နောင်ချိုတွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ
****
ယမင်းဖူးပွင့်အောင်
မေ ၁၄၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ၂ ဦး သေဆုံးကာ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် မေလ ၁၀ ရက် ည ၈ နာရီခန့်တွင် အုမ္မသီးကျေးရွာရှိ စစ်ကောက်စီတပ်မ ၃၃ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၁၁၁ က နောင်ချိူမြို့နယ် သုံးဆယ်ကျေးရွာကို လက်နက်ကြီးဖြင့် ၄ လုံး ထက် မနည်း ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါပစ်ခတ်မှုကြောင့် ဦးစံရွှေ၏နေအိမ်ပေါ်သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်၌ရှိနေသူ ၆ ဦးအနက် ၂ ဦးသေဆုံးကာ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA ကထုတ်ပြန်သည်။
သေဆုံးသူ ၂ ဦးသည် ဦးစံရွှေ(အိမ်ထောင်ဦးစီး) အသက် ၆၂ နှစ်၊ မဝင်းဝင်းပြုံး အသက် ၂၄ နှစ်တို့ဖြစ်ပြီး၊ ဒဏ်ရာရရှိခဲ့သူများမှာ ဦးစံရွှေ၏သမီးဖြစ်သူ မဆွေဆွေဝင်း အသက် ၂၁ နှစ်၊ ညီဖြစ်သူ ဦးလွန်ကြည့် အသက် ၆၀ နှစ်၊ သမက်ဖြစ်သူ မောင်အေးချမ်းနှင့်မောင်မြင့်ဇော်ဦး တို့ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဒဏ်ရာရရှိသူ ၄ ဦးကို ပြင်ဦးလွင်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူ ၂ ဦးကို ကျေးရွာပြည်သူများက မီးသင်္ဂြိုဟ်ပေးခဲ့သည်ဟု TNLA ကဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်ကလည်း နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာကို စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံးပျက်စီးကာ အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ – TNLA
****
Telegram – > https://t.me/ThanLwinKhetNews/4594
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=9971