေးရွာဒေသခံများအပါအဝင် လူ ၁,၀၀၀ ကျော် ထွက်ပြေးနေရ
****
စကားမောင်
မေ ၁၄ ၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သား ၃၂ ဦးကို အစု လိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ပြီးနောက် ဒေသခံများအနေဖြင့် ကြောက်ရွံ့စိုးရိမ်နေရပြီး မိမိတို့နေအိမ်များက စွန့်ခွာ ထွက်ပြေးနေကြရသည်ဟု ဒေသခံများထံက သိရသည်။
မေလ ၁၁ ရက်၊ နံနက် ၅ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ထုတ္တောရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပိတ်ဆို့ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ နေအိမ်များကိုလည်း မီးရှို့ ခဲ့သည်ဟု သိရသည်။
“ စစ်အုပ်စုလက်အောက်ခံတပ်ဖွဲ့၏ ခြေမြန်တပ်မဌာနချုပ် ၃၃ ၏ အမှတ် ၁၃ ခြေမြန်တပ်ရင်း၊ အမှတ် ၉၀၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် ၉၂၉ ထောက်ပံ့နှင့် ဆက်သွယ်ရေးတပ်ရင်းအပြင် စစ်မှုထမ်းဟောင်း များဖြင့်ဖွဲ့စည်းထားသော ပျူစောထီးစုပေါင်းတပ်များ ပါဝင်ကျူးလွန်ခဲ့ခြင်းဖြစ်သည်”ဟု အမျိုးသားညီညွတ်ရေး အစိုးရ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“လတ်တလောကတော့ တစ်ရွာလုံးမီးအရှို့ခံလိုက်ရတော့ ရွာထဲမှာနေမရတော့ဘူးဗျ။ နီးစပ်ရာရွာတွေ၊ အမျိုးတွေ ရှိတဲ့ရွာတွေ၊ အနီးနားတောတွေမှာပဲ နေနေရပါတယ်”ဟု မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ကပြောသည်။
မုံရွာ – မန္တလေးလမ်းမ၊ မြောင် – မြင်းမူလမ်းပိုင်း၊ မြောက်ကျောင်းနှင့် နတ်ရေကန်က စစ်ကောင်စီတပ်သားများ စုပေါင်း၍ လက်ထုတ္တောရွာကို ဝင်ရောင်စီးနင်းကျူးလွန်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် လက်ထုတ္တောနှင့် အနီးဝန်းကျင် ရှိ ကျေးရွာ ၃ ရွာက ဒေသခံ ၁,၀၀၀ နီးပါး စစ်ရှောင်နေရသည်ဟု ရွာခံအမျိုးသား ၁ ဦးက ပြောသည်။
၎င်းက “လက်ရှိအခြေနေကတော့ စစ်ရှောင်နေရပြီး တောတွေထဲမှာပဲ နီးစပ်ရာမှာ ကပ်ပြီး ခိုနေရတာပဲ။ စစ်ရှောင် အင်အားမနည်းဘူးဗျ။ ခုလောလောဆယ်ဆိုရင် ကျွန်တော်တို့ လက်ထုတ္တောရွာတင်မကဘူး။ ဦးနှောက်ကုန်းတို့၊ သရက်ကန်တို့ပါပါတယ် ”ဟု ဆိုသည်။
ယင်းအပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာဒေသခံ ၂၅ ဦးကို ရွာအနီး လမ်းမပေါ်ထိ ဓားစားခံများအဖြစ် ဖမ်းဆီးသွားခဲ့ပြီး ရိုက်နှက်ကာပြန်လွှတ်ပေးခဲ့သည်ဟုလည်း ဆိုသည်။
“သူတို့ ၅ နာရီထိုးလောက်ကနေစပြီး လက်နက်ကြီးနဲ့ ထုပြီးဝင်လာတယ်။ ရွာထဲကို လက်နက်ကြီးကို အလုံး လေးငါးဆယ်လောက် ပစ်တယ်။ ဝင်လာပြီးတော့ တောက်လျှောက်တန်းရှို့တာပဲ။ မနှစ်တုန်းက ၁ ကြိမ် ရှို့ထား ပြီးတော့ အခုပြန်ထပ်ရှို့တာ။ ကုန်ပြီ ဘာမှမကျန်တော့ဘူး” ဟု၎င်းကပြောသည်။
စစ်ကောင်စီတပ်သည် လက်ထုတ္တောရွာကို ယမန်နှစ် မေလတွင်လည်း မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေ ၆၀၀ကျော် ပျက်စီးကာ လူသေဆုံးမှုလည်းရှိခဲ့သည်။
“အခုဖြစ်သွားတဲ့ ၃ ရက်မှာ ဒီကောင်တွေက လူမဆန်စွာကို ရက်ရက်စက်စက် အုပ်စုလိုက်ကိုသတ်သွားတာ။ ဖြစ်စေချင်တာတော့ နိုင်ငံတကာကို သိအောင်ချပြစေချင်တယ်။ နိုင်ငံတကာကနေပြီးတော့လည်း သူတို့ကို ဥပဒေ အရလည်း အရေးယူစေချင်တယ်ဗျ”ဟု ရွာခံအမျိုးသားကဆက်လက်ပြောဆိုသည်။
ယင်းနေ့တွင်ပင် လက်ထုတ္တောရွာတွင်သာမက လက်ထုတ္တောရွာနှင့် ၁၁ မိုင်ခန့်ကွာဝေးသည့် နေရာ ၃ နေရာတွင် လည်း မီးလောင်ခဲ့သည်ကို နာဆာဂြိုဟ်တုက ဖမ်းယူထားသော ပုံရိပ်များအရတွေ့ရသည်။
အဆိုပါဝင်ရောက်စီးနင်းမှုတွင် စစ်ကောင်စီတပ်က အမျိုးသား ၂၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ကာ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့သည်။ ထိခိုက်ဒဏ်ရာရသည့် ပြည်သူ ၁၇ ဦးအား ဆေးရုံသို့ပို့ဆောင်စဉ် လမ်းတွင်ပင် ၁ ဦး ထပ်မံသေဆုံးခဲ့သဖြင့် စုစုပေါင်း သေဆုံးသူ ၃၂ ဦးအထိ ရှိပြီဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။
“အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ တပ်ဖွဲ့သည် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ် မှုများ ကို စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လျက်ရှိပြီး အရပ်သားများကိုပစ်မှတ်ထား တိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်လျက်ရှိရာ ထိုသို့ ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် ယုတ်မာရက်စက်သည့် ကျူးလွန်မှုများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာရှုတ်ချသည်” ဟုလည်း NUG ကထုတ်ပြန်ထားသည်။
Photo – Credit