![]()
သံလွင်ခက်/မတ် ၁၂
အစ္စရေးနိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုများကို ပြင်းထန်စွာ ဝေဖန်နေသည့် စပိန်နိုင်ငံသည် ဂါဇာဒေသအတွင်း ဖြစ်ပွားနေသော လူမျိုးတုန်းသတ်ဖြတ်မှုနှင့် အီရန်နိုင်ငံအပေါ် စစ်ဆင်နွှဲမှုများကို ကန့်ကွက်သည့်အနေဖြင့် အစ္စရေးနိုင်ငံဆိုင်ရာ ၎င်းတို့၏ သံအမတ်ကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း တရားဝင် ကြေညာခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နိုင်ငံအပေါ် စစ်ဆင်နွှဲမှုများနှင့် ဂါဇာဒေသအတွင်း ဖြစ်ပွားနေသည့် လူမျိုးတုန်းသတ်ဖြတ်မှုဟု ယူဆရသော စစ်ဆင်ရေးများကို စပိန်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်သည့်အနေဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ချက်ချလိုက်ခြင်း ဖြစ်သည်။
မတ်လ ၁၀ ရက်နေ့က ကျင်းပသည့် ဝန်ကြီးများကောင်စီ၏ ဆုံးဖြတ်ချက်အရ အစ္စရေးနိုင်ငံဆိုင်ရာ စပိန်သံအမတ် မစ္စအာနာ မာရီယာ ဆာလိုမွန် ပီရက်ဇ် (Ana María Sálomon Pérez) ၏ တာဝန်ကို ရပ်စဲလိုက်ကြောင်း နိုင်ငံတော် ဂေဇက်တွင် ဖော်ပြထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ စပိန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းရင်းမြစ်တစ်ခုက “တယ်အဗစ်မြို့ရှိ စပိန်သံရုံးကို ‘သံရုံးယာယီတာဝန်ခံ’ (Charge d’affaires) က ဦးဆောင်သွားမည်ဖြစ်ကြောင်း” ရိုက်တာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။
စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်သည် ဥရောပတွင် အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ် တိုက်ခိုက်မှုကို “မျှတမှုမရှိ” ဟု ထုတ်ဖော်ဝေဖန်သည့် လက်ဝဲယိမ်း ခေါင်းဆောင်အနည်းစုတွင် တစ်ဦးအပါအဝင် ဖြစ်သည်။
၎င်းက “စစ်ပွဲကို လက်မခံ” ဟူသော စပိန်နိုင်ငံ၏ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ပြသခဲ့သည်။
စပိန်အစိုးရသည် ဂါဇာဒေသအတွင်း အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများကို အစဉ်တစိုက် ဝေဖန်ခဲ့သည့် ဥရောပနိုင်ငံအနည်းစုထဲတွင် ပါဝင်သည်။
ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာလက စပိန်လွှတ်တော်သည် အစ္စရေးအပေါ် လက်နက်ရောင်းချမှု၊ နှစ်မျိုးသုံးနည်းပညာနှင့် စစ်ရေးသုံးပစ္စည်းများ ရောင်းချမှုကို အပြီးအပိုင် ပိတ်ပင်သည့် လက်နက်တင်ပို့မှု ပိတ်ဆို့ရေးဥပဒေကို အတည်ပြုပြဋ္ဌာန်းထားသည်။
ပုံစာ – စပိန်ခေါင်းဆောင် ပီဒရိုဆန်းချက်ဇ် နှင့် နေတန်ယာဟု
ပုံ – Global News
