![]()
နန်းဆုပန်ခန့်
“သူတို့ (စစ်အုပ်စု) အတွက်တော့ အမြဲဆုတောင်းပေးပါတယ်။ သူတို့မှာ အသိတရားရဖို့၊ အမှန်တရားကို သူတို့သိဖို့အတွက်ပေါ့။ သိတယ်ဆိုရင် ဒါကို (လူစုလူဝေးရှိတဲ့ ပြည်သူ့နေရာတွေ၊ အဆောက်အအုံတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ) သူတို့ ရပ်ဆိုင်းသွားမှာပဲလေ။ ဆိုတော့ သူတို့အတွက်ကတော့ ဘုရားဆီမှာ သူတို့ အမှန်တရားရဖို့ အမြဲဆုတောင်းပေးတယ်”သောင်ရင်းမြစ်ဘေးရှိ ကရင်စစ်ဘေးရှောင်စခန်း တစ်နေရာတွင် နေထိုင်သည့် အသက် ၆၀ ကျော်အရွယ် အမိုးနော်အယ်ခု (အမည်လွှဲ) က အိမ်ရှေ့တွင်ထိုင်ရင်း သူ၏ဆုတောင်းသံကို ဖွင့်ဟပြောပြသည်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ခိုလှုံရာ ငြိမ်းချမ်းရေးမြို့တော် လေးကေ့ကော်ကို စစ်အုပ်စုတပ်က ဝင်ရောက်စီးနင်းခဲ့သည်။ ထို့နောက် ၂၀၂၃ ခုနှစ်၊ ဧပြီလနှောင်းပိုင်းတွင် တိုက်ပွဲများ ငြိမ်သက်သွားသဖြင့် ဒေသခံအချို့ ပြန်လည်နေထိုင်ခဲ့ကြသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် လေးကေ့ကော်မြို့အနီးရှိ စွယ်တော်ကုန်း အမြောက်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်ပြီးနောက်တွင် ဒေသခံအားလုံးနီးပါး ပြန်လည်အခြေချ နေထိုင်ခဲ့ကြသည်။
သို့သော်လည်း တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် စစ်တပ်စခန်းများဖြစ်သော ခြေမြန်တပ်ရင်း ခမရ (၃၅၅)၊ (၃၅၆) နှင့် (၃၅၇) ဗဟိုကုန်းတို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ရန် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်တွင် လေးကေ့ကော်မြို့ကို တဖန်ပြန်လည် ထိုးစစ်ဆင်ခဲ့သည်။
ထို့ကြောင့် လေးကေ့ကော်ဒေသခံများမှာ ဒုတိယအကြိမ် စစ်ဘေးရှောင်ဘဝသို့ ရောက်ရှိခဲ့ရပြန်သည်။
တဖန်ပြန်လည် စစ်ရှောင်ရသူများအတွက် အိမ်ပြန်ပြီး မိသားစုနှင့်အတူ ခရစ္စမတ်ပွဲတော် ကျင်းပချင်သည့် မျှော်လင့်ချက်မှာ မပြည့်စုံနိုင်သေးသော်လည်း ယေရှုခရစ်တော် မွေးဖွားသည့်နေ့ကို စစ်ရှောင်စခန်းထဲ၌ပင် အကောင်းဆုံး ကြိုဆိုရန် ပြင်ဆင်ခဲ့ကြရသည်။
“ဒီနှစ်ခရစ္စမတ်ကျတော့ ဒီဘက်စစ်ရှောင်ကို ရောက်လာတဲ့အခါကျတော့ ဒီမှာရှိတဲ့ မိသားစုလေးနဲ့ပေါ့။ နောက်ပြီးတော့ သူတို့စစ်ရှောင်လာရတာကလည်း စိတ်ပင်ပန်းတယ်၊ လူပင်ပန်းတယ်၊ စိတ်ဓာတ်ကျရတာတွေ ရှိတယ်။ ခရစ်တော်မွေးဖွားတဲ့ ဒီကာလမှာ ခရစ်ယာန်သီချင်းထဲမှာလည်း ‘လောကဝမ်းမြောက် ဘုရားကြွလာ’ ဆိုပြီး ပါတယ်။ လောကသူ၊ လောကသားတွေ ပျော်ရွှင်ချမ်းမြေ့ဖို့ ဒီမှာရှိတဲ့ စစ်ရှောင်တွေကိုလည်း ပျော်ရွှင်စေချင်တယ်ပေါ့။ အဲဒီလိုမျိုး ပျော်ရွှင်စေချင်တဲ့အတွက် ဒီခရစ္စမတ်ကိုတော့ သူတို့ စိတ်အပန်းဖြေအောင်၊ သူတို့ စိတ်ဖိစီးမှုတွေ နည်းသွားအောင် လုပ်ပေးဖို့တော့ မျှော်လင့်တာပေါ့” ဟု စစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလဆိုလျှင် အဆိုပါစစ်ရှောင်စခန်းရှိ ခရစ်ယာန်ဘာသာဝင်များသည် နှစ်စဉ် ဆုတောင်းမပြည့်ဘဲ ခရစ္စမတ်ပွဲတော်ကို ဖြတ်သန်းနေရသည်မှာ ၅ နှစ် တင်းတင်း ရှိခဲ့ပြီဖြစ်သည်။
ခရစ်ယာန်ဘာသာဝင်များသည် ခရစ္စမတ်နေ့ကို ခရစ်တော်မွေးဖွားသည့်နေ့အဖြစ် ယုံကြည်သက်ဝင်ကြပြီး ထိုနေ့တွင် မိသားစုဝင်များ သို့မဟုတ် ကိုယ့်မြို့ကိုယ့်ရွာရှိ ဘုရားကျောင်း၌သာ ဘုရားဝတ်ပြု ဆုတောင်းလေ့ရှိကြသည်။ သို့သော် လေးကေ့ကော်ဒေသခံ ခရစ်ယာန်ဘာသာဝင်များအတွက်မူ နေရပ်ဇာတိကို မပြန်နိုင်ဘဲ စစ်ဘေးရှောင်ရင်း ခရစ္စမတ်ကို ဖြတ်သန်းရသည်မှာ ၅ နှစ် ရှိပြီဖြစ်သည်။
“နည်းနည်း အခြေအနေကောင်းသွားတုန်းက ကိုယ့်အောက်ပြည်အောက်ရွာမှာရှိတဲ့ မိသားစုဆီလည်း ပြန်ချင်တယ်။ ပြန်ပြီးတော့ ကိုယ့်မြို့ရွာမှာ ကိုယ်ကောင်းကောင်းလေး ခရစ္စမတ်ကို ပျော်ပျော်ရွှင်ရွှင်ပေါ့၊ ခါတိုင်းလိုပဲ ဘုရားကျောင်းမှာ လုပ်မယ်လို့တော့ မျှော်မှန်းထားတယ်။ စိတ်ကူးလည်း ယဉ်တယ်ပေါ့နော်။ ၄ နှစ်လုံးလုံး ခရစ္စမတ်ကို ကိုယ့်မြို့ကိုယ့်ရွာမှာ မလုပ်ရတဲ့အခါကျတော့ ကြီးကြီးကျယ်ကျယ်လည်း လုပ်မယ်ပေါ့နော်။ အဲဒီလိုမျိုး မျှော်မှန်းထားတယ်” ဟု လေးကေ့ကော်ဒေသခံ စစ်ရှောင်အမျိုးသမီးတစ်ဦးက ရင်ဖွင့်သည်။

လေးကေ့ကော်ဒေသခံများ၏ ဒုတိယအကြိမ် စစ်ရှောင်ရမှုတွင် မူလဒေသခံများနှင့် အခြားကျေးရွာသားများအပြင် ငြိမ်းချမ်းပြီဟုထင်၍ လေးကေ့ကော်မြို့ရှိ ဆွေမျိုးသားသမီးများထံ လာရောက်နေထိုင်သည့် မိဘဆွေမျိုးများ၊ ရပ်ဝေးမှ နေ့စားအလုပ်လာလုပ်သည့် အလုပ်သမားများပါ ပါဝင်နေသည်။
ထို့ကြောင့် ယခုတစ်ခေါက် စစ်ဘေးရှောင်အရေအတွက်သည် ယခင်ကထက် လူဦးရေ နှစ်ဆခန့် တိုးမြင့်လာသည်။
သောင်ရင်းမြစ်ဘေးရှိ စစ်ရှောင်စခန်းတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက”အခုတစ်ခေါက် စစ်ရှောင်ရတာ လူဦးရေ များလာတယ်။ နောက်ပြီး ကျွန်တော်တို့က ခရစ္စမတ်လုပ်မယ်လို့ တွေးထားတော့ ကိုယ့်မြို့ကိုယ့်ရွာသားတွေချည်းပဲ မဟုတ်ဘဲ နေရာစုံလူစုံဆိုတော့ ခရစ္စမတ်မှာ လူများမယ်။ အဲဒီအပေါ်မှာ စစ်အုပ်စုတပ်ဘက်က ဗုံးလာကြဲမှာတို့ လက်နက်ကြီးနဲ့ လှမ်းပစ်မှာတို့ အဲဒီလိုမျိုး လုပ်မှာလည်း ကြောက်ရတယ်ပေါ့”ဟု ပြောသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်သည် စစ်ရှောင်စခန်းများ၊ လူနေအိမ်များအပြင် စာသင်ကျောင်း၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း စသည့် ဘာသာရေးအဆောက်အအုံများကိုပါမကျန် ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိသဖြင့် စစ်ရှောင်စခန်းမှ ပြည်သူများ စိုးရိမ်ကြောက်လန့်နေကြခြင်း ဖြစ်သည်။

သို့သော်လည်း စစ်ရှောင်စခန်းတွင် နေထိုင်သည့် ခရစ်ယာန်ဘာသာဝင် အသက်ကြီးပိုင်း အဖွားတစ်ဦးက “ဒါဟာ ဘုရားအစီအမံတစ်ခုပါပဲ။ ဖြစ်ရင်လည်း အများနဲ့ပဲဆိုတော့ အရာရာအားလုံးကို ဘုရားသခင်ထံ ပုံအပ်ထားပါတယ်” ဟု သူ့ရှေ့တွင် ကစားနေကြသော ကလေးငယ်များကို ငေးကြည့်ရင်း ဆိုသည်။
လေးကေ့ကော်ဒေသခံ စစ်ဘေးရှောင်များအတွက်မှာမူ ကြောက်ရွံ့ခြင်းကင်းကင်းနှင့် ခရစ္စမတ်ကို ပျော်ရွှင်မှုအပြည့် ကျင်းပနိုင်ရန် မျှော်လင့်ခဲ့ကြသော်လည်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြားဝယ် မှိန်ဝါးဝါး မီးရောင်လေးများအောက်တွင်သာ စစ်ရှောင်ရင်း ခရစ္စမတ်ကို ဖြတ်သန်းခဲ့ကြရသည်။
ဓါတ်ပုံ – ကိုဏီတာ(သံလွင်ခက်)
